နာမည်ကျော်ကေပေါ့ပ်အဖွဲ့များ ပါဝင်သည့်ဖျော်ဖြေပွဲ လက်မှတ်ခများကို ပွဲစီစဉ်သည့် ကုမ္ပဏီက ယူဆောင်ထွက်ပြေးသွားသောကြောင့် ဖျက်သိမ်းမည့် အခြေအနေထိ ဖြစ်ခဲ့သော်လည်း ဖျော်ဖြေပွဲကို ယခင်စီစဉ်ထားသည့်အတိုင်း ဇွန်လ ၁၆ ရက်ည က အောင်မြင်စွာ ကျင်းပနိုင်ခဲ့ သည်။
‘‘လက်မှတ်တွေ တော်တော်များများရောင်းရပြီး ပရိသတ်တွေ ကိုယ်တိုင်လည်း စိတ်ပျက်ခဲ့ပါတယ်။ အဲဒီ အပြင် ကိုရီးယားလူမျိုးတွေအပေါ်မှာလည်း ယုံကြည်မှုပျောက်ပျက်နိုင်ပြီး ကိုရီးယားလူမျိုးဖြစ်တဲ့ ကျွန်တော်ကိုယ်တိုင်လည်း အရှက်များစွာရခဲ့ပါတယ်။ မြန်မာကေပေါ့ပ် Fan တွေက ကေပေါ့ပ်ကို ကြိုက်သလို ကျွန်တော်တို့ကလည်း မြန်မာလူမျိုးတွေကို စိတ်ပျက်မှုမဖြစ်စေချင်ပါဘူး။ အဲဒါကြောင့် မြန်မာမှာနေထိုင်တဲ့ ကိုရီးယားလူမျိုးတွေ စုပေါင်းပြီး ဒီပွဲဖြစ်မြောက်အောင် ဆက်လက်ဆောင်ရွက်ခဲ့ပါ တယ်’’ဟု မြန်မာနိုင်ငံရောက် ကိုရီးယားလူမျိုးများ အဖွဲ့အစည်းဥက္ကဋ္ဌ မစ္စတာအီဂျောင်ဂူက ဇွန် လ ၁၆ ရက် နေ့လယ်တွင်ပြုလုပ်ခဲ့သော စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောကြားသည်။
ယင်းဖျော်ဖြေပွဲကို မြန်မာ- ကိုရီးယား နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် (၄၀) ပြည့် အထိမ်း အမှတ်အဖြစ် ပြုလုပ်ခြင်းဖြစ်ပြီး ဖျော်ဖြေပွဲကို ဦးဆောင်ကျင်းပသော ကုမ္ပဏီတစ်ခုဖြစ်သည့် HanBeak ကုမ္ပဏီသည် ယင်းဖျော်ဖြေပွဲလက်မှတ်ရောင်းရငွေများအား ယူဆောင်ထွက်ပြေးသွားသောကြောင့် ဖျော်ဖြေပွဲကို မြန်မာနိုင်ငံရောက် ကိုရီးယားလူမျိုးများ အဖွဲ့အစည်းက Tiger Fate ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက် ခဲ့ခြင်းဖြစ်သည်ဟု ဇွန်လ ၁၆ရက် နေ့လယ်၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြော ကြားခဲ့သည်။
HanBeak ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ကေပေါ့ပ်ဖျော်ဖြေပွဲကို ပထမဆုံးစီစဉ်ကျင်းပခဲ့သည့် ကုမ္ပဏီ တစ်ခုဖြစ်ပြီး ၂၀၁၄က ကေပေါ့ပ်ဖျော်ဖြေပွဲ နှစ်ကြိမ်ကျင်းပပြုလုပ်ခဲ့သည်။ ပထမတစ်ကြိမ် ကျင်းပသည့် ဖျော်ဖြေပွဲမှာ အောင်မြင်မှုရရှိခဲ့သော်လည်း ဒုတိယအကြိမ် ဖျော်ဖြေပွဲမှာမူ ပရိသတ်စိတ်ဝင်စားမှု နည်းသည့် ဖျော်ဖြေပွဲဖြစ်ခဲ့သည်။
ဖျော်ဖြေပွဲကို ဇွန်လ ၁၆ ရက်ညက ရှင်စောပုလမ်းရှိ My−anmar Event Park ၌ ပြုလုပ်ခဲ့ပြီး ဖျော်ဖြေပွဲတွင် တောင်ကိုရီးယား နာမည်ကျော် ကေပေါ့ပ်အဖွဲ့များဖြစ်သည့် BTS နှင့် Ailee တို့အပါအ၀င် Nonic၊ A.KOP နှင့် HALO အဖွဲ့တို့ ပါဝင်ဖျော်ဖြေခဲ့ကြသည်။
7Day Daily
No comments:
Post a Comment