Wednesday, June 18, 2014

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူး ဦးသိန်းမြင့်ဝေနှင့် တွေ့ဆုံခြင်း



၂၀၀၇ ASEAN Economic Blueprint အရ ၂၀၁၅ ခုနှစ်တွင် ယှဉ်ပြိုင်မှုပေါ်လစီကို ကျင့်သုံးကြမည်ဖြစ်ကြောင်း အာဆီယံနိုင်ငံအားလုံးက ကတိက၀တ်ပြုခဲ့ပြီးဖြစ်သည်။ ထို့ပြင် အာဆီယံစီးပွားရေးအသိုက်အ၀န်း(AEC) ကို ၂၀၁၅ ခုနှစ်တွင် အကောင်အထည်ဖော်တော့မည်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့်လည်း လက်ရှိကာလတွင် ယှဉ်ပြိုင်မှုဥပဒေကို ရေးဆွဲလျက်ရှိသည်။ ယှဉ်ပြိုင်မှုဥပဒေမူကြမ်းကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တာဝန်ယူရေးဆွဲနေခြင်းဖြစ်ပြီး အခြားဝန်ကြီးဌာနများ၊ တက္ကသိုလ်များမှ ဥပဒေပညာရှင်၊ စီးပွားရေးပညာရှင်များ ပါဝင်ဖွဲ့စည်းထားသည့် လုပ်ငန်းကော်မတီတစ်ခု ဖွဲ့စည်းထားကြောင်း သိရသည်။ အဆိုပါယှဉ်ပြိုင်မှု ဥပဒေရေးဆွဲရာတွင် ပါဝင်သည့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းမြင့်ဝေအား ယှဉ်ပြိုင်မှုဥပဒေမူကြမ်းနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန်လည်ဖော်ပြအပ်ပါသည်။ မေး။ ယှဉ်ပြိုင်မှုဥပဒေနဲ့ ပေါ်လစီအကြောင်း စီးပွားရေးပညာရှုထောင့်က ဆွေးနွေးပေးစေချင်ပါတယ်။ ဖြေ။ ယှဉ်ပြိုင်မှုမူဝါဒဆိုတာ စီးပွားရေးလုပ်ငန်းတွေ မပြိုင်ဆိုင်မှာစိုးလို့ အစိုးရက ထိန်းကျောင်းပေးတဲ့ ပေါ်လစီဖြစ်ပါတယ်။ ဒီအချက်ကို ပထမဆုံးနားလည်သဘောပေါက်ထားဖို့ လိုအပ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ မပြိုင်ဆိုင်လေလေ၊ ဈေးကွက်ဟာ မပြည့်ဝလေလေဖြစ်ပါမယ်။ ဈေးကွက်မပြည့်ဝလေလေ စားသုံးသူတွေနစ်နာလေလေ ဖြစ်ပါမယ်။ ဒီနေရာမှာ နောက်တစ်ဆင့်တိုးပြီး နားလည်ရမှာက ဈေးကွက်ရဲ့ သဘောတရားဖြစ်ပါတယ်။ ဈေးကွက်ပြည့်ဝနေဖို့အတွက် ၀ယ်လိုအား (demand) နဲ့ ရောင်းလိုအား (supply) တို့ဟာ အားမျှနေဖို့ လိုအပ်ပါတယ်။ ကုန်စည်နဲ့ ၀န်ဆောင်မှုတွေကို ထုတ်လုပ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ တစ်ခုနဲ့တစ်ခု မပြိုင်ဆိုင်ကြတဲ့အခါမှာ ရောင်းလိုအား နည်းလာမှာ၊ ထုတ်လုပ်မှုကိုလျှော့ချမှာ သေချာပါတယ်။ ရောင်းလိုအားပိုင်းဖြစ်တဲ့ ထုတ်လုပ်မှုလျော့နည်းလာတဲ့အခါ ၀ယ်လိုအားကပိုလျှံပြီး ကုန်ဈေးနှုန်းကြီးမြင့်တာ၊ ပစ္စည်းပြတ်လပ်တာတွေ ဖြစ်လာတော့တာပါပဲ။ မေး။ စီးပွားရေးလုပ်ငန်းတွေ တစ်ခုနဲ့တစ်ခု မပြိုင်ဆိုင်ကြတာ ဘာကြောင့်လို့ ဆရာထင်ပါသလဲ။ ဖြေ။ လုပ်ငန်းတွေ တစ်ခုနဲ့တစ်ခုမပြိုင်ဆိုင်တာဟာ ဈေးကွက်ကိုချုပ်ကိုင်ချင်တာ၊ ဈေးကွက်ဝေစုများများရချင်တာ၊ ဈေးကွက်ကို လက်ဝါးကြီးအုပ်ချင်တာပါပဲ။ စီးပွားရေးလုပ်ငန်းတွေ ပြိုင်ခြင်း၊ မပြိုင်ခြင်းနဲ့ပတ်သက်လို့ ဈေးကွက်ရဲ့ပုံစံတွေ (Market structures) ကို သိရှိနားလည်သင့်ပါတယ်။ ဈေးကွက်အမျိုးအစားလေးမျိုးရှိတာကို အားလုံးနားလည်ကြပြီးဖြစ်မယ်ထင်ပါတယ်။ အဲဒီလေးမျိုးကတော့ (၁)အပြည့်အ၀ပြိုင်ဆိုင်တဲ့ဈေးကွက် (Perfect competition market)၊ (၂)လက်ဝါးကြီးအုပ်လုပ်ငန်းတွေ ပြိုင်ဆိုင်တဲ့ဈေးကွက် (Monopolistic competition market)၊ (၃) လူတစ်စုချုပ်ကိုင်တဲ့ဈေးကွက် (Oligopoly)နဲ့ (၄)လက်ဝါးကြီးအုပ်ဈေးကွက် (သို့မဟုတ်) တစ်ဦးတည်းက ချုပ်ကိုင်ထားတဲ့ဈေးကွက် (Monopoly) တို့ဖြစ်ကြပါတယ်။ ဒီဈေးကွက်တစ်ခုချင်းရဲ့ လက္ခဏာရပ်တွေနဲ့ သဘောသဘာဝတွေကို ထဲထဲဝင်ဝင်နားလည်ချင်ရင်တော့ Microeconomics ကိုလေ့လာဖို့လိုပါတယ်။ Microeconomics ဆိုတာ စီးပွားရေးလုပ်ငန်းတစ်ခုချင်းရဲ့ အပြုအမူတွေနဲ့ စားသုံးသူတစ်ဦးချင်းရဲ့ အပြုအမူတွေကို အသေးစိတ် လေ့လာတင်ပြထားတဲ့ စီးပွားရေးပညာရပ်ဖြစ်တယ်။ Microeconomics ဆိုတာရှိသလို Macroeconomics ဆိုတာလည်း ရှိပြန်ပါတယ်။ Macroeconomics ဆိုတာ တစ်နိုင်ငံလုံးနဲ့ပတ်သက်တဲ့ စီးပွားရေးကို လေ့လာဖော်ပြထားတဲ့ ဘောဂဗေဒဘာသာရပ်ဖြစ်တယ်။ ဒီနေရာမှာ အလွတ်လပ်ဆုံးဈေးကွက်ဖြစ်တဲ့၊ ပြိုင်ဆိုင်မှုအရှိဆုံးဖြစ်တဲ့ Perfect competition နဲ့အချုပ်ကိုင်ဆုံးဖြစ်တဲ့၊ ပြိုင်ဆိုင်မှုအနည်းဆုံးဖြစ်တဲ့ Monopoly တို့အကြောင်း နည်းနည်းဆွေးနွေးချင်ပါတယ်။ အဲဒီဈေးကွက်တွေနဲ့ ဈေးကွက်စီးပွားရေးစနစ် ဆက်စပ်နေပုံကိုပြောချင်တာပါ။ ဈေးကွက်စီးပွားရေးစနစ် (Market economy) မှာ အလွတ်လပ်ဆုံးနဲ့ ပြိုင်ဆိုင်မှုအရှိဆုံးဈေးကွက်တွေကို ရှင်သန်ဖွံ့ဖြိုးအောင် ဖန်တီးပေးဖို့ လိုအပ်ပါတယ်။ တစ်နည်းအားဖြင့် အချုပ်ကိုင်ဆုံးနဲ့ ပြိုင်ဆိုင်မှုအနည်းဆုံး ဈေးကွက်တွေကို လျော့ပါးအောင် ထိန်းကျောင်းပေးဖို့ လိုအပ်ပါတယ်။ မေး။ သီအိုရီနဲ့ တကယ့်လက်တွေ့မှာ ဘယ်လိုကွာခြားမှုတွေရှိနိုင်ပါသလဲ။ ဖြေ ။ သီအိုရီအရ ဒီလိုပြောရပေမယ့် တကယ့်လက်တွေ့မှာတော့ အပြည့်အ၀ပြိုင်ဆိုင်နေတဲ့ဈေးကွက်၊ လုံးဝလွတ်လပ်တဲ့ဈေးကွက်ဆိုတာ ဘယ်နိုင်ငံမှာမှ၊ ဘယ်စီးပွားရေးစနစ်မှာမှ မရှိပါဘူး။ ဒါပေမဲ့ စီးပွားရေးလုပ်ငန်းတွေ ပြိုင်ဆိုင်လုပ်ကိုင်လေ ဈေးကွက်ဟာပြည့်ဝပြီး ကုန်ထုတ်လုပ်မှုစွမ်းအားတိုးတက်လေ၊ စားသုံးသူတွေ အကျိုးရှိလေဆိုတာတော့ လက်ခံထားရပါမယ်။ အဲဒါကြောင့် လက်ဝါးကြီးအုပ်လုပ်ငန်းတွေကို တိုက်ဖျက်ရပါမယ်။ ဆန့်ကျင်ရပါမယ်။ မျှတတဲ့ပြိုင်ဆိုင်မှုပတ်ဝန်းကျင်ကို ဖန်တီးပေးရပါမယ်။ ဒါကြောင့်လည်း ယှဉ်ပြိုင်မှုပေါ်လစီ (Competition Policy) ကို လက်ဝါးကြီးအုပ်လုပ်ငန်းတွေကို တိုက်ဖျက်တဲ့ပေါ်လစီ (Anti-monopoly policy ဒါမှမဟုတ် Anti-trust policy) လို့ ခေါ်ကြတာဖြစ်ပါတယ်။ လက်ဝါးကြီးအုပ်လုပ်ငန်းတွေကို လျော့နည်းစေတဲ့မူဝါဒမို့ Demonopolization policy လို့လည်း သုံးနှုန်းကြပါတယ်။ ဒါ့အပြင် မျှတတဲ့ကုန်သွယ်ရေးပြိုင်ဆိုင်မှုကို ဖော်ဆောင်ပေးတဲ့အတွက် Fair trade competition policy လို့လည်း ခေါ်ကြပါတယ်။ နိုင်ငံအမျိုးမျိုးက အမည်အမျိုးမျိုးပေးကြတာတွေ့ရပါတယ်။ နာမည်ပေးပုံ ကွဲပြားကြပေမယ့် ရည်ရွယ်ချက်ကတော့ အတူတူပါပဲ။ လုပ်ငန်းတွေပြိုင်ကြဖို့နဲ့ လက်ဝါးကြီးအုပ်ချုပ်ကိုင်တာကို တိုက်ဖျက်ဖို့ဖြစ်ပါတယ်။ ဈေးကွက်စီးပွားရေးစနစ်မှာ ဈေးကွက်ကို လွှတ်ထားရမယ်။ အစိုးရမပါဝင်ရဘူး။ ၀ယ်လိုအားနဲ့ရောင်းလိုအားက ဈေးကွက်ကို ထိန်းကျောင်းသွားလိမ့်မယ်လို့ ဆိုထားပါတယ်။ ဒါက သီအိုရီသဘောပြောတာနော်။ ဒါပေမဲ့ တကယ့်လက်တွေ့မှာ ဈေးကွက်တွေ အတတ်နိုင်ဆုံးပြိုင်ကြဖို့နဲ့ တစ်ဦးတည်းက ချုပ်ကိုင်တာတွေကို အတတ်နိုင်ဆုံးလျှော့ချဖို့အတွက် အစိုးရရဲ့ ၀င်ရောက်စွက်ဖက်မှု (သို့မဟုတ်) အစိုးရရဲ့ ထိန်းကျောင်းမှု (Government intervention) လိုအပ်ပါတယ်။ ဈေးကွက်ရဲ့မပြည့်ဝမှု (market imperfection) လို့ခေါ်တဲ့ ဈေးကွက်ရဲ့အားနည်းချက် (market failure) ကြောင့် အစိုးရက ဒီလိုဝင်ရောက်ရတာမျိုးဖြစ်ပါတယ်။ မေး။ ယှဉ်ပြိုင်မှုပေါ်လစီရဲ့ အားသာချက်က ဘာတွေဖြစ်မလဲ။ ဖြေ။ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ စီးပွားရေးရေရှည်ခံပြီး မြန်မြန်တိုးတက်ဖို့ ပုဂ္ဂလိကကဏ္ဍကို တိုးတက်မှုရဲ့အင်ဂျင်စက်အဖြစ် ကျယ်ကျယ်ပြန့်ပြန့် လက်ခံနေကြပါပြီ။ အဲဒီအတွက် အစိုးရတွေက ပုဂ္ဂလိကကဏ္ဍ အောင်မြင်ဖြစ်ထွန်းဖို့ ပတ်ဝန်းကျင်ကောင်းတွေ ဖန်တီးပေးနေပါတယ်။ ဈေးကွက်တွေ စွမ်းဆောင်ရည်ရှိရှိ လည်ပတ်နိုင်ဖို့အတွက် ယှဉ်ပြိုင်မှုပေါ်လစီဟာ မရှိမဖြစ်လိုအပ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ ပြိုင်ဆိုင်မှုအားကောင်းလာရင် ကုန်စည်နဲ့ဝန်ဆောင်မှုတွေ ပိုပြီးထုတ်လုပ်နိုင်ဖို့ နည်းလမ်းကောင်းတွေ ရှာဖွေတွေ့ရှိလာပါမယ်။ လုပ်ငန်းတွေပြိုင်ဆိုင်လေ စားသုံးသူတွေအကျိုးရှိလေပါပဲ။ ဒီနေရာမှာ စားသုံးသူတွေရရှိတဲ့ တိုက်ရိုက်ကျေးဇူးနဲ့ သွယ်ဝိုက်ကျေးဇူးတွေကို ပြောပြချင်ပါတယ်။ တိုက်ရိုက်အကျိုးတွေက ဈေးနှုန်းနိမ့်ကျတာ၊ အရည်အသွေးကောင်းတဲ့ ကုန်ပစ္စည်းတွေသုံးစွဲရတာ၊ ရွေးချယ်စရာကုန်စည်အမျိုးအစား ပိုများလာတာတွေဖြစ်ပါတယ်။ သွယ်ဝိုက်အကျိုးကျေးဇူးကတော့ စီးပွားရေးတိုးတက်မှုရရှိတာ ဖြစ်ပါတယ်။ အပြိုင်အဆိုင်လုပ်ကိုင်ကြတဲ့ဈေးကွက်တွေက အလုပ်အကိုင်အခွင့်အလမ်းတွေကိုလည်း တိုးပွားစေနိုင်ပါတယ်။ ဒါ့အပြင် စီးပွားရေးလုပ်ငန်းငယ်တွေ စတင်ထူထောင်လုပ်ကိုင်မှုကိုလည်း ဖြစ်စေပါတယ်။ အကျိုးဆက်အနေနဲ့ ပို့ကုန်တင်ပို့မှုကို ဦးစားပေးတဲ့ လုပ်ငန်းတွေများပြားလာတာ၊ နိုင်ငံတကာဈေးကွက်ကို ပိုပြီးထိုးဖောက်နိုင်တာနဲ့ ဆင်းရဲနွမ်းပါးမှုလျော့ကျစေတာတို့ကို ဖြစ်စေနိုင်ပါတယ်။ မေး။ အာဆီယံနိုင်ငံမှာ ယှဉ်ပြိုင်မှုပေါ်လစီကျင့်သုံးပါသလား။ AEC အတွက် ယှဉ်ပြိုင်မှုပေါ်လစီက ဘယ်လောက်အတိုင်းအတာထိ အရေးပါပါသလဲဆရာ။ ဖြေ။ အာဆီယံနိုင်ငံတွေအားလုံးမှာ ယှဉ်ပြိုင်မှုပေါ်လစီ မကျင့်သုံးသေးပါဘူး။ ယှဉ်ပြိုင်မှုပေါ်လစီကို စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်နဲ့ မလေးရှားနိုင်ငံတွေမှာပဲ ကျင့်သုံးနေကြပါသေးတယ်။ AEC ကို အကောင်အထည်ဖော်မယ့် ၂၀၁၅ မှာ အာဆီယံနိုင်ငံအားလုံး ယှဉ်ပြိုင်မှုဥပဒေပေါ်လစီကို စတင်ကျင့်သုံးကြရပါမယ်။ ယှဉ်ပြိုင်မှုပေါ်လစီကို ကျင့်သုံးကြမယ့်အကြောင်း ၂၀၀၇ ASEAN Economic Blueprint အရ အာဆီယံနိုင်ငံအားလုံး ကတိက၀တ်ပြုခဲ့ကြပြီး ဖြစ်ပါတယ်။ အာဆီယံဒေသရဲ့စီးပွားရေးစွမ်းဆောင်ရည်ကို တိုးတက်စေဖို့၊ စီးပွားရေးလုပ်ငန်းတွေ တန်းတူလုပ်ကိုင်ဆောင်ရွက်ခွင့်ရဖို့နဲ့ မျှတတဲ့စီးပွားရေးလုပ်ငန်းပြိုင်ဆိုင်မှုတွေအတွက် ဒီပေါ်လစီဟာ အရေးကြီးပါတယ်။ အာဆီယံနိုင်ငံတွေအနေနဲ့ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ဆွဲဆောင်ဖို့အတွက် ယှဉ်ပြိုင်မှုပေါ်လစီအရေးကြီးကြောင်း လက်ခံထားကြပါတယ်။ နိုင်ငံဖြတ်ကျော် စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့၊ မိမိနိုင်ငံရဲ့စီးပွားရေးကို ပိုဖွင့်လှစ်ဖို့အတွက် အာဆီယံနိုင်ငံအားလုံးက ဒီဥပဒေပေါ်လစီကို လက်ခံကြိုဆိုကြတယ်။ မေး။ တစ်ဘက်မှာ ယှဉ်ပြိုင်မှုပေါ်လစီရေးဆွဲနေသလို အခြားတစ်ဖက်မှာလည်း အမျိုးသားပို့ကုန်မဟာဗျူဟာကို ရေးဆွဲနေတော့ ဒါတွေနဲ့ပတ်သက်ပြီး အလားအလာကိုလည်း သုံးသပ်ပေးပါ။ ဖြေ။ လက်ရှိ ကျွန်တော်တို့နိုင်ငံဟာ ဈေးကွက်စီးပွားရေးစနစ်ကိုကျင့်သုံးပြီး ဈေးကွက်ကို အစွမ်းကုန်ဖွင့်လှစ်၊ နိုင်ငံတကာနဲ့ ပိုမိုပူးပေါင်းနေတဲ့အချိန်၊ AEC ကို အကောင်အထည်ဖော်တော့မယ့်အချိန်၊ ယှဉ်ပြိုင်မှုဥပဒေကို ဥပဒေကြမ်းရေးဆွဲထားချိန်၊ အမျိုးသားပို့ကုန် မဟာဗျူဟာကိုရေးဆွဲပြီး အကောင်အထည်ဖော်တော့မယ့်အချိန်ဆိုတော့ ကျွန်တော်တို့နိုင်ငံအနေနဲ့ ဈေးကွက်တွေပိုမိုရရှိမယ်။ ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်လာမယ်။ တစ်ဦးကျ ပို့ကုန်မြင့်မားလာမယ်။ အဲဒီကတစ်ဆင့် မြန်မာ့ကုန်သွယ်မှုပမာဏ မြင့်တက်လာနိုင်ပါတယ်။ မေး။ ယှဉ်ပြိုင်မှုဥပဒေက ဘယ်တော့လောက်ထွက်လာမလဲ။ ဖြေ။ ခုချိန်မှာ ယှဉ်ပြိုင်မှုဥပဒေမူကြမ်းက ထွက်နေပြီ။ စီးပွား/ကူးသန်းနဲ့ ရေးရာကော်မတီကလည်း အဆင့်ဆင့်ဆွေးနွေးမှုတွေလုပ်နေကြပြီဆိုတော့ အမြန်ဆုံးတော့ထွက်ရှိလာမှာပါ။ တစ်ခုရှိတာက ၂၀၁၅ မကျော်ခင်တော့ ယှဉ်ပြိုင်မှုဥပဒေကထွက်လာရမှာ။ မေး။ အခုလိုဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်ဆရာ။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ