ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၏ ဥက္ကဋ္ဌအဖြစ်မှနုတ်ထွက်တော့မည်ဟု အတည်ပြုကြေညာလိုက်ပြီးနောက် ဆပ်ဘလတ္တာကို အမေရိကန် ထောက်လှမ်းရေး (အက်ဖ်ဘီအိုင်)က စုံစမ်းမေးမြန်းမှုများ ပြုလုပ်နေကြောင်း အမေရိကန် မီဒီယာများက အကျယ်တဝင့် ဖော်ပြလာခဲ့သည်။
ဖီဖာအသိုက်အဝန်းအတွင်း အကျင့်ပျက်ခြစားမှုစွဲချက်များ ထူပြောလာပြီး ဖီဖာ၏ ထိပ်တန်းတာဝန်ရှိသူများ အဖမ်းခံရသည့် ဖြစ်ရပ်များနောက်ပိုင်း ဘလတ္တာသည် ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်တော့မည်ဟု ဇွန်လ ၂ ရက်တွင် သတင်းထုတ်ပြန် ကြေညာခဲ့သည်။ အသက် (၇၉) နှစ် အရွယ်ရှိ ဘလတ္တာသည် ဖီဖာကို (၁၇) နှစ်မျှကြာအောင် ဦးဆောင်ခဲ့သူဖြစ်ပြီး မကြာသေးမီကမှ ၎င်း၏ပဉ္စမအကြိမ်မြောက်ဥက္ကဋ္ဌ သက်တမ်း အတွက် ရွေးကောက်ခံထားရသူ ဖြစ်သည်။
ဆွစ်ဇာလန်တွင်ဖီဖာမှ ထိပ်တန်း တာဝန်ရှိသူ ၇ ဦး အပါအဝင် လူ ၁၄ ဦးကို ခြစားမှု၊ လာဘ်ယူမှု၊ ငွေကြေးခဝါချမှု စွပ်စွဲချက်များဖြင့် ဖမ်းဆီးလိုက်ပြီးနောက် အမေရိကန်အစိုးရရှေ့နေများက ၎င်းတို့ကို ရာဇဝတ်ကြောင်းအရ အမှုဖွင့်ထားပြီ ဖြစ်သည်။ သတင်းများက ဘလတ္တာသည်လည်း အမေရိကန်တွင် အက်ဖ်ဘီအိုင်၏ စုံစမ်းစစ်ဆေးမှုကို ခံနေရကြောင်း ဖော်ပြထားသည်။
ဖီဖာ၏ထိပ်တန်းအဖွဲ့ဝင်များ ဖမ်းဆီးခံရပြီး နှစ်ရက်အကြာတွင် ဥက္ကဋ္ဌအဖြစ် ဆက်လက်ရွေးကောက် ခံရသော်လည်း ဘက်ပေါင်းစုံမှ ဖိအားများကြောင့် ရာထူးမှ နုတ်ထွက်ခဲ့သည့် ဘလတ္တာက “ဖီဖာဟာ ပြောင်းလဲတည်ဆောက်ဖို့ လိုအပ်နေပါပြီ”ဟု ပြောကြားသွားခဲ့သည်။ ၎င်းက ဖီဖာအနေဖြင့် ဥက္ကဋ္ဌသစ် နေရာအတွက် ဆက်ခံနိုင်သူတစ်ဦးကို အမြန်ဆုံးရှာဖွေရန် လုပ်ဆောင်သင့်ကြောင်းလည်း တိုက်တွန်း ခဲ့သည်။
အမေရိကန် တရားရေးဌာန တာဝန်ရှိသူများက မိမိတို့သည် ဖီဖာ၏ ထိပ်တန်းတာဝန်ရှိသူ အချို့ထံမှ ပူးပေါင်းဆောင်ရွက်မှု ရရှိရန် မျှော်လင့်ထားပြီး ယင်းကို အခြေပြုကာ ဘလတ္တာအပေါ် စွဲချက်တစ်ခု အခိုင်အမာ တည်ဆောက်နိုင်ရန် ကြိုးစားမည်ဟု နယူးယောက်တိုင်းမ်စ် သတင်းစာသို့ ပြောကြားခဲ့သည်။
ကမ္ဘာ့ဘောလုံးအားကစား နယ်ပယ်တစ်ခုလုံးကို ချုပ်ကိုင်ထားသည့် ဖီဖာကဲ့သို့ အဖွဲ့အစည်းကြီးတွင် အမေရိကန် အာဏာပိုင်များက ထဲထဲဝင်ဝင် စွက်ဖက်လာခြင်းသည် သမိုင်းတစ်လျှောက် ယခုတစ်ကြိမ် သည် အကြီးကျယ်ဆုံး ဖြစ်လာခဲ့သည်။
ဘရာဇီး ဂန္ထဝင်ဘောလုံးသမားဟောင်း ပီလီကမူ ဖီဖာနှင့် အမေရိကန် အစိုးရကြား စစ်ပွဲသဖွယ် ဖြစ်နေ သည့် အခြေအနေကို ရပ်တန့်ရန် တောင်းဆိုခဲ့သည်။ “ဘလတ္တာ နုတ်ထွက်သွားတာက အားလုံးအတွက် အံ့ဩစရာပါပဲ။ ကျွန်တော့် အမြင်ကတော့ ဘောလုံးသမား တစ်ယောက်လိုပဲ ဖြစ်လိမ့်မယ်။ ဘောလုံးဟာ လူတွေအားလုံးကို စုစည်းလိုက်တာမျိုးပဲ ဖြစ်စေချင်တယ်။ စစ်ပွဲတွေကို ရပ်လိုက်ပါတော့”ဟု ပီလီက ဆိုသည်။ ၎င်းက ဖီဖာသည် ရိုးသားသော ဥက္ကဋ္ဌတစ်ဦးကို လိုအပ်နေကြောင်းမူ ၎င်းက အသိအမှတ် ပြုခဲ့သည်။
ဆွစ်ဇာလန် နိုင်ငံသား ဘလတ္တာသည် ၁၉၉၈ ခုနှစ်ကတည်းက ဖီဖာဥက္ကဋ္ဌအဖြစ် စတင်ရွေးကောက် တင်မြှောက် ခံခဲ့ရသူ ဖြစ်သည်။ ပုံမှန်အားဖြင့် ဖီဖာ၏ နှစ်ပတ်လည် အစည်းအဝေးကို ၂၀၁၆ ခုနှစ်၊ မေလ ၁၃ ရက်တွင် မက္ကစီကိုနိုင်ငံ၌ ကျင်းပမည် ဖြစ်သော်လည်း ကြားဖြတ်ရွေးကောက်ပွဲတစ်ရပ် အမြန်ဆုံး ပြုလုပ်ရန် ဘလတ္တာက တိုက်တွန်းခဲ့သည်။
“မလိုလားအပ်တဲ့ နှောင့်နှေးမှုတွေ ရှိမနေစေချင်တဲ့အတွက် ဖီဖာအမှုဆောင် ကော်မတီဟာ ရွေးကောက်ပွဲ ကို ဖြစ်နိုင်သမျှ အမြန်ဆုံး ကျင်းပေစေလိုပါတယ်”ဟု ၎င်းက ရာထူးနုတ်ထွက်မည့် ဆုံးဖြတ်ချက်ကို ကြေညာချိန်တွင် ပြောကြားသွားသည်။
လတ်တလောတွင် ဖီဖာအထွေထွေ အတွင်းရေးမှူး ဂျရိုမီ ဗယ်လ်ကီသည် ၂၀၁၀ ကမ္ဘာ့ဖလားတွင် အိမ်ရှင်ဖြစ်ခွင့်အတွက် တောင်အာဖရိက အစိုးရထံမှ ဒေါ်လာ ၁၀ သန်း လာဘ်ငွေယူခဲ့ကြောင်း စွပ်စွဲခံထားရပြီး ဗယ်လ်ကီ ကိုယ်တိုင်ကမူ မိမိအနေဖြင့် မည်သည့် အမှားအယွင်းမျှ မပြုလုပ်ခဲ့ဟု ငြင်းဆိုထားသည်။ ဆွစ်ဇာလန် အာဏာပိုင်များသည် ၂၀၁၈ နှင့် ၂၀၂၂ ကမ္ဘာ့ဖလား ပြိုင်ပွဲများ အိမ်ရှင် ဖြစ်ခွင့်နှင့် ဆက်စပ်ပြီး ဖီဖာက လာဘ်ယူမှုများ ရှိမရှိ သီးခြား စုံစမ်းလျက် ရှိကြောင်းလည်း သိရသည်။
No comments:
Post a Comment