Thursday, June 19, 2014

သမ္မတ၏ အကြံပေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်း

သမ္မတ၏ အကြံပေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်း
*****************************
 
ဓာတ်ပုံ- သမ္မတရုံး
နိုင်ငံတော်သမ္မတ၏ အကြံပေးအဖွဲ့များ တိုးချဲ့ဖွဲ့စည်းထားကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့က ဇွန်လ ၁၈ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။
သမ္မတ၏ အကြံပေးအဖွဲ့အဖြစ်ယခင်က နိုင်ငံရေး၊စီးပွားရေး၊ဥပဒေအဖွဲ့သုံးဖွဲ့ထားရှိရာမှယခုအမိန့်စာအရ အကြံပေးအဖွဲ့သုံးဖွဲ့ ထပ်မံ တိုးချဲ့ခန့်အပ်လိုက်ခြင်းဖြစ်သည်။ ထပ်မံတိုးချဲ့ဖွဲ့စည်းခန့် အပ်လိုက်သော အဖွဲ့များမှာ သာသနာရေးအကြံပေးအဖွဲ့၊ ကျန်းမာရေးအကြံပေးအဖွဲ့၊ပညာရေးအကြံပေးအဖွဲ့တို့ဖြစ်သည်။
သာသနာရေးအကြံပေးအဖွဲ့တွင် ယခင်သာသနာရေးပြည်ထောင်စုဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့သူ သူရဦးမြင့်မောင်အား အဖွဲ့ခေါင်းဆောင်အဖြစ် လည်းကောင်း၊ အငြိမ်းစားသံအမတ်ကြီးတစ်ဦးဖြစ်ပြီး လက်ရှိတွင် ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေသော ဦးစိန်ဝင်း အောင်အား အဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ပေးခန့်အပ်ထားသည်။
ထို့အပြင်ကျန်းမာရေးအကြံပေးအဖွဲ့တွင်အငြိမ်းစားဆေးရုံအုပ်ကြီး ဒေါက်တာဒေါ်နုနုသာအားခန့်အပ်သည်။ပညာရေးအကြံပေးအဖွဲ့တွင်ယူနီဆက်မှအငြိမ်းစားဝန်ထမ်းဖြစ်သူ ဒေါက်တာဒေါ်ရင်ရင်နွယ်အား အဖွဲ့ခေါင်းဆောင်အဖြစ်လည်းကောင်း၊သမ္မတ၏အမျိုးသားစီးပွားရေးနှင့်လူမှုရေးအကြံ ပေးကောင်စီအဖွဲ့ဝင်ဖြစ်သူ ဒေါက်တာကျော်ရင်လှိုင်အား အဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ပေးခန့်အပ်ခဲ့သည်။
မူလက ဖွဲ့စည်းထားပြီးဖြစ်သော စီးပွားရေးအကြံပေးအဖွဲ့တွင် အငြိမ်းစားညွှန်ကြားရေးမှူးချုပ်ဖြစ်သူ ဦးတင်ထွဋ်ဦးကို အဖွဲ့ဝင်အဖြစ် ထည့်သွင်းခန့် အပ်ထားသည်။
သမ္မတသက်တမ်းသုံးနှစ်နှင့် တစ်လကျော်တာဝန်ထမ်းဆောင်ခဲ့ပြီးဖြစ်သော သမ္မတဦးသိန်းစိန်တွင် အထက်ပါအကြံပေးအဖွဲ့များအပြင် သမ္မတ၏အမျိုးသားစီးပွားရေး၊လူမှုရေးအကြံပေးကောင်စီလည်းရှိသည်။
 7 Day

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ