Thursday, June 18, 2015

အရန်ငွေ ကျပ်သိန်း ၁၀၀ မတတ်နိုင်သည့်ကုမ္ပဏီများ အခြားပိုင်ဆိုင်မှု ကတိကဝတ်များဖြင့် ပြည်ပခရီးသွားလုပ်ငန်းလိုင်စင် လျှောက်ထားနိုင်ဟုဆို

ပြည်ပ ခရီးသွားလုပ်ငန်း (Out Bound) ဆောင်ရွက်မည့် ကုမ္ပဏီများအတွက် အရန်ငွေကျပ်သိန်း ၁၀၀ ထားရှိရမည်ဟု သတ်မှတ်ထားသော်လည်း အဆိုပါ ငွေကြေး မတတ်နိုင်သည့် အသေးစား၊ အလတ်စား ကုမ္ပဏီများအတွက် အခြားပိုင်ဆိုင်မှု ကတိကဝတ်များဖြင့် လိုင်စင်လျှောက်ထားနိုင်ကြောင်း သတင်းရရှိ သည်။ 

ဇွန်လ ၁၀ ရက်က ပြုလုပ်သည့် ပြည်ပခရီးသွားလုပ်ငန်း ဆောင်ရွက်မည့် ကုမ္ပဏီများအတွက် အရန်ငွေကျပ်သိန်း ၁၀၀ ထားရှိရမည့် အစီအစဉ်နှင့် ပတ်သက်၍ ပြည်ပခရီးသွားလုပ်ငန်း ဆောင်ရွက်မည့် ကုမ္ပဏီများ၊ မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းအဖွဲ့ချုပ်၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းတို့က ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာန ဝန်ကြီး ဦးဌေးအောင်အား ဆွေးနွေးတင်ပြရာ ဝန်ကြီးက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်း အဖွဲ့ချုပ်မှ ဈေးကွက် မြှင့်တင်ရေး ဥက္ကဋ္ဌ ဦးဖြိုးဝေရာဇာက ပြောသည်။ 

‘‘ဘဏ်မှာ ထားရမယ့် ကျပ်သိန်းတစ်ရာကို မပေးရတော့ဘူးလို့ ဝန်ကြီးက ပြောသွားတာမဟုတ်ဘူး။ ဒီလို ပေးရမယ့်ဟာကို မတတ်နိုင်တဲ့ ကုမ္ပဏီတွေအတွက် ပြဿနာတစ်ခုခုဖြစ်ရင် အဆင်ပြေအောင် ဖြေရှင်းပေးပါ့မယ်လို့ ကတိမျိုးတွေ ပေးခိုင်းတာပေါ့။ အဲဒီကတိက သိန်းတစ်ရာထက် များတယ်လေ။ ကိုယ်ပို့လိုက်တဲ့ ဧည့်သည် တစ်ခုခုဖြစ်ရင်အဆင်ပြေအောင် ဖြေရှင်းပေးဖို့ပဲ။ သိန်းတစ်ရာကို ဘဏ်မှာ အသေထားစရာ မလိုတော့ဘူး။ အဲဒါကြောင့် ဘယ်လိုနည်းနဲ့ လုပ်ကြ မလဲဆိုတာ ကျွန်တော်တို့ကို ပြန်ပြီး ဆွေးနွေးခိုင်းတယ်။ ဆွေးနွေး ပြီးမှ တင်ပြရမှာ။ ဝန်ကြီးကတော့ သိန်းတစ်ရာ မတတ်နိုင်တဲ့သူတွေအတွက် အဆင်ပြေအောင် ပြောသွားတာပါ’’ဟု ၎င်းက ပြောသည်။ ပြည်ပခရီးသွားလုပ်ငန်း ဆောင်ရွက်ရန် စိတ်ဝင်စားသော ကုမ္ပဏီ ၂၀၀ ခန့်ရှိနေသော်လည်း အရန်ငွေကျပ်သိန်း ၁၀၀ အား ဘဏ်တွင် ထားရမည်ဖြစ်သောကြောင့် ကုမ္ပဏီ ၁၀ ခုခန့်သာ လိုင်စင်လျှောက်ထားကြောင်း မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင် များအသင်း ဗဟိုအလုပ်အမှုဆောင် ဦးနောင်းနောင်းဟန်က ပြောသည်။ 

‘‘ဝန်ကြီးပြောသွားတာ တကယ်တမ်းဆိုရင် အဆင်ပြေတာပေါ့။ သူကတော့ ဒါကို အဆင်ပြေအောင် လုပ်သွားမယ်လို့ ပြောသွားတယ်။ ဒါပေမဲ့ တရားဝင်စာတော့ မထွက်သေးဘူး’’ ဟု Tour De Myanmar ခရီးသွားလုပ်ငန်းဝန် ဆောင်မှု မန်နေဂျာ ဒေါ်လှဒါလီခင်က ပြောသည်။ 

ပြည်ပခရီးစဉ်(Out Bound) ဆောင်ရွက်မည့် ကုမ္ပဏီများအ တွက် လုပ်ငန်းလိုင်စင်ကြေးသတ် မှတ်ရာတွင် နိုင်ငံသားပိုင် ကုမ္ပဏီအတွက် ကျပ်လေးသိန်းဖြစ်ပြီး နိုင်ငံခြားသားပိုင်ကုမ္ပဏီအတွက် အမေရိကန်ဒေါ်လာ ၂,၅၀၀ (ကျပ် ၂၅ သိန်းခန့်)ဖြစ်သည်။

ပြည်ပခရီးစဉ်ဆောင်ရွက်ခြင်းကို ဖေဖော်ဝါရီက စတင်ခွင့်ပြုပေးခဲ့ပြီး လုပ်ငန်းလိုင်စင်ကြေးကို ဖေဖော်ဝါရီ ၁၀ ရက်တွင် သတ်မှတ်ထုတ်ပြန်ခဲ့သည်။ 

လိုင်စင်ကြေး သတ်မှတ်ရာတွင် ပြည်တွင်းနှင့် ပြည်ပဖက်စပ်လုပ်ကိုင်သော ကုမ္ပဏီများအတွက် ပြည်ပ ရင်းနှီးမြှုပ်နှံသူက အမေရိကန်ဒေါ်လာ ၂,၀၀၀ (ကျပ် သိန်း ၂၀ ခန့်) နှင့် မြန်မာ ရင်းနှီးမြှုပ်နှံသူက ကျပ်နှစ်သိန်းခွဲ သတ်မှတ်ထားကြောင်းလည်း သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ