အီဘိုလာ ရောဂါကို ထိန်းချုပ်နိုင်ရေးအတွက် တစ်နိုင်ငံလုံး (၄)ရက်ကြာ နေအိမ်အပြင် မထွက်ရန် ကြေညာချက် တစ်ရပ်ကို ဆီအာရာလီယွန် အစိုးရက ထုတ်ပြန်ခဲ့ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ (၁၈)မှ (၂၁)ရက်ထိ သတ်မှတ်ထားသော (၄)ရက်တာ ကာလအတွင်း နိုင်ငံသား အားလုံးကို နေအိမ်များအတွင်းမှ ပေးမထွက်ဘဲ တားမြစ်ထားမည်ဟု ဆိုသည်။ အဆိုပါ လုပ်ဆောင်မှုသည် အီဘိုလာရောဂါ ကူးစက်မှု အရှိန်အဟုန်ကို အဟန့်အတား ဖြစ်သွားစေမည်ဟု အစိုးရက ယူဆထားသည်။
ဆီအာရာလီယွန်သည် အနောက်အာဖရိကတွင် အီဘိုလာရောဂါ ကူးစက်မှုဒဏ်ကို အဆိုးရွားဆုံး တွေ့ကြုံခံစားနေရသည့် နိုင်ငံတစ်ခုလည်း ဖြစ်သည်။ (၄)ရက်ကြာ ပိတ်ပင်ထားသော နေ့ရက်အတွင်း ကျန်းမာရေး လုပ်သားများသည် ရောဂါကူးစက်နေသည်ဟု ယူဆရသည့် သံသယ လူနာများကို ရှာဖွေပြီး သီးခြားခွဲထုတ်ရန် လုပ်ဆောင်သွားမည် ဖြစ်သည်။
အီဘိုလာ ရောဂါသည် အနောက်အာဖရိကကို အကြီးအကျယ် ခြိမ်းခြောက်နေပြီး ဆီအာရာလီယွန်၊ လိုက်ဘေးရီးယား၊ ဂီနီရာနှင့် နိုက်ဂျီးရီးယားတို့တွင် လူပေါင်း(၂၁၀၀)ကျော် သေဆုံးခဲ့ပြီး ဖြစ်သည်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက လက်ရှိ စမ်းသပ်မှုများ ပြီးမြောက်ချိန်တွင် အီဘိုလာ ရောဂါ ကာကွယ်ဆေး တစ်မျိုးကို နိုဝင်ဘာလမှစပြီး ကျန်းမာရေး ဝန်ထမ်းများအတွက် ထိုးနှံပေးနိုင်ရန် မျှော်လင့်ထားကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။
_BBC
No comments:
Post a Comment