Friday, June 12, 2015

ရေပိုင်နက်ထဲ ဝင်လာသည့် လူမှောင်ခို လှေတစ်စီးကို ငွေကြေးပေးပြီး ထွက်ခွာစေခဲ့ကြောင်း ဩတြေးလျ စွပ်စွဲခံနေရ

ဩစတြေးလျ အာဏာပိုင်များအနေဖြင့် နိုင်ငံ ရေပိုင်နက်ထဲ ဝင်ရောက်လာသည့် လူမှောင်ခို လှေတစ်စီးကို ငွေကြေးပေးချေပြီး ပြန်လည် ထွက်ခွာစေကြောင်း စွပ်စွဲမှုများနှင့် ကြုံနေရသည်။

ဝန်ကြီးချုပ် တိုနီအက်ဘော့တ် အနေဖြင့် အဆိုပါ စွပ်စွဲချက်များနှင့် ပတ်သက်၍ ငြင်းဆန်ခြင်း၊ ဝန်ခံခြင်း မရှိသေးဘဲ နှုတ်ဆိတ်နေသည်။ လူမှောင်ခို သမားများက
ရွှေ့ပြောင်းအခြေချလိုသူများကို ဩစတြေးလျ ကမ်းခြေသို့ လှေဖြင့် တင်ဆောင် ခေါ်ယူလာသော်လည်း အာဏာပိုင်များက ယင်းတို့ကို ငွေကြေးပေးချေပြီး လမ်းကြောင်း ပြန်လှည့်စေခဲ့ခြင်းဟု သတင်းများက ဖော်ပြခဲ့သည်။

ဩစတြေးလျ ကမ်းခြေစောင့် တပ်များသည် ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာနှင့် မြန်မာနိုင်ငံ အနောက်ပိုင်း ဒေသများမှ ရွှေ့ပြောင်းလာသူများကို တင်ဆောင်လာသည့် အဆိုပါလှေကို ကြားဖြတ်ဟန့်တားပြီး လူမှောင်ခိုသမားများကို ဒေါ်လာငွေ ထောင်နှင့်သောင်းနှင့်ချီ ပေးချေကာ အင်ဒိုနီးရှား နိုင်ငံဘက်သို့ လမ်းကြောင်းပြောင်း ခုတ်မောင်းစေကြောင်း Fairfax သတင်းဌာနက ဖော်ပြခဲ့သည်။

အဆိုပါ စွပ်စွဲဖော်ပြချက်ကို အင်ဒိုနီးရှား အာဏာပိုင်များက စုံစမ်းလျက် ရှိသည်။ အက်ဘော့တ် အနေဖြင့် ယင်းနှင့်ပတ်သက်ပြီး မေးခွန်းများကို ငြင်းဆိုခြင်း မရှိခဲ့ချေ။ “ကျွန်တော်တို့ကတော့ ရေပိုင်နက်ထဲ ဝင်လာတဲ့ လှေတွေကို ဖြစ်နိုင်သမျှ နည်းလမ်း အားလုံးနဲ့ တားဆီးမှာပဲ။ ဒါဟာ ကုန်သွယ်မှု လုပ်ငန်းတစ်ခု ဖြစ်နေပြီး အဲဒါကို ရပ်တန့်ထားနိုင်တာ သေချာဖို့ ကျွန်တော်တို့က လုပ်စရာရှိတာလုပ်ပါမယ်”ဟု အက်ဘော့တ်က ဇွန်လ ၁၂ ရက်တွင် ပြောကြားခဲ့သည်။

Fairfaxက အဆိုပါလှေသည် ဩစတြေးလျ၊ သို့မဟုတ် နယူးဇီလန်သို့ သွားရောက်ရန် ကြိုးပမ်းခဲ့ပြီး ရွှေ့ပြောင်း နေထိုင်လိုသူ ၆၅ ဦးကို တင်ဆောင်လာကြောင်း၊ ဩစတြေးလျ အာဏာပိုင်များက ရေယာဉ်အဖွဲ့သား ၆ ဦးကို တစ်ဦးလျှင် အမေရိကန်ဒေါ်လာ ၅၀၀၀ စီ ပေးအပ်ကာ လှေကို အင်ဒိုနီးရှားဘက် ဦးလှည့် ထွက်ခွာစေခဲ့ကြောင်း ဖော်ပြထားသည်။ ယခုဖြစ်ရပ်နှင့် ပတ်သက်ပြီး ဩစတြေးလျရှိ အင်ဒိုနီးရှား သံရုံးကလည်း မှတ်ချက်မပေးသေးကြောင်း သိရသည်။
7Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ