တိုင်းဒေသကြီး နှင့် ပြည်နယ်များအား အခွင့်အာဏာလုပ်ပိုင်ခွင့်များ ပိုမိုပေးအပ် နိုင်ရေးနှင့် အခွန်ငွေများ ပိုမိုခွဲဝေပေးနိုင်ရန် အခြေခံဥပဒေပါပြဋ္ဌာန်းချက်များကို ပြင်ဆင်နိုင်မည့် ဥပဒေကြမ်းတစ်ရပ်ကို ယခုလအတွင်း လွှတ်တော်သို့ တင်သွင်းမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားလိုက်သည်။ လစဉ်ပြောကြားနေသည့် နိုင်ငံတော်သမ္မတ၏ ရေဒီယိုမိန့်ခွန်း အစီအစဉ်၌ ယင်းကိစ္စရပ်ကို ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ် သည်။
ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတို့အား ဥပဒေပြုရေး၊ အုပ်ချုပ်ရေးအာဏာများ ခွဲဝေကန့်သတ်ထားသည့် အခြေခံဥပဒေပါ ဇယား(၁) ၊ (၂) တို့ကို ပြင်ဆင်ရန် ဥပဒေကြမ်းတစ်ရပ် တင်သွင်းမည်ဖြစ်ကြောင်း ဦးသိန်းစိန်က ပြောသည်။
‘‘ကျွန်တော်တို့ တိုင်းပြည်ကို ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ပြည်ထောင်စုအဖြစ် ပြောင်းလဲတည်ဆောက် ရာမှာ အခြေခံကောင်းတွေရှိနေဖို့ လိုအပ်ပါတယ်။ ဒါကြောင့် တိုင်းဒေသကြီး နဲ့ ပြည်နယ်တွေက ဒေသခံ တိုင်းရင်းသားပြည်သူများရဲ့ အကျိုးစီးပွားကို ဦးတည်တဲ့မျှတမှုလည်းရှိတဲ့ ဘဏ္ဍာငွေ အခွန်အကောက် ခွဲဝေမှု၊ လုပ်ပိုင်ခွင့်အာဏာခွဲဝေမှုတွေကို ဇယား (၁) နဲ့ ဇယား (၂)တို့မှာ ပြင်ဆင်နိုင်ဖို့ ဦးစားပေးညှိနှိုင်း လုပ်ဆောင်နေပါတယ်’’ဟု သမ္မတက ရေဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ ထိုသို့ အခြေခံ ဥပဒေပြင်ဆင်ရေးလုပ်ဆောင်ခြင်းသည် လွှတ်တော်မှဆောင်ရွက်မည့် အခြေခံဥပဒေကို ကျယ်ကျယ် ပြန့်ပြန့်ပြင်ဆင်ရန် လုပ်ဆောင်နေခြင်းအပေါ် အဟန့်အတားတစ်ရပ်ဖြစ်စေနိုင် သည့် အသွင်ဖြစ်စေနိုင်ကာ ထိုကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့်လုပ် ဆောင်ရန် သမ္မတက မနှစ်မြို့သည့်အသွင်ကို ဆောင်သည့် သဘော လည်းဖြစ်နေကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့က သုံးသပ်သည်။
‘‘ဒါက လွှတ်တော်ထဲမှာ ကျွန်တော်တို့ ပုဒ်မ ၄၃၆ အပါအ၀င် တခြားပုဒ်မတွေကိုပါ ကျယ်ကျယ် ပြန့်ပြန့် ပြင်ဖို့ ဆောင်ရွက်နေတယ်။ ဒါကို တပ်ဘက်က သဘောမတူဘူး။ သူတို့ပြင်ချင်တာက နောက်မှာပါတဲ့ ဇယားတွေ လောက်ပဲ ပြင်ချင်တယ်။ အဲဒါကြောင့် အခု သမ္မတက တပ်ရဲ့ သဘောဆန္ဒအတိုင်း ဒါကို အကောင်အထည်ဖော်မယ်လို့ ထုတ်ပြောလိုက်တဲ့ သဘောဖြစ်နေတယ်’’ဟု လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဆိုသည်။အခြေခံဥပဒေကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးနိုင်ရေးအတွက် ရည်ရွယ်၍ ပြည်ထောင်စု လွှတ်တော်က တောင်းဆိုထားသည့် ခြောက်ပွင့်ဆိုင်တွေ့ဆုံရေးကိုလည်း ဧပြီလဆန်းတွင် တစ်ကြိမ်သာ လုပ်ဆောင်ခဲ့ပြီး ထပ်မံတွေ့ဆုံခဲ့ခြင်းမရှိပေ။
ထို့ပြင် တိုင်းရင်းသားများလိုလားသည့် ၀န်ကြီးချုပ်များအား သက်ဆိုင်ရာပြည်နယ်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် များကသာ တိုက်ရိုက်တင်မြှောက် နိုင်ရေးကိစ္စရပ်ကို ပြင်ဆင်ရန် သမ္မတက ထည့်သွင်းပြောကြားမှု မပြုခဲ့ပေ။
အလုပ်သမားများအတွက် အရေးကြီးသော အနိမ့်ဆုံးအခြေခံလုပ်ခလစာနှင့် ပတ်သက်သည့် ဆုံးဖြတ် ချက်များကို ယခုနှစ်အတွင်း၌ပင် သတ်မှတ်ပြဋ္ဌာန်းနိုင်တော့မည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ သမ္မတက ဇွန်လအတွက် ပြောကြားသော ရေဒီယိုမိန့်ခွန်းတွင် ဒီမိုကရေစီဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ထောင်ရေး၊ သန်းခေါင်စာရင်းပင်မအစီရင်ခံစာထုတ်ပြန်ရေး ၂၀၁၅ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး၊ လှေစီးဒုက္ခသည်များအရေးစသည့်အကြောင်း အရာများကိုလည်း ထည့်သွင်း ပြောကြားခဲ့သည်။
No comments:
Post a Comment