Tuesday, June 9, 2015

ကိုယ်စားလှယ်တစ်ဦး၏ အသုံးအနှုန်းနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌတောင်းပန်

လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ လွှတ်တော်တွင် ပညာရေးဝန်ကြီးဌာနသို့ မေးခွန်းမေးမြန်းရာ၌ အသုံးပြုခဲ့သည့် စကားလုံးများနှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌက သက်ဆိုင်ရာ ၀န်ကြီးဌာနသို့ တောင်းပန်လိုက်ကြောင်း သတင်းရရှိသည်။

ဇွန်လ ၈ ရက်တွင် ကျင်းပခဲ့သော ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ရေစကြိုမြို့နယ်ရှိ ငတရော်ကျေးရွာ အလယ်တန်းကျောင်းခွဲမှ ကျောင်းဆောင်နှင့် ၀ါယာကျေးရွာ မူလတန်းကျောင်းတို့ကို တင်ဒါပါစာချုပ်များနှင့် သတ်မှတ်စံချိန်စံညွှန်းမကိုက်ညီဘဲ စီမံဆောင်ရွက်ထားမှုကို မျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဌေးအောင်၏ မေးမြန်းဆွေးနွေးမှုနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌဦးနန္ဒကျော်စွာက ၀န်ကြီးဌာနအား မေတ္တာရပ်ခံတောင်းပန်ခဲ့ခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဌေးအောင်က ယင်းကိစ္စနှင့် ပတ်သက်၍ မေးခွန်းမေးမြန်းရာတွင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် လွှတ်တော်၌ ဒေသ၏ လိုအပ်ချက်အရ ကျောင်းဆောင်များ ပြင်ပေးရန်နှင့် အသစ်ဆောက်လုပ်ပေးရန် မေးမြန်းဆွေးနွေးခဲ့ကြရာတွင် သက်ဆိုင်ရာဝန်ကြီးများက အခြေအနေအရပ်ရပ်ကြောင့် ယခုနှစ် ဘတ်ဂျက်နှင့် လာမည့်နှစ်ဘတ်ဂျက်တို့တွင် ထည့်သွင်းပေးရန် အစီအစဉ်မရှိသေးပါကြောင်း ဖြေကြားကြခြင်းကို တွေ့မြင်နေရ သည်ဟု ထည့်သွင်းဆွေးနွေးခဲ့ သည်။


‘‘ဒီအစီအစဉ်မရှိသေးပါကြောင်း စကားလုံးများသာ ထုထည်တစ်ခုစီအနေနဲ့ နေရာယူနိုင် ကြမယ်ဆိုရင် ကျွန်တော်တို့ လွှတ်တော်ကြီးထဲမှာ ပြည့်ကျပ်နေမ လားတောင် အောက်မေ့မိပါတယ်’’ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတင်ဌေးအောင်က လွှတ်တော်သို့ တင်ပြသည်။

ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဦးတင်ဌေးအောင်၏ မေးခွန်းမေးမြန်းဆွေးနွေးမှုအပေါ် ပညာရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန့်ရှင်းက ပြန်လည်ဖြေကြားရာတွင် မေးခွန်းထဲ၌ မေးမြန်း ထားသော အကြောင်းအရာများ နှင့် ပြောသွားသည့် အကြောင်းအရာသည် ၀န်ကြီးဌာနကို ပုတ်ခတ်သကဲ့သို့ဖြစ်နေ သည်ဟု လွှတ်တော်သို့ တင်ပြခဲ့သည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၏ မေးမြန်းဆွေးနွေးမှုနှင့် သက်ဆိုင်ရာ ဒုဝန်ကြီးတို့၏ ပြန်လည်ဖြေကြားမှုများအပြီးတွင် ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ‘‘ကျွန်တော်မပြောခင်မှာပဲ ဒုဝန်ကြီးက ပြောလိုက်တဲ့အတွက် ကျွန်တော် အားလည်းအားနာပါတယ်။ တကယ်တမ်းပြောရရင် ကျွန်တော်ထိုင်တိုင်းမှာလည်း ခဏခဏ ကိုယ်စားလှယ်ကြီးများကို ကျွန်တော်အကြံဉာဏ်ပြုပါတယ်။ နှုတ်ချို လျှိုတစ်ပါးဖြစ်ပါတယ်။ ကိုယ်လိုချင်တဲ့အရာရအောင် ဘယ်လိုပြောရင်ရမလဲဆိုတဲ့ စကားပြော နည်းလေးတွေ ကျွန်တော်တို့ အရွယ်ရောက်ပြီးသားဖြစ်တဲ့ ကိုယ်စားလှယ်ကြီးများ သိရှိထားပြီး ဖြစ်ပါတယ်’’ဟု ပြောကြားသည်။

ထို့ပြင် မြို့နယ်များတွင် လိုအပ်သည့် ကိစ္စရပ်များကို သက် ဆိုင်ရာက လုပ်ပေးချင်လာအောင် ပြောဆိုပါက အားနာပါးနာဖြင့် လုပ်ပေးမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌက ထည့်သွင်းပြောကြားခဲ့သည်။

‘‘ဒါတွေဟာ ကျွန်တော် မေတ္တာရပ်ခံနေတာပါ။ မိမိတို့ရဲ့ အရည်အသွေး မိမိတို့ တိုးတက်လာအောင် ဆောင်ရွက်ဖို့က မိမိတို့ရဲ့ တာဝန်ဖြစ်ပါတယ်။ ဒါလေးတွေ အကုန်လုံးကိုယ်စားလှယ် ကြီးများ သတိချပ်ဖို့ လိုပါတယ်။ အကယ်၍များ လိုအပ်လာပြီဆိုရင်လည်း သက်ဆိုင်ရာတာဝန်ရှိ သူအနေနဲ့ဆိုရင်တော့ ကျွန်တော်ကပဲ တောင်းပန်ရမှာပါ။ ပြည်ထောင်စုဝန်ကြီးဌာနကို ကျွန်တော် မေတ္တာရပ်ခံတောင်းပန်ပါ တယ်’’ဟုလည်း ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာက ပြောသည်။

ယင်းသို့ ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ၏ ပြောကြားချက်အပေါ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဌေးအောင်က ‘‘ဒါကတော့ မိဘနဲ့ သားသမီးပဲ ဆုံးမတယ်လို့ ယူဆ ပါတယ်။ လွှတ်တော်ထဲမှာ ဆွေးနွေးတဲ့အခါ လွှတ်တော်ကိုယ်စားလှယ်ဆိုတာ ဂုဏ်သိက္ခာနဲ့ အညီနေပြီးတော့ တကယ်တမ်းကို သိမ်သိမ်မွေ့မွေ့ဆွေးနွေးသင့်တယ် လို့ ထင်ပါတယ်။ ဒါပေမဲ့ အဘ ဘက်မှာလည်း ခံစားချက်ရှိတာ ပေါ့’’ဟု ပြောကြားသည်။

ဇွန်လ ၈ ရက်တွင် ပြည်သူ့လွှတ်တော်အစည်း အဝေးဥက္ကဋ္ဌသူရဦးရွှေမန်းတက်ရောက်ခြင်းမရှိ၍ဒုဥက္ကဋ္ဌ ဦးနန္ဒကျော်စွာကဦးစီးကျင်းပခဲ့သည်။
7Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ