ဝယဓမ္မာသင်္ခါရာဟူသည့် ဗုဒ္ဓဝစနာအတိုင်း အလုံးစုံသောတရားတို့ သည် မမြဲသောသဘောရှိလေရာ အာဏာသည်လည်း မတည်မြဲ၊ စည်းစိမ်ဥစ္စာတို့သည်လည်း မတည်မြဲ၊ ဥပေဒ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်း ဥပဒေများသည်လည်း မတည်မြဲပေ။ ဤနေရာ၌ သဘာဝတရားက ပြောင်းလဲပေးလိုက်သည် များရှိသကဲ့သို့ လူတို့၏ ပယောဂကြောင့် ပြောင်းလဲသွားသည်များလည်းရှိသည်။ မည်သည့် အကြောင်းကြောင့် ပြောင်းလဲသည်ဖြစ်စေ၊ ဖြစ်ပေါ်လာသော အပြောင်းအလဲကို မှန်ကန် တည့်မတ်စွာ နှလုံးသွင်း၍ လက်ခံတတ်ရန် လိုသည်။ ဤသည်မှာပင် ယောနိသောမနသီကာရ ဖြစ်သည်။ သို့ရာတွင် နှလုံးသွင်း တည့်ရန်မှာ အပြောလွယ်သော်လည်း လက်တွေ့၌ မှန်ကန်စွာ နှလုံးသွင်းတတ်ရန် ခက်ပါသည်။ အထူးသဖြင့် မိမိတို့၏ လိုလားချက်များနှင့် မကိုက်ညီသော အပြောင်းအလဲများကို လက်မခံတတ်ကြ သည်က များပါသည်။ ဤသည် ကို resistance to change ဟု ခေါ်သည်။ ဤသို့ ပြောင်းလဲမှုများ အပေါ် လက်မခံမှုများကြောင့်လည်း ယနေ့ခေတ် စီမံခန့်ခွဲရေး ဘာသာ ရပ်တွင် Change Management ဟူသော ဘာသာရပ်ခွဲ တစ်ခုပေါ် ထွက်လာခြင်း ဖြစ်သည်။
Change နှင့် ပတ်သက်၍ ဗိုလ်ချုပ် (အောင်ဆန်း) ပြောဖူးသော စကားတစ်ခွန်းရှိသည်။ မြန်မာလူမျိုးများ သည် ပြောင်းလဲသွားခြင်း၊ ပြောင်းလဲလာခြင်းကို မတည်ကြည်ခြင်း၊ ဖောက်ပြန်ခြင်းဟု ယူဆတတ်ကြသဖြင့် ဗိုလ်ချုပ်က ပြောင်းလဲခြင်းသည် ဖောက်ပြန်ခြင်းမဟုတ်ကြောင်း၊ အခြေအနေ အချိန်အခါကိုလိုက်၍ ပြောင်းလဲခြင်းသည် မှန်ကန်သော ရပ်တည်ချက်ဖြစ်ကြောင်း၊ ပြောင်းလဲခြင်းကြောင့် သိက္ခာကျသည်ဟူ သော မှားယွင်းသည့် အယူအဆကို စွန့်လွှတ်ကြရန် လိုအပ်ကြောင်း မိန့်ကြားခဲ့ဖူးပါသည်။
ဘာရတ်အိုဘားမားသည်လည်း Change ဟူသော ရွေးကောက်ပွဲကြွေကြော်သံ စကားလုံးတစ်လုံး၏ အထောက်အပံ့ကို ရွေးကောက်ပွဲ အနိုင်ရရှိရေးတွင် များစွာမှ ရရှိခဲ့သည်။ အမေရိကန် လူထု၏ အပြောင်း အလဲကို လိုလားသောစိတ်ဆန္ဒကို ကောင်းစွာနားလည်ခဲ့သော သမ္မတအိုဘားမား၏ ပါးနပ်မှုပင် ဖြစ်သည်။
သို့ရာတွင် အပြောင်းအလဲကို ပြုလုပ်ကြရာ၌ ကောင်းသော ပြောင်းလဲခြင်း ဖြစ်စေရန် ဦးတည်ချက်မှန်မှန်၊ စေတနာမှန်မှန်ဖြင့် ဆောင်ရွက်ကြရန်လိုသည်။ အခြေအနေ၊ အချိန်အခါ၊ ခေတ်စနစ်ကိုလည်း အမှန်အတိုင်း ရှုမြင်သုံးသပ်တတ်ရန်လိုသည်။ ဦးတည်ချက်မှန်၊ စေတနာမှန်သော်လည်း လုပ်ဆောင်ချက်က လွဲနေလျင် အဆိုပါအပြောင်းအလဲ၏ရလဒ်မှာ ကောင်းလာမည်တော့ မဟုတ်ပေ။ လွယ်ကူ ရှင်းလင်းသော ဥပမာကို ပြရလျှင် မိဘက သားသမီးကို ပြောင်းလဲလာစေရန် ဆောင်ရွက်ချက်မျိုး ဖြစ်သည်။ မိဘမေတ္တာသည် စောဒကတက်ရန် မလိုသော မှန်ကန်သည့် စေတနာပင် ဖြစ်သည်။ သို့သော် သားသမီးများ၏ ဆန္ဒ၊ ရည်မှန်းချက်၊ အစွမ်းအစ၊ ဝါသနာ၊ အထုံ၊ ပါရမီများနှင့် ကိုက်ညီမှု ရှိမရှိကို အသေအချာ ဝေဖန်သုံးသပ်ခြင်း မရှိဘဲ ‘ဤသည်ကို လုပ်ပါ’ ဟူ၍ impose မလုပ် ရန်လိုသည်။ သားသမီးများနှင့် အသေအချာ ညှိနှိုင်း၊ တိုင်ပင်၊ ဆွေးနွေး၊ ပညာပေး၊ ဖျောင်းဖြ၊ နားချခြင်းမရှိဘဲ မိဘက ဇွတ်ပင် impose လုပ်သော ဦးတည်ချက်တစ်ရပ်သည် ပေါက်မြောက်အောင်မြင်ရန် မသေချာပေ။
မိဘဖြစ်စေချင်သည့်အတိုင်း ဖြစ်မလာဘဲ counter productive ဖြစ်သွားသော သာဓကဖြစ်ရပ် အများ အပြား ရှိသည်။ နိုင်ငံရေး၌လည်း impose လုပ်နိုင်သည့် လုပ်ပိုင်ခွင့်ရှိကြသော ဥပဒေပြုအာဏာပိုင်သည့် institution များနှင့် စီမံအုပ်ချုပ်ခွင့် အာဏာပိုင်သည့် institution များသည်လည်း မိမိတို့ ချမှတ်ပေးလိုက်သော ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်း ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ဥပဒေကဲ့သို့ အာဏာတည်သော အမိန့်များကို ခေတ်စနစ်နှင့် လျော်ညီအောင် အများဆန္ဒနှင့် ကိုက်ညီ အောင် ပြုပြင်ပြောင်းလဲ ပြဋ္ဌာန်းချမှတ်ကြရာတွင် သတိကြီးစွာထားသင့် ပါသည်။ အဂတိတရားလေးပါးမှ ကင်းရှင်းစွာ ချမှတ်ကြရန် လိုအပ်ပါသည်။ မိမိတို့ ကိုယ်စားပြုသော အဖွဲ့အစည်း၏ အကျိုး၊ နိုင်ငံရေး ပါတီ၏ အကျိုး၊ ဇာတိရပ်ရွာ အကျိုး၊ တိုင်းရင်းသားလူမျိုးများ၏ အကျိုး ယုံကြည်ကိုးကွယ်သော ဘာသာတရား၏အကျိုးထက် နိုင်ငံတော်၏ အကျိုးစီးပွားကို ဦးထိပ်ပန်ဆင်သင့်ကြပါသည်။
သိုဖြစ်၍ ပြင်ဆင်ပြောင်းလဲခြင်းများကို ဆောင်ရွက်ကြရာ၌ အစွဲကင်းစွာဖြင့် နိုင်ငံတော်၏ အကျိုးစီးပွားကို ရေရှည်ကြည့်ကြပါရန်၊ ပြည်သူ လူထုအများစု၏ သဘောထား ဆန္ဒများကိုဖော်ထုတ်ရယူကာ ယင်းတို့၏ ဆန္ဒများကို လိုက်လျောပေးကြပါရန်၊ ပျက်အစဉ် ပြင်ခဏဟူသော်လည်း ပြင်လွန်းလျှင် ဖင် …ချွန်းဟူသော ရှေးရိုးစကားကိုလည်း မမေ့ကြပါရန်နှင့် ပြင်သင့်ပြင်ထိုက်သည်များကို နိုင်ငံ့အတွက် အကျိုးရှိသော နည်းလမ်း ဖြင့်သာ ပြင်ကြပါရန် The Trade Times က ပြင်ဆင်ခွင့်ရှိသူ အားလုံးကို မေတ္တာရှေ့ထား၍ တိုက်တွန်း နှိုးဆော်လိုက်ရပါကြောင်း …
အယ်ဒီတာ့အာဘော်
No comments:
Post a Comment