Sunday, June 14, 2015

ထိုင်းအသင်းကို ကစားသမားဘ၀က ရှုံးနိမ့်ခဲ့မှု နည်းပြဘ၀တွင် လက်စားချေမည်ဟု ဦးကြည်လွင်ကြုံးဝါး

ကစားသမားဘ၀က ဆီးဂိမ်းဗိုလ်လုပွဲတွင် ထိုင်းအသင်းကို အရေးနိမ့်ခဲ့မှုအား နည်းပြဘ၀တွင် လက်စားချေ မည်ဟု မြန်မာ ယူ-၂၃ အသင်းနည်းပြချုပ် ဦး ကြည်လွင်က ပြောကြားသည်။

‘‘ကစားသမားဘ၀က ၁၉၉၃ဆီးဂိမ်းဗိုလ်လုပွဲမှာ ထိုင်းကို အရေးနိမ့်ခဲ့တယ်။ အခု နည်းပြဘ၀မှာ ထိုင်းကို ပြန်ကလဲ့စားချေမယ်’’ဟု ဇွန်လ ၁၄ ရက်တွင် ပြုလုပ်ခဲ့သည့် ၂၀၁၅ ဆီးဂိမ်းဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ အကြိုသတင်းစာရှင်းလင်းပွဲ၌ ထိုင်းမီဒီယာများ၏ မေးမြန်းမှုကို မြန်မာနည်းပြချုပ်က ပြန်လည်ဖြေကြား သည်။

လက်ရှိ မြန်မာယူ-၂၃ အသင်းနည်းပြချုပ် ဦးကြည်လွင်သည် စင်ကာပူနိုင်ငံတွင်ပင် ပြုလုပ်ခဲ့သော ပြီးခဲ့ သည့် ၁၉၉၃ ဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာဘောလုံးအသင်း၌ အဓိက ကစားသမားအဖြစ်ပါဝင်ခဲ့သူ ဖြစ်သည်။ ၁၉၉၃ ဆီးဂိမ်းဗိုလ်လုပွဲတွင် မြန်မာအသင်းသည် ထိုင်းအသင်းကို ၄-၃ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီး ဒုတိယငွေတံဆိပ် ဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။

ဦးကြည်လွင်သည် နှစ်ပေါင်း၂၂ နှစ်အကြာတွင် စင်ကာပူနိုင်ငံ၌ပင် မြန်မာအသင်းနည်းပြဘ၀ဖြင့် ဆီးဂိမ်းဗိုလ်လုပွဲအဖြစ် ထိုင်းနှင့် ရင်ဆိုင်ရခြင်းဖြစ်သည်။

ဇွန်လ ၁၃ ရက်က ယှဉ်ပြိုင် ကစားခဲ့သည့် ၂၀၁၅ ဆီးဂိမ်းအမျိုးသားဘောလုံးပြိုင်ပွဲအကြို ဗိုလ်လုပွဲများ၌ မြန်မာအသင်းက ဗီယက်နမ်အသင်းကို ၂-၁ ဂိုး၊ ထိုင်းအသင်းက အင်ဒိုနီးရှားအသင်းကို ၅-၀ ဂိုးဖြင့် အနိုင်ယူခဲ့ကြပြီး ဗိုလ်လုပွဲ၌ ထိုင်းနှင့် မြန်မာယှဉ်ပြိုင်ရမည် ဖြစ်သည်။

‘‘ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားနေပါတယ်။ အသင်းရဲ့ အဓိကအားသာချက်က စုစည်းမှုနဲ့ အသင်း လိုက်စိတ်ဓာတ်ပါ။ ၁၂ ယောက်မြောက်အဖြစ် ပံ့ပိုးတဲ့ ပရိသတ်ကြောင့်လည်း အောင်မြင်တာပါ။ ကွင်းထဲ မှာ နောက်ဆုံးမိနစ်အထိ တိုက်ပွဲဝင်ကြမှာပါ’’ ဟု ဆီးဂိမ်းလက်ရှိချန်ပီယံ ထိုင်း အသင်းနှင့် ရင်ဆိုင်ရမည့် ဗိုလ်လုပွဲအတွက် ဦးကြည်လွင်က ပြောကြားသည်။

မြန်မာဘောလုံးအသင်းသည် စင်ကာပူနိုင်ငံက လက်ခံကျင်းပသည့် ၁၉၇၃ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲ၌ နောက်ဆုံးရွှေတံဆိပ်ရရှိထားသည်။ ထို့ပြင် ၁၉၇၇ မှစတင်ကာ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း)အဖြစ် ပြောင်းလဲပြီးနောက် အမြင့်ဆုံးအောင်မြင်မှုအဖြစ် ၁၉၉၃ နှင့် ၂၀၀၇ ပြိုင်ပွဲတို့၌ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပြီး နှစ်ကြိမ်စလုံး ထိုင်းအသင်းကို ရှုံးနိမ့်ကာ ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။

မြန်မာယူ-၂၃ အသင်းသည်၂၀၁၅ ဆီးဂိမ်းမတိုင်မီ အကြိုခြေစမ်းပွဲ၌လည်း ထိုင်းအသင်းကို ၄-၀ ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ထားသည်။ မြန်မာနှင့်ထိုင်း ယှဉ်ပြိုင်မည့် ၂၀၁၅ ဆီးဂိမ်းအမျိုးသား ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲကို ဇွန်လ ၁၅ ရက် (ယနေ့) မြန်မာစံတော်ချိန် ည ၇ နာရီတွင် စင်ကာပူအမျိုးသားအားကစားကွင်း၌ ကျင်းပမည်ဖြစ်သည်။

7Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ