Tuesday, June 24, 2014

တာဝန်ပေးအပ်ခဲ့မယ်ဆိုရင် ရခိုင်လူမျိုးတစ်ယောက်ကဲ့သို့ တာဝန်ထမ်းဆောင်သွားမည်ဟု ဗိုလ်ချုပ်မောင်မောင်အုန်းဆို


ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည်ရခိုင်တိုင်းရင်းသားသာ ဖြစ်ရမည်ဟုရခိုင်အမတ်များက တောင်းဆိုခဲ့ပြီးနောက် ဗိုလ်ချုပ်မောင်မောင်အုန်းက ရခိုင်တိုင်းရင်းသား တစ်ယောက်ကဲ့သို့ တာဝန်ထမ်းဆောင်သွားမည်ဟု ဇွန် ၂၄ ရက်တွင်မဇ္ဈိမကို တုန့်ပြန် ပြောဆိုလိုက်သည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ်အဖြစ် ဗိုလ်ချုပ်မောင်မောင်အုန်းကို သမ္မတက ရွေးချယ် ခန့်အပ်မည်ဟု သတင်းများ ထွက်ပေါ်နေချိန်တွင် ရခိုင်အမျိုးသားပါတီက ဇွန် ၂၃ ရက်က ရခိုင်ပြည်နယ် အနာဂတ်ကို ဦးဆောင်နိုင်မည့်သူမှာ ရခိုင်တိုင်းရင်းသား တစ်ဦးသာဖြစ်ရမည် ဟု ထုတ်ပြန် ကြေညာခဲ့ခြင်းကို ၎င်းက မဇ္ဈိမကတစ်ဆင့် ယခုကဲ့သို့ ပြန်လည် တုန့်ပြန်လိုက်ခြင်းဖြစ်သည်။

“တိုင်းရင်းသားတွေရဲ့ဆန္ဒနဲ့ ပါတီတွေရဲ့ဆန္ဒတွေကတော့ ကျွန်တော့အနေနဲ့ ပြောစရာမရှိပါဘူး။ကျွန်တော့် အနေနဲ့ပြောနိုင်တာ တစ်ခုပဲရှိတယ်။ ကျွန်တော်က တာဝန်ပေးခဲ့မယ်ဆိုရင် ရခိုင်တိုင်းရင်းသား မဟုတ်တောင်မှ ရခိုင်တိုင်းရင်းသားတစ်ယောက်လို တာဝန် ထမ်းဆောင်သွားဖို့ ရည်ရွယ်ချက်ရှိပါတယ်” ဟုပြောကြားခဲ့ပြီး “တစ်ချိန်ကျရင်တော့ အားလုံးက ယုံကြည်မှုတွေ နားလည်မှုတွေရပြီး ရခိုင်ဒေသကြီး တည်ငြိမ်လာမယ်လို့ ထင်ပါတယ်”ဟု ဗိုလ်ချုပ်မောင်မောင်အုန်းက ဆိုသည်။

ရခိုင်အမျိုးသားပါတီ ကိုယ်စားပြု အမတ်များကမူ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ရာထူးကို မည်သည့်ပါတီ ကဖြစ်စေ ရခိုင်တိုင်းရင်းသားတစ်ဦးသာဖြစ်သင့်သည်ဟု ဆိုသည်။
သို့သော် ရခိုင်တိုင်းရင်းသား တစ်ဦးဖြစ်သည့် ဝန်ကြီးချုပ်ဟောင်း ဦးလှမောင်တင်ကိုမူ အားရမှု မရှိဟု ဆိုသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်သည် ဇွန် ၂ဝ ရက်တွင် ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့ပြီး
ဇွန် ၂၁ရက်တွင်နယ်စပ်ရေးရာဒုဝန်ကြီးဗိုလ်ချုပ်မောင်မောင်အုန်းကိုရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် အဖြစ် အစားထိုးခန့်အပ်ခဲ့သည်။

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်အသစ် ရွေးခြယ်ခန့်အပ်ရေးအတွက် ဇွန် ၂၅ ရက်တွင်ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးခေါ်ထားသည်။
ရန်ကုန်၊ မဇ္ဈိမ

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ