လူမှောင်ခိုလုပ်ငန်းများကို ဒေသတွင်းနိုင်ငံများက အရှိန်မြှင့်တိုက်ဖျက်နေချိန်တွင် ဩစတြေးလျ အစိုးရ ကမူ မိမိတို့ရေပိုင်နက်ထဲမဝင်ရန် လူမှောင်ခိုသမားများနှင့် ငွေကြေးအပေးအယူ ပြုလုပ်ညှိနှိုင်းခဲ့ကြောင်း စွပ်စွဲမှုများ နှင့် ရင်ဆိုင်နေရသည်။
ဩစတြေးလျ (သို့မဟုတ်) နယူးဇီလန်သို့ ကမ်းကပ်ရန် ကြိုးစားသည့် လူမှောင်ခို လှေတစ်စီးကို ဩစတြေးလျ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်များက ညှိနှိုင်းကာ အင်ဒိုနီးရှားသို့ လမ်းကြောင်းပြောင်း ထွက်ခွာစေရန် အခကြေးငွေ ပေးချေခဲ့ကြောင်း ရေဒီယို နယူးဇီလန်နှင့် ABC သတင်းဌာနတို့က ပြီးခဲ့သည့် သီတင်းပတ် တွင် စတင် ဖော်ပြခဲ့ကြသည်။
မြန်မာနိုင်ငံ အနောက်ပိုင်း၊ သီရိလင်္ကာနှင့် ဘင်္ဂလားဒေ့ရှ်တို့မှ ထွက်ခွာလာသူ ရွှေ့ပြောင်းဘင်္ဂါလီ ၆၅ဦးကို တင်ဆောင်လာသည့် လှေပေါ်မှ လူမှောင်ခိုသမား ခြောက်ဦးသည် ဩစတြေးလျ အာဏာပိုင်များထံမှ တစ်ဦးလျှင် ဩစတြေးလျ ဒေါ်လာ ၅,၀၀၀ ခန့်စီ လက်ခံရရှိခဲ့ကြောင်းလည်း သတင်းများ ထွက်ပေါ်နေ သည်။
ဩစတြေးလျဘက်မှ ဦးလှည့်မောင်းနှင်လာသည့် ရေ ယာဉ်ကို မေလ ၃၁ ရက်တွင် အင်ဒိုနီးရှား ရေတပ်က ကြားဖြတ် ဟန့်တားနိုင် ခဲ့သည်။ လှေပေါ်တွင် လိုက်ပါလာသူများ၏ အဆိုကို ကိုး ကားပြီး ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ဩစတြေးလျသည် လူမှောင်ခိုသမားများနှင့် ညှိနှိုင်းမှု ပြုလုပ်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
ဩစတြေးလျ ဝန်ကြီးချုပ် တိုနီအက်ဘော့က လူမှောင်ခိုပြဿနာကို ဖြေရှင်းရာတွင် နိုင်ငံအလိုက် အသင့်လျော်ဆုံး နည်းလမ်းများကို ရွေးချယ်ချဉ်းကပ်လေ့ရှိကြောင်း ပြောကြားထားပြီး လူမှောင်ခိုသမား များနှင့် ညှိနှိုင်းခဲ့ ကြောင်း စွပ်စွဲချက်ကို တိုက်ရိုက် ငြင်းဆိုခြင်း မပြုခဲ့ချေ။
သို့သော်လည်း အစိုးရက ဩစတြေးလျ အခွန်ထမ်းပြည်သူများ၏ ငွေကြေးများကို လူမှောင်ခိုသမားများထံ ပေးချေခြင်းသည် ဥပဒေကို ချိုးဖောက်ရာရောက်ကြောင်း အတိုက်အခံများက စွပ်စွဲထားသည်။
အက်ဘော့က ‘‘ကျွန်တော် တို့ကတော့ ရေပိုင်နက်ထဲ တရားမဝင် ဝင်ရောက်လာတဲ့ လှေတွေကို ဖြစ်နိုင် သမျှ နည်းလမ်းအားလုံးနဲ့ တားဆီးမှာပါပဲ။ ဒီအတွက် လုပ်ငန်းစဉ်ချမှတ်ထားပြီး ကျွန်တော်တို့ဘက်က လုပ်နိုင်တာမှန်သမျှ လုပ်ကိုလုပ်ပါမယ်’’ ဟု ဇွန်လ ၁၂ ရက်တွင် သတင်းထောက်များအား ပြောကြားခဲ့ သော်လည်း လူမှောင်ခိုသမားများကို ငွေပေးချေခြင်း ရှိ၊ မရှိကို လုံးဝမှတ်ချက်မပေးဘဲ ရှောင်လွှဲသွား သည်။
ကုလသမဂ္ဂကလည်း ယခု စွပ်စွဲချက်နှင့် ပတ်သက်၍ မှန် ကန်မှု ရှိ၊ မရှိ တိကျသော စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ရန် တိုက်တွန်းထားသည်။ အင်ဒိုနီးရှား အစိုးရက အကယ်၍ သတင်းများ ထွက်ပေါ်နေသည့်အတိုင်း ဩစတြေးလျက လူမှောင်ခိုသမားများ နှင့် ငွေကြေး အပေးအယူ ပြုလုပ်ခဲ့သည်မှန်ပါက ဩစတြေးလျ၏ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စံနှုန်းများသည် အလွန် အဆင့်နိမ့်ကျသည့် သဘောမျိုးဖြစ်မည်ဟု ဝေဖန်ခဲ့ သည်။
အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အရာရှိ အာမန်နက်သာ နာဆားက ‘‘တကယ်လို့ ဩစတြေးလျက ခေတ်နောက်ပြန်ဆွဲတဲ့ မူဝါဒ တွေကို ကျင့်သုံးနေတယ်ဆိုရင် ရှက်စရာပါပဲ။ ဒီဖြစ်ရပ်ကို အတည်ပြုနိုင်ခဲ့တယ် ဆိုရင်တော့ သူတို့ရဲ့ ကိုင်တွယ်စီမံမှု စံနှုန်းတွေက အရမ်းကို နိမ့်ကျရာ ရောက်လိမ့် မယ်’’ ဟု ဆိုသည်။ ၎င်းက UNHCR ၏ စွပ်စွဲချက်အပေါ် အင်ဒိုနီးရှား အစိုးရကလည်း စုံစမ်း စစ်ဆေးသွား မည်ဟု အတည်ပြုခဲ့ သည်။
ဇွန်လ ၁၅ ရက်တွင် ဩစတြေးလျအတိုက်အခံ လေဘာပါတီခေါင်းဆောင် ဘီလ်ရှော်တန်က အစိုးရ အနေ ဖြင့် ပြည်သူ့အခွန် ငွေများကို မလျော်မကန် အသုံးပြု ခဲ့ခြင်း ရှိ၊ မရှိ ခိုင်မာစွာ စစ်ဆေးဖော်ထုတ်ရန် လွှတ်တော်သို့ အဆိုတင် တိုက်တွန်းလိုက်သည်။
‘‘တကယ်သာ ဖြစ်ခဲ့မယ်ဆိုရင် ဒါဟာ ပြည်သူ့ငွေကြေးကို တရားမဝင် နည်းလမ်းနဲ့ ကိုယ်ကျိုးရှာ အသုံးချတဲ့ သဘောပဲ’’ ဟု ၎င်းက ဆစ်ဒနီမောနင်းဟာရဲလ် သတင်းစာသို့ ပြောကြားခဲ့သည်။
ဩစတြေးလျ အရှေ့မြောက် ပိုင်း၊ ရုတ်အိုင်းလန်း ကမ်းလွန်တွင် ဩစတြေးလျ ရေတပ်က အဆိုပါ လူမှောင်ခိုလှေကို ကြားဖြတ် ဟန့်တားနိုင်ခဲ့ခြင်း ဖြစ်သည်။ ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲ ဟိုင်ဒါယတ်က ‘‘ငွေစက္ကူတွေကို ကျွန်တော့် မျက်စိနဲ့ တပ်အပ် တွေ့ခဲ့ရပါတယ်။ ဩစတြေးလျ အာဏာပိုင်တွေအနေနဲ့ လူမှောင်ခို လှေသမားတွေကို ငွေကြေးပေး ချေတယ်လို့ ကြားဖူးတာတော့ ဒါ ပထမဆုံးပဲ’’ ဟု AFP သတင်းဌာန သို့ ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် အက်ဘော့သည် အဆိုပါ စွပ်စွဲချက်များကို တိုက်ရိုက်ဖြေရှင်းနိုင်ခြင်း မရှိသေးချေ။ဩစတြေးလျ အစိုးရအဖွဲ့ဝန်ကြီး များ အတွင်းတွင်လည်း ယင်းနှင့် ပတ်သက်၍ အမျိုးမျိုး တုံ့ပြန်နေ ကြသည်။ အချို့က စွပ်စွဲချက်ကို ငြင်းဆန်ပြီး အချို့က မှတ်ချက်
မပေးလိုကြောင်း ပြောကြားခဲ့ကြသည်။ လူဝင်မှုကြီးကြပ်ရေးဝန် ကြီး ပီတာဒတ်တန်က အစောပိုင်း တွင် စွပ်စွဲချက်ကို ငြင်းဆိုခဲ့သော် လည်း နောက်ပိုင်းတွင်မူ အစိုးရ အနေဖြင့် အချို့သော ထိလွယ် ရှလွယ် ကိစ္စများတွင် မှတ်ချက် ပေးမည်မဟုတ်ဟု လေသံပြောင်း ခဲ့သည်။
ဂရင်းပါတီကမူ ရဲတပ်ဖွဲ့ အ နေဖြင့် လူမှောင်ခိုသမားများကို အာဏာပိုင်များက ငွေကြေးပေးချေမှုသည် ဩစတြေးလျဥပဒေ ကိုဖြစ်စေ၊ နိုင်ငံတကာ ဥပဒေများကိုဖြစ်စေ ဖောက်ဖျက်ရာရောက်ကြောင်း ခိုင်မာစွာအမှုတည် ဆောက်နိုင်ရန် အားထုတ်သင့် ကြောင်း တိုက်တွန်းခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဒတ်တန်ကမူ မိမိတို့အစိုးရအဖွဲ့သည် နိုင်ငံတကာ စံနှုန်းများကို တန်ဖိုးထား လိုက်နာကြောင်း ကာကွယ်ပြောကြားထားသည်။
‘‘ကျွန်တော်တို့ ဥပဒေနဲ့ အညီပဲ လုပ်ဆောင်ပါတယ်။ နိုင်ငံတကာ ဥပဒေတွေအတိုင်းပဲ ကျွန်တော်တို့ ဆောင်ရွက်ပါတယ်’’ ဟု ၎င်းက ဇွန်လ ၁၅ ရက်တွင် သ တင်းထောက်များအား ဖြေရှင်းခဲ့ သည်။
ဘင်္ဂါလီ လှေစီးဒုက္ခသည်များ ပြဿနာသည် အရှေ့တောင်အာရှ ဒေသအတွက် ခေါင်းခဲစရာ ဖြစ် နေပြီး လူမှောင်ခိုသမားများကို ထိရောက်စွာ အရေးယူကိုင်တွယ် ရန် နိုင်ငံတကာက တောင်းဆို နေချိန်တွင် ယခုလို စွပ်စွဲချက်မျိုး ကြုံလာရခြင်းသည် ဩစတြေးလျ အစိုးရအတွက် မျက်နှာပျက်စရာ ဖြစ်လာသည်။
ကုလသမဂ္ဂက မြန်မာနိုင်ငံ အနောက်ဖျား ဒေသနှင့် ဘင်္ဂလားဒေ့ရှ်တို့ကို စွန့်ခွာလာသည့် ဘင်္ဂါလီဒုက္ခသည် ထောင်ဂဏန်းမျှသည် အက်ဒမန်ပင်လယ်နှင့် အိန္ဒိယ သမုဒ္ဒရာထဲတွင် မျောပါနေဆဲဟု ခန့်မှန်းထားသည်။
7Day Daily
No comments:
Post a Comment