အမရပူရမြို့ ဦးပိန်တံတားအနောက်ထိပ်ရှိ တောင်မင်းကြီးဘုရား အလှူခံသေတ္တာပုံးကို လွန်ခဲ့သည့်ရှစ်လ ခန့်က ဖောက်ထွင်းခဲ့သူတစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း တောင်မင်းကြီးဘုရားဂေါပကအဖွဲ့မှ သတင်းရရှိ သည်။
အဆိုပါ အလှူခံသေတ္တာပုံး ဖောက်ထွင်းခဲ့သူသည် မိတ္ထီလာမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ မန္တလေးမြို့သို့ လုပ်ငန်းလာရောက် လုပ်ကိုင်သူ အသက် (၂၀) နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ကြောင်း၊ဦးပိန်တံတားသို့ အလည်လာရာ မှ ဘုရားအနီးတွင် တည်းခိုရင်း ၀င်ရောက်ဖောက်ထွင်းခဲ့ခြင်း ဖြစ်ကြောင်း၊ တောင်မင်းကြီး ဘုရားအပြင် အမရပူရမြို့ရှိ အခြားဘုရားပုထိုးစေတီအချို့မှ အလှူခံသေတ္တာများကိုလည်း ဖောက်ထွင်းခဲ့ သည်ဟု စစ်ဆေးပေါ် ပေါက်ခဲ့ကြောင်း အမရပူရမြို့ နယ် ရဲစခန်းမှ ရဲအုပ်နိုင်ဌေးက ပြောကြားသည်။
၂၀၁၄ အောက်တိုဘာ ၁၈ ရက် နံနက် ၃ နာရီက တောင်မင်းကြီးဘုရား၏ အနောက်ဘက်တံခါးကို ဖျက်ကာ လူတစ်ဦးဝင်ရောက်ခဲ့ပြီး အလှူခံသေတ္တာပုံး မှန်များခွဲ၍ ပုဆိုးဖြင့် ပိုက်ဆံများထုပ်ကာ ယူဆောင် သွားသည်ကို စီစီတီဗီမှတ်တမ်းများတွင် တွေ့ရှိရသည်။
၂၀၁၅ ဇွန်လ ၁ ရက်တွင် တောင်မင်းကြီးဘုရားဝင်းရှိ ပြာသာဒ်အဆောက်အအုံအတွင်းသို့ သော့ဖျက်ကာ ၀င်အိပ်နေသည့် အမျိုးသားတစ်ဦးကို ဘုရားလုံခြုံရေးဝန်ထမ်းနှင့် ဂေါပကအဖွဲ့က အမရပူရမြို့နယ် ရဲစခန်းသို့ အပ်နှံခဲ့ရာ လွန်ခဲ့သည့်ရှစ်လခန့်က အလှူခံသေတ္တာပုံး ဖောက်ခဲ့သူဟု စစ်ဆေးတွေ့ရှိ ခဲ့ကြောင်း တောင်မင်းကြီးဘုရား ဂေါပက အဖွဲ့က ပြောသည်။
‘‘သော့ပိတ်ထားတဲ့နေရာကို သော့ရိုက်ဖျက်ပြီး ၀င်အိပ်နေလို့ သွားစစ်ဆေးရင်းကနေ အလှူခံပုံးဖောက် သွားတဲ့ တရားခံဖြစ်နေတာပါ။ ဘုရားက အလှူခံသေတ္တာပုံး နှစ်ကြိမ်လောက်ဖောက်ဖူး တယ်လို့ သိရတယ်’’ဟု တောင်မင်းကြီးဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦး သန်းမြင့်က ပြောကြားသည်။
ခိုးမှုကျူးလွန်ခဲ့သူကို ပုဒ်မ ၃၈၀ ဥပစာအတွင်းဝင်ရောက်ခိုးယူမှုဖြင့် အမရပူရမြို့နယ် ရဲစခန်းက အမှုဖွင့် အရေးယူဆောင်ရွက်နေကြောင်း ရဲအုပ်နိုင်ဌေးက ပြောကြားသည်။
လွန်ခဲ့သည့်ရှစ်လခန့်က တောင်မင်းကြီးဘုရားအလှူခံပုံးဖောက်ထွင်းပြီး ငွေများကို ၀တ်လာသည့်ပုဆိုးဖြင့် ထုပ်ပိုးသယ်ယူနေသော စီစီတီဗီမှ မှတ်တမ်းဓာတ်ပုံမှာ အင်တာနက်အသုံးပြုသူများ၏ ဖေ့စ်ဘွတ်ခ် လူမှုကွန် ရက်၌ ပျံ့နှံ့ခဲ့ဖူးသည်။
7 day daily
No comments:
Post a Comment