Monday, June 22, 2015

စင်ကာပူသို့ မားစ်ရောဂါ အနှေးနှင့်အမြန် ကူးစက်လာမည်ဟု မျှော်လင့် ပြင်ဆင်ထားကြောင်း ကျန်းမာရေးဝန်ကြီးဆို

မားစ်ရောဂါပိုးသည် စင်ကာပူသို့ အနှေးနှင့်အမြန်ကူးစက် ရောက်ရှိလာမည်ဟု ကြိုတင်တွေးတော ပြင်ဆင် ထားကြောင်း ကျန်းမာရေးဝန်ကြီး ဂန်ကင်မ်ယောင်းက ထုတ်ဖော်ပြောကြားလိုက်သည်။

အရှေ့တောင်အာရှဒေသတွင်း နိုင်ငံတစ်ခုဖြစ်သည့် ထိုင်းတွင် ပထမဆုံးအကြိမ် မားစ်ရောဂါကူးစက်မှု ဖော်ထုတ်တွေ့ရှိပြီးနောက် ယင်းနှင့်ဆက်နွှယ်ပြီး သတင်းထောက်များက မေးမြန်းသည့်အခါ ဂန်က ယင်းကဲ့သို့ ဖြေကြားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း လတ်တလောတွင် လေဆိပ်များ၌ ခရီးသည်များ၏ ကိုယ်အပူချိန်ကို တိုင်းတာစောင့်ကြည့်သည့် စနစ်မျိုး စတင်တပ်ဆင်ဦးမည် မဟုတ်ဟု ဝန်ကြီးက ဆိုသည်။

အရှေ့အလယ်ပိုင်းဒေသတွင် စတင်ကူးစက်လာသည့် မားစ်ရောဂါသည် ယခုနှစ်တွင် တောင်ကိုရီးယားသို့ ရောက်ရှိလာပြီး အာရှတိုက်၏ အဓိကကျန်းမာရေးပြဿနာကြီးတစ်ခု ဖြစ်လာခဲ့သည်။ ယခုသီတင်းပတ် တွင်မူ ထိုင်းနိုင်ငံတွင် မားစ်ရောဂါ ကူးစက်လာသူ တစ်ဦးကို ပထမဆုံးအကြိမ် တွေ့ရှိခဲ့သည်။

နိုင်ငံတကာနှင့် ထိတွေ့ ဆက်ဆံနေသည့် စင်ကာပူအနေဖြင့် မားစ်ရောဂါကူးစက်မှုကို အချိန်အတိုင်း အတာ တစ်ရပ်အတွင်းတွေ့ကြုံရမည်ဟု မျှော်လင့်ထားကြောင်း ဝန်ကြီးချုပ်လီရှန်လွန်း၏ မှတ်ချက်စကား အပြီး မကြာမီတွင် ဂန်ကပါ အလားတူ ပြောဆိုခဲ့ခြင်းဖြစ်သည်။

“(တောင်ကိုရီးယားနဲ့ ဆော်ဒီလို) ရောဂါကူးစက်မှု သိသိသာသာ ဖြစ်ပွားနေတဲ့ နိုင်ငံတွေကတော့ ဒီရောဂါ တိုက်ဖျက်ရေးကဏ္ဍမှာ ရှေ့တန်းစစ်မျက်နှာလို ဖြစ်နေတာပေါ့။ သူတို့အနေနဲ့ သတိကြီးကြီးထားပြီး နောက်ဆုံး အခြေအနေတိုင်းကို အဆက်မပြတ် လေ့လာစောင့်ကြည့်နေဖို့ လိုလိမ့်မယ်။ ကျွန်တော်တို့ အနေနဲ့လည်း စင်ကာပူဆေးရုံတွေကို လိုအပ်တဲ့လေ့ကျင့်မှုတွေနဲ့ ပြင်ဆင်မှုတွေအတွက် ထောက်ပံ့ ပေးထားပါမယ်။ ဒါမှလည်း စင်ကာပူမှာ မားစ်ရောဂါကူးစက်မှု ကြုံလာပြီဆိုရင် ကျန်းမာရေးဝန်ထမ်းတွေ က ကျင့်သားရပြီးသား ဖြစ်နေမှာပါ”ဟု ဂန်က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် ဇွန် ၁၈ ရက်တွင် အိုမန်မှ ရောက်ရှိလာသည့် အသက် ၇၅ နှစ်အရွယ် အမျိုးသားတစ်ဦး၌ မားစ်ရောဂါပိုး တွေ့ရှိကြောင်း ကြေညာခဲ့သည်။ တောင်ကိုရီးယားတွင်မူ ရောဂါကူးစက်မှု ၁၆၀ ကျော်မျှ ရှိခဲ့ပြီး ဇွန် ၂၀ ရက်တွင်မူ မားစ်ရောဂါပိုး ကူးစက်ခံရသူနှင့် သေဆုံးသူအရေအတွက် တိုးမလာခဲ့ဟု ဆိုသည်။ ယင်းသည် ဇွန် ၃ ရက်နောက်ပိုင်း ပထမဆုံးအကြိမ် ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်သည့် မှတ်တမ်းတစ်ခုလည်း ဖြစ်လာခဲ့သည်။ 

7Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ