ယနေ့ည ၇ နာရီတွင် ယှဉ်ပြိုင်မည့် ဆီးဂိမ်းပြိုင်ပွဲ ယူ-၂၃ မြန်မာ-ကမ္ဘောဒီးယားပွဲမှစ၍ မြန်မာအသင်းပွဲစဉ် များကို ကန်တော်ကြီးကရ၀ိက်ဥယျာဉ်ကမ္ဘာ လက်မှုကုန်း၌ အခမဲ့ပြသမည်ဟု အဆိုပါဥယျာဉ်မှ မန်နေဂျာ ကိုမျိုးသက်နိုင်ကပြောသည်။
‘‘အများပြည်သူနဲ့ဆိုင်တဲ့ ပန်းခြံတစ်ခုအနေနဲ့ အားလုံးအဆင်ပြေပြေကြည့်လို့ရအောင် စီစဉ်ပေးဖြစ်တာပါ။ အဲဒီပွဲကြည့်မယ့်အချိန်မှာလည်း ၀င်ကြေးဆိုတဲ့ ဖိအားကြောင့်မလာရတာ မဖြစ်ရအောင်ဝင်ကြေး မကောက်ဘဲ စီစဉ်ပေးဖြစ်တာပါ’’ဟု ၎င်းက ပြောသည်။
ယင်းပွဲစဉ်ကိုလာရောက် ကြည့်ရှုလိုသူများအနေဖြင့် ဘောလုံးပွဲမတိုင်မီ နာရီဝက်ခန့်အလိုမှ စတင်၍ ကန်တော်ကြီးကရ၀ိက်ဥယျာဉ် ကမ္ဘာအတွင်း အခမဲ့ဝင် ရောက်နိုင်မည်ဟုဆိုသည်။
ဘောလုံးပွဲပြသမည့် လက်မှုကုန်းဧရိယာတွင် ပရိသတ်တစ်ထောင်ခန့်ကြည့်ရှုနိုင်ပြီး မြန်မာ ဘောလုံးပွဲစဉ် များကို ၁၆ ×၃၀ ပေအရွယ် နိုင်ငံတကာအဆင့်မီ LED ဘုတ်ဖြင့် ပြသပေးမည်ဖြစ်ကြောင်း ကိုမျိုးသက်နိုင် ကပြောသည်။
‘‘ဆီမီးဖိုင်နယ်ပွဲစဉ်ကိုလည်း အခမဲ့ပြသပေးသွားမှာပါ။ လုံခြုံ ရေးက သီးခြားလုံခြုံရေးတော့ ခေါ်မထားဘူး။ ပန်းခြံမှာရှိတဲ့ လုံ ခြုံရေးတွေကပဲ ဘောလုံးပွဲလာကြည့်တဲ့ပရိသတ်တွေ အနှောင့်အယှက်မဖြစ်အောင် အတတ်နိုင်ဆုံး ဆောင်ရွက်ပေးမှာပါ’’ဟု ၎င်း ကဆက်လက်ပြောကြားသည်။
စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသော အရှေ့တောင်အာရှ ဘောလုံးပြိုင်ပွဲတွင် ဘောလုံးအားကစားပြိုင်ပွဲ၌ အုပ်စု(က)တွင်ပါဝင်သည့် မြန်မာအသင်းသည် ကမ္ဘောဒီးယားနှင့် အုပ်စုနောက်ဆုံးပွဲမတိုင်မီ သုံးပွဲဆက်အနိုင်ရရှိထားကာ အကြိုဗိုလ်လုပွဲသို့ တက်ရောက်ခွင့် ရရှိထားပြီးဖြစ်သည်။ အကြိုဗိုလ်လုပွဲစဉ်များကို ဇွန်လ ၁၃ ရက်တွင် ကျင်းပမည်ဖြစ်သည်။
‘‘မြန်မာအသင်းက အခြေအနေအတိုင်းအတာတစ်ခုအနေနဲ့ အောင်မြင်မှုရလာတော့ အားရပါးရအားပေး ချင်တယ်။ မန္တလေးဆိုရင် အဲဒီလိုပြပေးတာရှိတယ်။ ရန်ကုန်မှာလည်း အဲဒီလိုလုပ်ပေး တော့ ၀မ်းသာတယ်။ ဘောလုံးပွဲကို ပရိသတ်တွေရာနဲ့ချီပြီး အတူတူကြည့်ရမှာဆိုတော့ ပျော်စရာကောင်းတယ်’’ဟု ယင်း ဘောလုံးပွဲပြသမည့်နေရာကို သွားရောက် ကြည့်ရှုမည့် အသက်(၃၀)အရွယ် အမျိုးသားတစ်ဦးကပြော သည်။
မြန်မာအသင်း၏ ဘောလုံးပွဲစဉ်များကို ပရိသတ်များတစုတပေါင်းတည်း တိုက်ရိုက်ကြည့်ရှုနိုင်သည့် အစီအစဉ်ကို ရန်ကုန်မြို့ လှည်းတန်းဈေးရှေ့၌ ပြသပေးသော်လည်း ကားလမ်းတစ်ဖက်ခြမ်းတွင် ပြသခြင်းဖြစ်သောကြောင့် ပရိသတ်များအဆင်ပြေပြေ ကြည့်ရှုနိုင်ခြင်းမရှိပေ။
မန္တလေးမြို့တွင် မြန်မာအသင်း၏ ဘောလုံးပွဲစဉ်တိုင်းကို နန်းကျုံးနံဘေး၌ LED ဘုတ်နှင့်ပြသလေ့ရှိပြီး မြို့ခံများကတစ်ခဲနက်အားပေးကြသည်။
7Day Daily
No comments:
Post a Comment