ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ၂၀၁၁ ခုနှစ် မတ်လမှစ၍ ဒီမိုကရေစီအသွင် ကူးပြောင်းကာ သမ္မတကြီး ဦးသိန်းစိန်ခေါင်းဆောင်သော အစိုးရအဖွဲ့မှတာဝန်ယူပြီး ဒီမိုကရေစီခရီးလမ်းကို အပြောင်း အလဲများစွာဖြင့် ချီတက်လာခဲ့ရာယနေ့ဆိုရင် သက်တမ်း ၅ နှစ်ပြည့်ရန် လပိုင်းလောက်သာကျန်ပါ တော့တယ်။ နိုင်ငံတော်သမ္မတကြီး၏ဦးဆောင်မှု၊အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်သူရွေးချယ်တင်မြှောက် ထားသောကိုယ်စားလှယ်တော်များ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးအသီးသီး ရှိ လွှတ်တော်များမှကိုယ်စားလှယ်များ၏ ပြည်သူ့အသံတစ်ဆင့်ခံဆောင်ရွက်မှုများကြောင့် ဒီမိုကရေစီခရီး ၅ နှစ်တာကာလတွင် မြန်မာနိုင်ငံအတွက် ကောင်းသောအပြောင်းအလဲများစွာကို ပြောင်းလဲနိုင်ခဲ့ပါတယ်။ နိုင်ငံနှင့် ပြည်သူ့အတွက် စိတ်ရင်းစေတနာကောင်းနှင့် အနစ်နာခံဆောင်ရွက်ပေးသော ကိုယ်စားလှယ် တော်များ၏ လုပ်ဆောင်မှုများကိုလည်း ပြည်သူများမှကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။
ယနေ့အချိန်သည် မြန်မာ့ဒီမိုကရေစီ၏ ဒုတိယအပြောင်းအလဲဖြစ်သော ၂၀၁၅ ရွေးကောက်ပွဲ ကျင်းပရန် နီးကပ်လာသောကာလ ဖြစ်ပါတယ်။ လွှတ်တော်အတွင်းရှိ အမတ်များအပါအ၀င် ပါတီအသီးသီးမှ ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရရေး အမတ်လောင်းအိပ်မက်တို့ မက်နေကြချိန်လည်း ဖြစ်ပါတယ်။ နိုင်ငံတကာမှစောင့်ကြည့်နေသည့် ၂၀၁၅ ရွေးကောက်ပွဲအပြီးတွင် လွှတ်တော်နှင့် ဒီမိုကရေစီ အခင်းအကျင်းဟာ ပိုပြီးသက်ဝင်လှုပ်ရှားလာမှာ အမှန်ပဲဖြစ်ပါတယ်။ ဒီလို လတ်ဆတ်တက်ကြွ တဲ့ကိုယ်စား လှယ်လောင်းတွေနဲ့စတင်မယ့် ဒုတိယအကြိမ်လွှတ်တော်သက်တမ်းတွင် အမတ်တွေကို ပြည်သူများက သတိရှိရှိ မှန်ကန်စွာရွေးချယ်ပေးရန်လိုသလို ပါတီတွေကိုယ်တိုင်ကလည်း အရည်အချင်းရှိတဲ့ ကိုယ်စား လှယ်လောင်းတွေ ရှာဖွေရမယ့်အချိန်လည်းဖြစ်ပါတယ်။
ပြည်သူအများ မျှော်လင့်နေသလို အပြောင်းအလဲတစ်စုံတစ်ရာကို နက်နက်ရှိုင်းရှိုင်းဆောင်ရွက်ပေးနိုင် မယ့် ကိုယ်စားလှယ်လောင်းများ၊ ပြည်သူကို ဦးထိပ်ထားကာ ဒီမိုကရေစီလမ်းကြောင်းကို မှန်ကန်စွာ ဖော်ဆောင်ပေးနိုင်မည့်သူများ၊ ကိုယ်ကျိုးမဖက် ဘက်မလိုက်ပဲ အများအကျိုးရှာဖွေဆောင်ရွက်နိုင်မယ့် ကိုယ်စားလှယ်များ၊ အမတ်များကိုပဲ ၂၀၁၅ အလွန်တွင် မြင်လိုပါတယ်။ အစိုးရကို ဝေဖန်နေရုံမျှဖြင့် ပြည်သူထောက်ခံမှုရသောခေတ်၊ လက်ခုပ်သံကျယ်ကျယ်ကြားရသောခေတ်၊ အစိုးရလုပ်ဆောင်ချက်တွေ ကို မကောင်းပြောမှကိုယ့်အတွက် ထောက်ခံမဲရမယ်ဆိုတဲ့ခေတ်၊ ဒီခေတ်တွေကုန်သွားပြီဆိုတာလည်း ကိုယ်စားလှယ်ကြီးတွေ၊ ကိုယ်စားလှယ်လောင်းတွေ သိစေချင်ပါတယ်။ အရာရာပွင့်လင်းမြင်သာပြီး သတင်းစီးဆင်းမှု မြန်ဆန်တဲ့ဒီခေတ်ကြီးမှာ ပြည်သူတွေကလည်း အသိအမြင်ကျယ်လာပြီးအကောင်းအဆိုး အမှားအမှန်ခွဲခြားတတ်ပါပြီဆိုတာကိုလည်း သတိပေးချင်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အမ်းမြို့နယ်မှာ ရခိုင်ပြည်နယ်တွင်းရှိ ပါတီတစ်ခုမှ ပုဂ္ဂိုလ်တစ်ဦး ဟောပြောခဲ့တာလေးကို ပြောချင်ပါတယ်။ ဒီပုဂ္ဂိုလ်ဟာ အမျိုးသားလွှတ်တော်မှာ ရခိုင်ပြည်နယ် ကိုယ်စားလှယ်အမတ်တစ်ဦးဖြစ်ပြီး ၆ ပွင့်ဆိုင် ဆွေးနွေးပွဲလို အဓိကကျတဲ့ နိုင်ငံအရေးတွေမှာ တိုင်းရင်းသားကိုယ်စားလှယ်အဖြစ်ပါဝင် ဆွေးနွေးခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ ဒီလိုနိုင်ငံအရေး ထဲထဲဝင်ဝင်ဆောင်ရွက်နေသူ၊ ဒီမိုကရေစီအရွှေ့အပြောင်းမှာ တိုင်းပြည်နဲ့ လက်တွဲဆောင်ရွက်နေသူတစ်ဦးရဲ့ ပြောစကားအချို့ကို လေ့လာကြည့်ပါ။ မြန်မာ့ ဒီမိုကရေစီလမ်းကြောင်းဟာ လမ်းမှန်ပေါ်မရောက်သေးကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေး မတည်ဆောက် နိုင်သေးသရွေ့ တိုင်းရင်းသားများလိုလားသော ဒီမိုကရေစီမဖြစ်နိုင်ကြောင်း၊ နိုင်ငံတော်အစိုးရကလည်း ပြည်သူ့လိုလားချက်တွေကို အပေါ်ယံသာ ဆောင်ရွက်ပေးနိုင်ကြောင်းပြောခဲ့ပါတယ်။
ဒီစကားတွေဟာ အစိုးရအပေါ်ဝေဖန်ခြင်းဆိုတာထက်ဘာလုပ်ရမည်ကိုမစဉ်းစား၊ ကိုယ်တိုင်လည်းလုပ် မကြည့်ဘဲ ဘေးထိုင်ဘုပြောနေတဲ့ အဆင့်လို့သာပြောချင်ပါတယ်။ ဒါ့ထက်ပိုဆိုးတာက ရခိုင်ပြည်နယ်မှာ မနေ့တစ်နေ့က ပေါ်လာတဲ့ သောင်းကျန်းသူအဖွဲ့ကိုထောက်ခံသည့်စကားကို သွယ်ဝိုက်ပြောသွားခဲ့ခြင်း ပါပဲ။ ဦးတည်ချက်ခိုင်ခိုင်မာမာမရှိဘဲ ဆက်ကြေးကောက်၊ လူသစ်စု၊ ခိုးဆိုးလုယက်နေသော ဓားပြအဖွဲ့ကိုထောက်ခံစကား ပြောလိုက်ခြင်းက ရခိုင်ပြည်နယ်ရှိ ပြည်သူအများ၏ မျှော်လင့်ချက်ကို သူကိုယ်တိုင်ပဲ ရိုက်ချိုးခဲ့တာလို့ ဆိုချင်ပါတယ်။ သူ့ကို လွှတ်တော်ထဲပို့ပေးခဲ့တဲ့ ဒေသခံရခိုင်လူထုအပေါ် ဒုက္ခပင်လယ်ဝေအောင် အကျိုးပြုလိုက်တာပါပဲ။
သူ့အတွက်လိုအပ်ပါက အဆိုပါဓားပြအဖွဲ့ကိုတောင် အသုံးချနိုင်သလားဟု ဒေသခံတွေစိုးရိမ်ကြီးစွာ တွေး နေကြပါပြီ။ အစိုးရနှင့်လက်တွဲပြီး ပြည်သူ့အကျိုးဆောင်ရွက်ပေးရန် မစဉ်းစားဘဲ ပြည်သူကို ဒုက္ခပေးနေ သော
အဖွဲ့အစည်းကို ထောက်ခံလိုက်ခြင်းက ဒေသခံပြည်သူတွေကို ကျေးဇူးဆပ်လိုက်တာလားလို့မေးချင် ပါ တယ်။ ဒီလိုလူမျိုးကိုမှ ရွေးချယ်မိလေခြင်းလို့လည်းကျွန်တော်တို့ ဒေသခံတွေက အလွန်ပဲခံပြင်းဒေါသ ထွက်ခဲ့ကြပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ ရခိုင်ပြည်သူတွေအနေနဲ့ လာမယ့် ၂၀၁၅ အလွန်ကာလမှာ ရိုးသားဖြူစင်သော ပြည်သူ့ဆန္ဒကို အမှန်အကောင်အထည်ဖော်နိုင်သောအရည် အချင်းရှိပြီး အဆင့်အတန်းရှိသော ပုဂ္ဂလိကမဆန်ဘဲ တိုင်းပြည်အကျိုးကို အစိုးရနှင့်လက်တွဲဆောင်ရွက်နိုင်သော တိုင်းပြည်နှင့်လူမျိုးအတွက် အမှန်တကယ်စေတနာထားဆောင်ရွက်နိုင်သော ပြည်သူ့ကိုယ်စားလှယ် တစ်ဦးကိုသာ ကျွန်တော်တို့ အလိုရှိပါကြောင်း ရခိုင်လူထုတစ်ရပ်လုံးကိုယ်စား တောင်းဆိုလိုက်ရပါတယ်။
ထွန်းကျော်သာ(မြောက်ဦး)
No comments:
Post a Comment