မိုးကုတ်မြို့ရှိ အောင်သိဒ္ဓိရပ်ကွက်တွင် ဇွန်လ ၂ ရက် နံနက် ၆ နာရီခန့်က မြေပြိုမှုကြောင့် အိပ်ပျော်နေ သည့် (၁၀) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အပါအ၀င် လူလေးဦးသေဆုံးခဲ့ပြီး အမျိုးသားတစ်ဦးနှင့် ကလေး ငယ်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
မြေပြိုမှုကြောင့် အောင်သိဒ္ဓိရပ်ကွက် စာသင်ကျောင်းအနီး တောင်ကုန်းအောက်ရှိ နေအိမ်တွင် အိပ်ပျော်နေသူ ခြောက်ဦးအနက် လေးဦးမှာ နေရာ၌သေဆုံးသွားကြောင်း မိုးကုတ် မြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။
‘‘ရှာဖွေကယ်ဆယ်ရေးတွေ လုပ်နေပါတယ်။ မီးသတ်တပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးအဖွဲ့တွေလည်း ပါတယ်။ သေဆုံးတာက အမျိုးသမီးလေးဦးပါပဲ။ နောက်ထပ်သေဆုံးတဲ့သူတွေ ထပ်မံတွေ့ရှိတာ မရှိသေး ပါဘူး’’ဟု မိုးကုတ် မြို့နယ် အထွေထွေအုပ်ချုပ်ရေး မှူး ဦးဥက္ကာက ပြောသည်။
မြေပြိုမှုကြောင့် အသက် (၇၅) နှစ်၊ (၁၆) နှစ်၊ (၄၀) နှစ်၊ (၁၀) နှစ်အရွယ်ရှိ အမျိုးသမီး လေးဦးသေဆုံးခဲ့ပြီး အမျိုးသားတစ်ဦးနှင့် (၆) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ဒဏ်ရာရရှိခဲ့၍ မိုးကုတ်ဆေးရုံသို့ တင်ပို့ထား ကာ စိုးရိမ် ဖွယ်မရှိကြောင်း သိရသည်။
‘‘ဒီရက်ပိုင်းမှာ မိုးကစွေနေတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူး။ မြေပြိုတော့ အုတ်တံတိုင်းပါလဲသွား တယ်။ အုတ်တံတိုင်းနဲ့ မြေက အိမ်ကိုဖုံးပြီး ပျောက်ကိုသွားတဲ့ ပုံစံမျိုး။ နှစ်ထပ်အိမ်လား၊ မြေစိုက် အိမ်လားကို မသိနိုင်တော့တာ’’ဟု မိုးကုတ်မြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ဆိုသည်။
အဆိုပါမြေပြိုမှုကြောင့် လူသေဆုံးမှုနှင့် ပတ်သက်၍ မိုးကုတ်မြို့မရဲတပ်ဖွဲ့စခန်းတွင် သေမှုသေခင်း အမှတ်စဉ် ၂၄/၂၀၁၅ ဖြင့် အမှုဖွင့်စစ်ဆေးနေပြီး ယခုနှစ်အတွင်း မြေပြိုမှုကြောင့် လူသေဆုံးမှုဖြစ်ပွား ရခြင်းမှာ ပထမအ ကြိမ်ဖြစ်ကြောင်း စုံစမ်းသိရသည်။
‘‘ညကမိုးရွာပြီး မိုးများလို့ မြေပြိုတယ်။ အိမ်တွေက တောင်ကုန်းတွေ တောင်စောင်းတွေမှာ ဆောက်ထား တော့ အိမ်အပေါ်တောင်ကုန်းက မြေပြိုတော့ ကျောက်စီထားတဲ့ ခြံစည်းရိုးပါပြိုတယ်။ ကျောက်စီအုတ်ရိုးက အိမ်ပေါ်ဖိမိပြီး တစ်အိမ်လုံးပျက်စီး သွားတယ်။ အလောင်းတွေကို မြေကြီးထဲကနေ ဆယ်ယူခဲ့ရတယ်။ ပျက်စီးသွားတဲ့ အိမ်ကထရံကပ် အိမ်ပါ။ မိုးကုတ်မှာ မိုးရာသီ အခုလို ဖြစ်တတ်တယ်’’ဟု မိုးကုတ်မီး သတ်တပ်ဖွဲ့မှ ဦးရေခဲကပြောသည်။
7 day daily
No comments:
Post a Comment