Monday, June 16, 2014

အချိန်ကိုကောင်းစွာစီမံခန့်ခွဲနိုင်ပါစေ

အချိန်ကိုကောင်းစွာစီမံခန့်ခွဲနိုင်ပါစေ

  အချိန်ကိုစီမံခန့်ခွဲနိုင်သူသည် ဆုကြီးတစ်ဆုကို အကောင်းဆုံးပိုင်ဆိုင်နိုင်သူဖြစ်ပါလိမ့်မည်။ ထိုဆု မှာ အရာရာကိုအောင်မြင်နိုင်သူဆိုသည့်ဆုပင်ဖြစ်ပါသည်။ တစ်နေ့လျှင် (၂၄)နာရီဟုသောအချိန်ကို လော ကရှိလူ တိုင်း ပိုင်ဆိုင်ကြပါသည်။ အချိန်ကို အကောင်းဆုံးစီမံခန့် ခွဲ တတ်သူသည် အကောင်းဆုံးပန်းတိုင်ကို ရောက် ရှိနိုင်သော်လည်း အချိန်ကိုအလဟသဖြုန်းတီးတတ်သူ သည် လောကတွင် အချည်းအနှီးသာဖြစ်ကာ လူများ အလည်ပွဲလည်မတင့်ဖြစ်ကြရပါသည်။

အချိန်ကိုစီမံခန့်ခွဲမှုသည် ခရီးဆုံးပန်းတိုင်ချမှတ်ကာ ဘ၀ တွင်အောင်မြင်လိုသူများအတွက် အလွန်အရေးကြီးပါ သည်။ အချိန်ကိုစီမံခန့်ခွဲရာမှာသည် မည်သည့်အလုပ် ကိစ္စသည်အရေးကြီးသည်။မည်သည့်ကိစ္စကတော့
 နောက်မှဆုံးဖြတ်မည်။ မည်သည့်အချိန်မှာမည်သို့ပြု လုပ် ရမည် စသဖြင့် ကိုယ်ပိုင်ဥာဏ်ဖြင့် စဉ်းစားခြင့်ချိန် တတ်ဖို့လိုပါသည်။စဉ်းစားချင့်ချိန်တတ်ဖို့ဆိုရာတွင်လည်း ပညာသည်အခရာဖြစ်လာပြန်ပါသည်။ အရေးကြီးသည် မကြီးသည်ကိုခွဲခြားဆုံးဖြတ်ရန်မှာလည်း မှန်ကန်တိကျဖို့ လိုပြန် ပါသည်။ ထို့အတွက် ကြောင့် အတွေ့အကြုံနှင့် ဥာဏ်ပညာရှိမှုသည်လည်း အခရာဖြစ်ပါသည်။

မိမိအတွက်(၂၄)နာရီသာရသော တစ်နေ့တာအချိန် များတွင် လုပ်ငန်းလုပ်ဆောင်ဖို့ရာမှာ ဦးစားပေး အစီ အစဉ်များရေးဆွဲထားပြီးမှ ရရှိသော အချိန်အတိုင်းအတာ အတွင်း ဦးစားပေးအစီအစဉ်အတိုင်း လုပ် ဆောင်ကြ ရမှာဖြစ်ပါသည်။ သို့မဟုတ်ပါက အလုပ်များလေလေ ဗျာများရလေလေဖြစ်ပြီး မုန့်စားရင်း လှည်းစီး ငါးနှစ်ကောင် ဖမ်းအဖြစ်မျိုးနဲ့ကြုံရကာ အခွင့်အရေးများ အားလုံးလက်လွှတ်ဆုံးရှုံးရတတ်ပါသည်။

အချို့သူများက အချိန်လေအချိန်လွင့်များရှိခဲ့သော ကြောင့် ဘ၀မှာအောင်မြင်မှုနှင့်မကြုံလိုက်ရသည်မှာ ကိစ္စ မရှိသော်လည်း ကြိုးစားသူများဖြစ်ပေမယ့်အချိန် ကိုကောင်း စွာစီမံခန့်ခွဲမှုမရှိခဲ့သည့် အတွက် အောင်မြင် မှု နှင့်အလှမ်းဝေးရမည်ဆိုလျှင် အလွန်နှမြောတသ ဖို့ကောင်း ပါသည်။ ထို့ကြောင့် အလုပ် တစ်ခုကို လုံ့လ၀ီရိယဖြင့် အားကျိုးမာန်တက်ဆောင်ရွက်နေ သူများမှာလည်း အချိန်ကို အကောင်းဆုံး စီမံခန့်ခွဲ တတ်ဖို့ လိုအပ်မှာဖြစ်ပါသည်။

“ငါအောင်မြင်ချင်ပါတယ်။အောင်မြင်တဲ့သူတစ်ယောက်ဖြစ်ချင်ပါတယ် ဒါကြောင့်အချိန်တိုင်းလိုလို ငါအလုပ်တွေနဲ့ပဲအချိန် ကုန်နေ ပါ တယ်”ဟုဆိုပြီးလည်း အချိန်တိုင်းမှာ အလုပ်ချည်းလုပ်နေရမည်မဟုတ် ပါ။ နံနက်အိပ်ရာစောစောထမယ်။ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်မယ်။လမ်းလျှောက် မယ်။ နံနက်စာစားမယ်။ (နံနက်စာကို လည်းကောင်းကောင်းစားရပါမည်။ ဒါမှဦးနှောက်က ကိုယ့်ကိုပံ့ပိုးပေး နိုင်မှာပါ။ ) စောစောထ၊သွားတိုက်၊မျက်နှာသစ်၊ ကိုယ်လက်လေ့ ကျင့် ခန်းလုပ် အစားစား စသဖြင့် အဲဒီလို` လုပ်ငန်း စဉ်တွေကိုအရင်လုပ်ဆောင်ပြီးမှ အလုပ်ကိစ္စနဲ့ပတ် သက်ပြီး ဘယ်အချိန်မှာဘာလုပ်မယ်။ ဘယ်သူနဲ့ တွေ့ မယ်။ ဘယ်ကိစ္စကိုအရင်ဖြတ်မယ်။ အစသဖြင့် စီမံခန့်ခွဲ ထားရ မှာဖြစ်ပါသည်။ လူဆို သည်မှာ စက်ရုပ် မဟုတ်သောကြောင့် အချိန်တိုင်းအလုပ်ချည်းလုပ်နေရ မှာမဟုတ်ဘဲ နားချိန်များ လည်း ပေးသင့်ပါသည်။ ဗဟုသုတရရှိရေးအတွက်လည်း စာဖတ်ဖို့လိုပါသေး သည်။
ထို့ပြင် ယနေ့လုပ်ရမည့်ကိစ္စကိုနောက်နေ့မရွေ့ဖို့လည်း လို ပါသေးသည်။ အချို့သူများသည် ယနေ့လုပ်ရမည့် အလုပ်ကို နောက်နေ့မှလုပ်တော့မယ် ..နောက်နေ့လုပ် လိုက်ပေါ့ စသဖြင့် အချိန်ကို ရွှေ့တတ်ကြပါသည်။ ယနေ့လုပ်ရမည့်အလုပ်သည် ယနေ့ပြီးအောင်လုပ်လျှင် အကောင်းဆုံးဖြစ်သော် လည်း နောက်နေ့ရွှေ့လိုက်မည် ဆိုပါက အဆင်ပြေနိုင်ချင်မှပြေပါလိမ့်မည်။ ထို့ကြောင့် ယနေ့လုပ်ရ မည့်အလုပ်မှန်သမျှ ယနေ့အပြီး လုပ်ဆောင်စေ မှသာလျှင် နောက်နေ့လုပ်ရမည့်အလုပ် ကိစ္စအတွက် အခက်အခဲမဖြစ်မှာပါ။

လောကရှိလူတိုင်းလူတိုင်းတွင် တစ်ကြပ်၊နှစ်ကြပ်၊သုံးကြပ် စသဖြင့် အခက်အခဲအကြပ်အတည်း များစွာရှိကြမှာပါ။ အခက်အခဲအကြပ်အတည်းများကို အောင်မြင်စွာကျော်ဖြတ်နိုင်သူများသည် အချိန်ကို အကောင်းဆုံးစီမံခန့်ခွဲနိုင်သူများဖြစ်ကြကာ အချိန်ကိုကောင်းစွာစီမံမခန့်ခွဲနိုင်သူများသည်သာ အခက် အခဲအကြပ်အတည်း၏သားကောင်များဖြစ်ကြရပါသည်။

လောကရှိလူတိုင်းလိုလိုသည်သူတစ်ပါးအကြောင်းအရာကိုဖြင့် စိတ်ဝင်စားကြပြီး ကိုယ့် ကိုယ် ကို တော့မေ့ထားတတ် ကြ ပါသည်။ ငါဘယ်လိုလူမျိုးလဲ ငါဘယ်လိုလူစားလဲ ငါ ဟာ..စသည် ဖြင့် ကိုယ့် ကိုယ် ကိုဝေဖန်စဉ်းစားသုံးသပ် ဖို့ကိုတော့ မေ့နေကြကာ သူတစ်ပါးကိုသာ စိတ်ဝင်စား တတ်ကြသူများ လည်း လောကကြီး တွင်ဒုနဲ့ဒေးပါ။ မိမိဘ၀အောင်မြင်ရေးအတွက် မည်သို့မည်ပုံပြု မူဆောင် ရွက်ရမည်။ သူ တစ်ပါးအောင်မြင်နေသည်ကို အတုမယူ ကြပဲ လေဖမ်းဒန်းစီးရင်းဖြင့်သာအချိန်ကုန်နေကြပါသည်။ အချိန် ပိုရှိနေလျှင် အတွေ့အကြုံဗဟုသုတရရှိအောင် စာအုပ်စာပေများကိုဖတ်မှတ်နေရမည့်အစားဟိုယောင်
 ယောင် ဒီယောင်ယောင် အလာပသလာပများပြောကာ အချိန်ကုန်နေကြသူများလည်းရှိကြပါသည်။ မြန်မာ နိုင်ငံနေရာအနှံ့အပြားရှိ လက်ဖက်ရည်ဆိုင်များတွင် အချိန်ဖြုန်းနေတတ်သူများ စွာရှိပါသည်။ထိုအထဲ တွင် လွတ်လပ်တက်ကြွသည့် လူငယ်များက ရာခိုင်နှုန်းများစွာပါဝင်နေသည်ကိုတွေ့နေ ရပါသည်။

တစ်ချို့လူငယ်လေးများက တစ်ခြားနိုင်ငံမှာ သွားရောက် အလုပ်လုပ်ကြပါသည်။ သူများနိုင်ငံတွင် သူတစ်ပါးမလုပ် ချင် သည့်အလုပ်များကို ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ကြ ရပါသည်။ အချိန်နားရသည်ဟူပင် မရှိသလောက်ရှား ပါးပါသည်။ မိမိမှာ(၂၄)နာရီသာ ပိုင်ဆိုင်သည့်အချိန်မှာ နားချိန်ပင်မရှိ ပင်ပန်းဆင်းရဲ သလောက်ရရှိလာသည့် လုပ်အားခမှာ မပြောပလောက်ပါ။ သို့ သော် ….ကိုယ့်နိုင်ငံမှာရော အချိန်ကို အကျိုးရှိရှိစီမံခန့်ခွဲပြီး လုပ်ကိုင်လျှင်ရော သူတစ်ပါးနိုင်ငံကပေးသည့် လုပ်ခ လစာထက်မနည်းနိုင်ဘူးဟု မြင်မိပါသည်။ သူတစ် ပါးနိုင်ငံ မှာ ပင်ပန်းဆင်းရဲစွာသွား ရောက်လုပ် ကိုင်ပြီး ရရှိလာသည့် လုပ်ခလစာများ ကို အကျိုးရှိရှိစီမံခန့်ခွဲကာ သုံးသင့်သည် ကိုသုံး စုသင့်သည်ကိုစုကာ အရင်းအနှီးရ ရှိလာလျှင်ဖြင့် မိမိနိုင်ငံ မှာပြန်ပြီး ရင်းနှီးမြှုပ်နှံကြရင်ရော မကောင်းပေဘူးလား။ နိုင်ငံခြားတိုင်း ပြည်များသို့ သွားရောက် လုပ် ကိုင်ကြသည့် စာရေးသူ၏မိတ်ဆွေ များ ကိုလည်း သူတစ်ပါးနိုင်ငံမှာအထိုက် အလျောက်ပဲ အလုပ်လုပ်ပြီး ကိုယ့်နိုင်ငံကိုပြန်ပြီး အလုပ်လုပ်ကြပါ လား ဟု ဒီစကားမျိုးအမြဲတမ်းပြောပြ ဖြစ်ပါသည်။

လူ့ဘ၀ဟူသည် ခေါက်ရှာငှက်ပျံသကဲ့သို့ နိမ့်တုံမြင် တုံဖြစ် တတ်ပါသည်။ လောကကြီး သည်အ ကောင်းနှင့် အဆိုးဒွန်တွဲနေတတ်ကြပေမယ့်လည်း အဆိုးနှင့်ကြုံလာ လျှင် ခံနိုင်ရှိအောင်မွေးမြူရမှာဖြစ် သကဲ့သို့ အကောင်းနှင့်ကြုံ လာလျှင်လည်း ၀မ်းမြောက်ဝမ်း သာဖြစ်ကြရပြန်ပါသည်။ အကောင်းနှင့်အဆိုး အကြောင်းနှင့်အကျိုးတို့သည် ဒွန်တွဲနေတတ် သည့် လောကကြီးတွင် ကျရာဇာတ်ရုပ်မှ အကောင်းဆုံး သရုပ် ဆောင်ကြဖို့ရာမှာ မိမိ၏အသိဥာဏ်နှင့် အချိန်ကို စီမံခန့်ခွဲတတ်မှုတို့ရှိမှဖြစ်ပါမည်။

မြန်မာ့ယဉ်ကျေးမှုတွက် အချိန်ကို“ထမင်းတစ်အိုးချက်၊ ကွမ်းတစ်ယာညက်၊ နေထန်းတစ်ဖျား စသည့်ဖြင့် အချိန် ကို တိုင်းတာသတ်မှတ်ကြပါသေး သည်။မည်သို့ပင် ဆိုစေ ငယ်ရွယ်စဉ်အခါကတည်းက အချိန်နာရီကို တိတိ ကျကျသတ်မှတ်လုပ်ဆောင်တတ်လျှင် နောင်ဝယ်လူကြီးဖြစ်လာသည့်အခါတွင်လည်း ၄င်းအကျင့်သည် တပါတည်းပါသွားမှာဖြစ်ပါသည်။

လူဆိုသည်မှာ စိတ်ကူးအိပ်မက်ရှိရမည်။ ရည်မှန်းချက် ပန်းတိုင်ရှိရမည်။ ခရီးဆုံးပန်းတိုင် ချမှတ် ဖော်ဆောင် ရာမှာလည်း မိမိ၏အသိပညာနှင့်အချိန်ကို ကောင်းစွာ စီမံခန့်ခွဲတတ်မှုရှိမှသာ လိုရာခရီး ကိုရောက်နိုင်ပါလိမ့် မည်။ ငယ်ရွယ်စဉ်အခါမှာ နိမ့်ပါးနေပါက ပြန်ကြိုးစားလျှင် ရနိုင်သော်လည်း ဘ၀၏ နှောင်းပိုင်းကာလများမှ ကြိုးစား မည် ဆိုလျှင်အခါလွန်မိုးဖြစ်ပါလိမ့်မည်။

နာရီလက်တံသည် မရပ်မနားတစ်ဖြေးဖြေးရွေ့လျားနေပါ သည်။ အချိန်ကိုတန်ဖိုးထားမှ ဘ၀ကို တန်ဖိုးထားရာ ကျမှာဖြစ်သည့်အတွက် ငယ်ရွယ်စဉ်အခါက တည်းက မိမိပိုင်ဆိုင်ထားသည့် တစ်နေ့လျှင်(၂၄)နာရီဟူသော အချိန်ကို ကောင်းစွာစီမံခန့်ခွဲကာ အကျိုးရှိရှိအသုံးချမည် ဆိုပါက သင်သည် အောင်မြင်သောလူတစ်  ယောက်ဖြစ် မည်မှာမလွဲပါ….။
ခင်လယ်လယ်ချစ်(မြန်/ဂုဏ်)


No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ