ပြည်သူ ငါးသန်းကျော် က ပြင်ဆင်ရန် ဆန္ဒပြုလက်မှတ် ရေးထိုးထားသော အခြေခံဥပဒေ ပြင်ဆင်ရေးတွင် သော့ချက်ဖြစ်သည့် ပုဒ်မ ၄၃၆ သည် လက်ရှိကာလ၌ ပြင်ဆင်ရန်မသင့်သေးကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။
ဇွန်လ ၉ ရက်တွင် ပြုလုပ်သည့် ဂျပန်နိုင်ငံ The Mainichi သတင်းဌာနနှင့် အင်တာဗျူး၌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အထက်ပါအတိုင်းထည့်သွင်း ဖြေကြားခဲ့ခြင်း ဖြစ်သည်။
ပုဒ်မ ၄၃၆ နှင့် ၅၉ (စ)အပါ အ၀င် အခြေခံဥပဒေပါ အချက်အချို့ပြင်ဆင်ရန် ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းပြီး နောက်တစ်ရက်ဖြစ်သည့် ဇွန်လ ၁၁ ရက်တွင် အဆိုပါ အင်တာဗျူးကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။
‘‘ဒီအချိန်ကတော့ ပြင်ဖို့မသင့်သေးတဲ့ အချိန်တစ်ခုလို့ ပြောရပါလိမ့်မယ်။ အခြေအနေပေါ်မူ တည်ပြီးတော့ မှ တိုင်းပြည်တစ်ခုရဲ့အခြေအနေ မယိမ်းယိုင်အောင်ဆိုတာ ကျွန်တော်တို့က ပြန်ပြီး ထိန်းရတာဖြစ်တဲ့ အတွက်ကြောင့် အခြေအနေအရပ်ရပ်တွေ အားလုံးကောင်းလာတဲ့အခါမှာ ဒီပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆိုတာက အဓိကမဟုတ်တော့ဘူးဆိုတာ အဲဒီအချိန်ကျရင် သဘောပေါက်လာ ပါလိမ့်မယ်’’ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိပြီးသည့်နောက်ပိုင်း ဖြစ်ပေါ်လာသည့် နိုင်ငံ၏အပြောင်းအလဲများကို လက်ရှိ ပကတိအခြေအနေထိဖြစ်လာစေရန် တပ်မတော်က လုပ်လာခဲ့ခြင်ဖြစ်သည့်အတွက် လက်ရှိအခြေအနေကို ယိမ်းယိုင်သွားစေမည့် မည်သည့်ကိစ္စ ရပ်မဆို တပ်မတော်အနေဖြင့် မည်သို့မျှ လက်ခံ၍မရကြောင်း ၎င်းက ဆိုသည်။
‘‘ကျွန်တော်တို့က လက်ရှိတည်ငြိမ်နေတဲ့ နိုင်ငံဖြစ်အောင် ကြိုးစားနေတယ်။ နောက်အချုပ်အခြာ အာဏာရှိတဲ့ နိုင်ငံတစ်ခုအနေနဲ့ ခိုင်ခိုင်မာမာရပ်တည်နိုင်အောင် လုပ်နေတယ်။ ဒီလိုအခြေအနေမျိုး ရောက်အောင် တပ်မတော်က လုပ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့် ဒီအခြေအနေမျိုး ထိခိုက်တာကိုတော့ ကျွန်တော်တို့ တွေဟာ ဘယ်လိုမှအရောက်မခံနိုင်ပါဘူး’’ ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အင်တာဗျူး တွင် ဆက်လက်ပြောကြားသည်။
အခြေခံဥပဒေတစ်ရပ်သည် အခြေအနေ အချိန်အခါအရပြုပြင်ရန်လိုအပ်သည် မှန်သော်လည်း လွယ်လွယ် ကူကူပြုပြင်နိုင်မည့် အနေအထားမျိုးဖြစ်လာလျှင် ကောင်းမွန်မှုမရှိနိုင်ကြောင်း ၎င်းက ပြောသည်။
အခြေခံဥပဒေပြင်ဆင်ရေး ဆောင်ရွက်ရာတွင် တပ်မတော်၏သဘောတူညီမှုမပါဘဲ ပြင်ဆင်ရန်မှာ မည်သို့မျှဖြစ်နိုင်ခြေမရှိသဖြင့် ထိုကဲ့သို့ မဖြစ်စေရန် ညှိနှိုင်းသည့်အနေဖြင့် ခြောက်ပွင့်ဆိုင် တွေ့ဆုံရန် တောင်းဆိုနေချိန်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ယခုကဲ့သို့ ပြောကြားလိုက်ခြင်းသည် တပ်အနေဖြင့် ယခင်ရပ်တည်ချက်ကိုပင် ဆုပ်ကိုင်ထားခြင်းကို ပြသလိုက်ခြင်းဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်အချို့အပါအ၀င် နိုင်ငံရေးအသိုင်းအ၀ိုင်းမှ ပုဂ္ဂိုလ်အချို့က သုံးသပ်သည်။
ပုဒ်မ ၄၃၆ သည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အရေးကြီးသော ပုဒ်မ ၉၀ ကျော်ကို ပြင်ဆင်လိုပါက ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံမှသာ လူထုဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူဦးရေထက်ဝက်ကျော်၏ ထောက်ခံမှုရရှိမှသာ ပြင်ဆင်နိုင်မည်ဖြစ်ရာ ထိုအချက်များပြင်လိုလျှင် ပြည်ထောင်စုလွှတ်တော်ရှိ တပ်မတော်သားကိုယ်စားလှယ် အနည်းဆုံး တစ်ဦး၏ ထောက်ခံမှုကို မဖြစ်မနေလိုအပ်နေသည်။
‘‘ပြည်ထောင်စုလွှတ်တော်က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးလမ်းကြောင်းပေါ်ရောက် အောင် ခြောက်ပွင့်ဆိုင်တွေ့ဆုံရေး အဆိုကို အတည်ပြုခဲ့တယ်။ ဒီခြောက်ပွင့်ဆိုင်ရဲ့ တစ်ဆို့မှုကြောင့် ဖွဲ့စည်းပုံ ပြင်ဆင်ရေးဖြစ် မလာခဲ့ရင် သမိုင်းတွင်မယ့် အမှားတစ်ခုဖြစ်သွားမှာ စိုးတယ်။ ပြည်ထောင်စုလွှတ်တော် မှာ တင်မယ့် ဖွဲ့စည်းပုံဥပဒေကြမ်း မှာ ၂၅ ရာခိုင်နှုန်းဘက်က ကမောက်ကမဆွေးနွေးပြီးမှ ပြည်သူရဲ့ ရပ်တည်ချက်သည် ပြောင်းပြန်ဖြစ်သွားမယ့် မြင်ကွင်းမျိုးကို ထုတ်ဖော်ပြလာတဲ့အခါ စစ်ဘက်၊ အရပ်ဘက် ဆက်ဆံရေးပျက်ယွင်း သွားနိုင်တယ်’’ဟု ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲတွင် တိုင်းရင်းသားများအတွက် ကိုယ်စားပြု ပါဝင်သူ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်က ပြောသည်။
မိမိတို့ပူးပေါင်းဆောင်ရွက်ထားသည့် ပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် ရရှိထားသော လက်မှတ်ငါးသန်း အပေါ် တာဝန်ယူမှု၊ တာဝန်သိမှုတို့ဖြင့် အကောင်အထည်ပေါ်ရေး ဆက်လက်ဆောင်ရွက် မည်ဖြစ်ကြောင်း မေလ ၂၇ ရက်တွင် NLD နှင့် ၈၈ (ငြိမ်း/ပွင့်)တို့ ပူးတွဲထုတ်ပြန်သည့် ကြေညာ ချက်တွင် ဖော်ပြထားသည်။
အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းကို လွှတ်တော်တွင် တင်သွင်းဆွေးနွေးသည့်အခါ တပ်မတော်သား လွှတ်တော်ကိုယ်စား လှယ်များအနေဖြင့် အများပြည်သူပြင်ဆင်ရန် ဆန္ဒရှိသော အချက်များကို ကန့်ကွက်မဲပေးနေပါက ရရှိလာမည့်အဖြေသည် သမိုင်းတွင် ပေါ်လွင်လာမည်ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွန့်က ပြောသည်။
‘‘တပ်မတော်ကနေ အကုန်လုံးကို မပြင်ချင်ဘူးဆိုပြီး အကုန်လုံးကန့်ကွက်မဲပေးနေရင်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို တရားသဖြင့် ပြင်ဆင်နိုင်ရေးက ဘယ်အဖွဲ့အစည်းက ဘယ်လိုကန့် ကွက်လို့လဲဆိုတဲ့ အဖြေက သမိုင်းမှာ ပေါ်လာလိမ့်မယ်’’ဟု ၎င်းက ဆိုသည်။
အခြေခံဥပဒေမှ ပုဒ်မ ၄၃၆ နှင့် ပုဒ်မ ၅၉ (စ)တို့ အပါအ၀င် ပုဒ်မအချို့ကို ပြင်ဆင်ထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်သို့ ဇွန်လ ၁၀ ရက် တွင် တင်သွင်းထားသည်။
No comments:
Post a Comment