မြင့်မြတ်သောစိတ်
=============
လူ့ဘောင်လောကတွင် တန်ဖိုးရှိသောလူဖြစ်ရန်အတွက် အမှားကိုအမှားမှန်းသိရန်သာ အရေးကြီးသည်။ အမှားကို မှားမှန်းသိခြင်းသည် ယထာဘူတဉာဏ်မည်သည်။ ယထာဘူတဉာဏ်သည် ဟုတ်တိုင်းမှန်စွာသိခြင်းဟု အဓိပ္ပာယ်ရသည်။ အကယ်၍ အမှားကို အမှားမှန်းမသိဘဲ အမှန်အဖြစ်သိခြင်းသည် ဒိဋ္ဌိမည်သည်။ အမှားကို အမှန်ဟုထင်မြင်ယူဆနေသမျှ အမှားနယ်ပယ်၌သာ သံသရာလည်နေလိမ့်မည်။
အချို့ကားအမှားကြီးမှန်းသိပါလျက် အခြေအနေအရ အမှားကြီးကိုလက်မလွှတ်တော့ဘဲ ဆက်လက်မှားမြဲမှားနေကြသည်။ အမှားကို အမှားမှန်းသိခြင်း၊ မှားနေပြီဟု အမှန်တကယ်သိနေသောသူကို ပညာရှိဟုခေါ်သည်။ အမှားသိသည်နှင့် တစ်ပြိုင်နက် အမှန်သို့ရောက်အောင် ပြင်ဆင်နိုင်စွမ်းရှိသူကို သူတော်ကောင်းဟုဆိုရမည်။
လူဟူသည် မြင့်မြတ်သောစိတ်ထားရှိရမည်။မရှိမဖြစ်ရှိကိုရှိရပါမည်။ မြင့်မြတ်သောစိတ်ထားမရှိသောလူ့ဘ၀ကားတစ်ကယ် တမ်းလူ့ဟုခေါ်ရလောက်သောလူ့ဘ၀မဟုတ်။လူဟုထင်ရသောလူ့ဘ၀သာဖြစ်သည်။ မြင့်မြတ်သောစိတ်ရှိသူမှာ -
- အနစ်နာလည်း ခံနိုင်ရမည်။
- သူတစ်ပါးအကျိုးလည်း ဆောင်နိုင်ရမည်။
အမှန်စင်စစ် လောက၌ လူဟူသမျှသည် ကိုယ်ကျိုးစီးပွားနှင့်ပတ်သက်လာလျှင် အနစ်နာခံခြင်းနှင့် သူတစ်ပါးအကျိုးကို ပံ့ပိုးခြင်းတည်းဟူသော သဘောတရားကို လက်တွေ့မသုံးနိုင်သေးသမျှ လူများသည် တစ်ဦးနှင့်တစ်ဦး ဆက်ဆံကြသော အခါ ဆက်ဆံရေးမပြေပြစ်၊ မချောမွေ့နိုင်ကြပါ။
လူများသည်တစ်ဦးနှင့်တစ်ဦး ပြေပြစ်ချောမွေ့စွာမဆက်ဆံနိုင်သမျှ လောကသည် မငြိမ်းချမ်းနိုင်ပါ။ အမြဲတမ်းပူလောင် ဆူပွက်နေမည်သာဖြစ်သည်။ ထို့ကြောင့် လူမှန်လျှင် မြင့်မြတ်သောစိတ်ကိုထားရမည်။ အချင်းချင်းဆက်ဆံရာ၌ မိမိဘက်က အနာခံခြင်းနှင့် အခြားတစ်ဖက်ကို ပံ့ပိုးခြင်းဟူသောသဘောတရားကို ကျေပွန်စွာဆောင်ရွက်ရန်လိုသည်။ထိုသို့ဆောင်ရွက် မှလည်း လူသည်မြင့်မြတ်သောစိတ်ရှိသူဖြစ်ပေမည်။
ဤလောက၌အနိုင်ကျင့်မှုများ၊အဓမ္မလွှမ်းမိုးမှုများအားကောင်းနေသည်ကို မြင်ရတိုင်း၊ကြားရတိုင်း၊ကြုံရတိုင်း လောကကိုစောင့်ရှောက်ကြသော သမ္မာဒေ၀ နတ်ကောင်း၊ နတ်မြတ်များအား တိုင်တည်နေသည်ထက် လူများသည် မိမိတို့တာဝန်အရ မိမိတို့ကိုယ်တိုင် မိမိတို့စွမ်းအားရှိသလောက် လောကကိုငြိမ်းချမ်းစေရန်၊ အနိုင်ကျင့်မှုများကင်းစေရန်၊ အဓမ္မမှုများမလွှမ်းမိုးစေဘဲ ဓမ္မများကသာ လွှမ်းမိုးလာစေရန် ကြိုးပမ်းကြရမည်ဖြစ်သည်။ ဤသည်ကား လူ့လောက၌နေထိုင်ကြသော လူတို့၏မွေးရာပါ ကျင့်ဝတ်ဖြစ်သည်။ အမှန်စင်စစ် ဒေါသဟူသည် မီးလျှံနှင့်တူသည်။ ထိမိသမျှအရာအားလုံးကို ၀ါးမျိုးလောင်ကျွမ်း ပစ်သည်။ ဒေါသမီးသင့်သောအရပ်တွင် မီးလောင်ငုတ်တိုများသာ ရလာဒ်ဆိုးအဖြစ်ထင်ကျန်ရစ်သည်။ ကိုယ်ကျိုးကြည့်သူ တို့အပေါ်မကျေနပ်သည့် ဒေါသကို နှလုံးသားထဲဝယ် မွေးမြူသိမ်းပိုက်ထားလျှင် သိမ်းပိုက်ထားကြသော သူတို့၏နှလုံးသား သည်လည်း မည်သည့်အခါမျှမငြိမ်းချမ်းတော့။ ဖွဲမီးကဲ့သို့ အမြည့်မြည့်လှိုက်၍လှိုက်၍လောင်နေမည်ဖြစ်သည်။
သံသရာနှင့်နှိုင်းကြည့်သော် လူ့ဘ၀ဟူသည် ရေပွက်ပမာ ခဏတာကာလငယ်ကလေးမျှသာဖြစ်သည်။ နေရသမျှ အခိုက်အတန့်ကာလငယ်တစ်ခုအတွင်း နွေးနွေးထွေးထွေး ကြင်ကြင်နာနာနေထိုင်သွားကြမှသာ အမှားကို အမှားမှန်း သိလျက် အမှားကိုပြင်ဆင်ပြီး အမှန်အတိုင်းနေထိုင်သွားကြမှသာ၊ သူတစ်ပါးအပေါ်လည်း အနစ်နာခံနိုင်မှသာ၊ သူတစ်ပါး အကျိုးကိုလည်းစွမ်းနိုင်သည့်ဘက်က ဖြည့်ဆည်းဆောင်ရွက်နိုင်မှသာလူအချင်းချင်းဆက်ဆံရေလည်း ပြေပြစ်ချောမွေ့ကြလျက် ငြိမ်းချမ်းသာယာသောဘ၀ဖြစ်ပေါ်လာမည်ဖြစ်သည်။

credit to youth
No comments:
Post a Comment