အနည်းဆုံးအခကြေးငွေ သတ်မှတ်နိုင်ရေးအတွက် ဘက်စုံပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲမတိုင်မီ အလုပ် သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးအေးမြင့်ဦးဆောင်သောအဖွဲ့က CMP လုပ်ငန်းရှင်များနှင့်အကြို ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
ရန်ကုန်မြို့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၌ ဇွန်လ ၂၀ ရက်နံနက် ၉ နာရီတွင်အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေးလုပ်ငန်းစဉ်ကို အထောက်အကူပြုနိုင်ရေးအတွက် ကုန်သွယ်ရေးနှင့် စီးပွားရေးလုပ်ငန်းများ မြှင့်တင်ရေးအထူးလုပ်ငန်းအဖွဲ့ နှင့် CMP လုပ်ငန်းရှင်များ ညှိနှိုင်း အစည်းအဝေး ကျင်းပခဲ့ခြင်းဖြစ် သည်။
‘‘အစည်းအဝေးမှာ တိကျတဲ့အဖြေတော့ ထွက်မလာပါဘူး။ ထပ်ပြီး ညှိနှိုင်းဆွေးနွေးသွားရဦးမှာပါ။ အနည်း ဆုံးလုပ်ခလစာ သတ်မှတ်နိုင်ဖို့ဆိုတာက CMP လုပ်ငန်းတွေနဲ့ပဲ အဓိကအခက်အခဲဖြစ်နေတော့ အလုပ်ရုံ ဆွေးနွေးပွဲမတိုင်မီ လုပ်ငန်းရှင်ရဲ့အခက်အခဲ၊ ဘာတွေလိုအပ်သလဲဆိုတာ အကြိုဆွေးနွေးညှိနှိုင်း တဲ့သဘော ပါ’’ ဟု အစည်းအဝေးသို့တက် ရောက်ခဲ့သူ CMP အထည်ချုပ် လုပ်ငန်းရှင်တစ်ဦးကပြောသည်။
ကုန်သွယ်ရေး၊ စီးပွားရေး လုပ်ငန်းအဖွဲ့၊ အထည်ချုပ်လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးရခြင်းမှာ မိမိတို့အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် အနည်းဆုံး အခကြေးငွေသတ်မှတ်နိုင်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရေး အတွက် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေး ရခြင်းဖြစ်ပါကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဦးအေးမြင့်က ဆက်လက် ပြောကြားသည်။
‘‘နှစ်ဖက်ကတော့ အဖြေမရရအောင်ညှိရမယ့် သဘောဖြစ်နေတယ်။ တစ်ဖက်ဘက်က တင်းခံနေရင်တော့ ကောင်းမွန်တဲ့ရလဒ်တော့ ထွက်လာမှာမဟုတ်ဘူး။ ကျွန်တော့်အနေနဲ့ကတော့ ပြေပြေလည်လည်ပဲ ဖြစ်စေချင်တယ်’’ ဟု လက်ရှိ CMP လုပ်ငန်း များနှင့်ပတ်သက်၍ ညှိနှိုင်းရခက် ခဲနေခြင်းအပေါ် အထည်ချုပ် လုပ်ငန်းရှင် ဦးအေးသောင်းက မှတ်ချက်ပြုပြောကြားသည်။
အဆိုပါ အစည်းအဝေးပွဲတွင် လုပ်ငန်းရှင်များဘက်ကလုပ် ခလစာသတ်မှတ်မှုအတွက် အစိုးရပိုင်းက လုပ်ငန်းရှင်များထိခိုက် နစ်နာမှုမရှိစေအောင် ဖြည့်ဆည်းပေးရမည့်အချက်များ တောင်းဆိုခဲ့ကြသည်။ အစိုးရက လိုက်လျောဖြေလျှော့ပေးနိုင်မည့်အချက်ကို ဖြေလျှော့ပေးမည်ဟု ကတိပြုခဲ့ကြောင်းသိရသည်။ အသေးစိတ် ကိုမူ ထုတ်ဖော်ပြောကြားထား ခြင်းမရှိသေးပေ။
အနည်းဆုံး လုပ်ခလစာ သတ်မှတ်နိုင်ရေးအတွက်အလုပ် သမားများက တစ်ရက်လျှင် အနည်းဆုံးလုပ်ခ ကျပ် ၃,၀၀၀ မှ ကျပ် ၆,၀၀၀ ထိပေးရန်တောင်းဆိုထားပြီး CMP လုပ်ငန်းရှင်များက အချိန်ပိုနှင့် အခြား ရပိုင်ခွင့်များ မပါ တစ်ရက်လျှင် ကျပ် ၁,၅၀၀ သာပေးနိုင်ကြောင်း ပြောကြားထားပြီး ညှိနှိုင်းရန်ခက်ခဲမှုများ ရှိနေခဲ့ခြင်းဖြစ်သည်။
ယင်းလုပ်ငန်းများအနေဖြင့် ကျပ် ၁,၅၀၀ ထက်ပိုပေးရမည်ဆိုပါက နိုင်ငံခြားငွေများကို အစိုးရက ဈေးလျှော့ရောင်းချပေးရန်နှင့် အခြေခံလိုအပ်ချက်များ ဖြည့်ဆည်းပေးရန် တင်ပြထားကြသည်။ အဆိုပါ အနည်းဆုံးလုပ်ခလစာ သတ်မှတ်မှုအတွက် အထောက်အကူပြုမည့် အလုပ်ရုံ ဆွေးနွေးပွဲကို ဇွန်လ ၂၂ ရက်မှစတင်၍ ပြုလုပ်မည်ဖြစ်ရာအဖြေတစ်ခု ထွက်လာမည်ဟု မျှော်လင့်ရကြောင်း စောင့်ကြည့်လေ့လာသူ များကဆိုသည်။
7Day Daily
No comments:
Post a Comment