Thursday, June 4, 2015

လှေစီးဒုက္ခသည်များကို မေးမြန်းရာ မြန်မာနိုင်ငံမှဟု ဖြေကြားသော်လည်း အမှန်တကယ် စစ်ဆေးချိန်တွင် မြန်မာနိုင်ငံမှ မဟုတ်ကြောင်း သံတမန်များအား နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ရှင်းလင်း

ဇွန် ၄ ရက်က ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးဟောင်းတွင် နိုင်ငံတကာသံတမန်များနှင့် ကုလသမဂ္ဂ အေဂျင်စီများအား မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများ အကျဉ်းချုပ် ရှင်းလင်းတင်ပြသည့် အစည်းအဝေး တွင် နိုင်ငံတကာသံတမန်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားစဉ် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က လှေစီးဒုက္ခသည်များအား မေးမြန်းသည့်အခါ မြန်မာနိုင်ငံမှဟု ဖြေကြားသော်လည်း အမှန်တကယ် စစ်ဆေးကြည့်သောအခါ မြန်မာနိုင်ငံမှ မဟုတ်ကြောင်း ရှင်းလင်းပြောကြားသည်။

“ဒီကိစ္စဟာ နိုင်ငံဖြတ်ကျော် လူကုန်ကူးမှု ဖြစ်စဉ်တစ်ခုပါ။ သူတို့ကိုမေးတဲ့အချိန်မှာ မြန်မာနိုင်ငံကလို့ ဖြေကြပါတယ်။ မြန်မာနိုင်ငံမှာ ခွဲခြားဆက်ဆံမှုတွေရှိနေလို့ ထွက်ပြေးလာတာလို့ ပြောကြပါတယ်။ တကယ်စစ်ဆေး ကြည့်တဲ့အချိန်မှာ မြန်မာနိုင်ငံက မဟုတ်ကြပါဘူး။ ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင် အခွင့်အလမ်း ရှာဖွေနေတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေပါ။ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ လုပ်သားအင်အား ဈေးပေါပေါနဲ့ လုပ်ကိုင်ဖို့ မက်လုံးနဲ့ သွားလာနေကြသူတွေပါ။ သူတို့ကို မြန်မာနိုင်ငံကနေ ထွက်ပြေးလာသူတွေလို့ ပြောကြပေမယ့် တကယ်စိစစ်ကြည့်တဲ့အခါ မြန်မာနိုင်ငံက မဟုတ်ပါဘူး” ဟု နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။

ထိုကဲ့သို့ ပြောကြားချက်နှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ် Mr. Mohammad Sufiur Rahman က “မြန်မာနိုင်ငံရေတပ်ကနေ ဆယ်ယူထားတဲ့ လှေစီးဒုက္ခသည် ၂၀၀ ကျော်နဲ့ ၇၀၀ ကျော်ပါတဲ့ လှေနှစ်စင်းတည်းကို ကြည့်ရုံနဲ့ လှေစီးဒုက္ခသည်အားလုံးရဲ့ အခြေအနေကို သုံးသပ်လို့မရပါဘူး။ မလေးရှား၊ အင်ဒိုနီးရှားနဲ့ အခြားနိုင်ငံတွေကို ရောက်ရှိလာတဲ့ လှေစီးဒုက္ခသည်တွေကိုပါ စစ်ဆေးကြည့်ပြီးမှသာ သူတို့ရဲ့မိခင်နိုင်ငံကို အတိအကျ ပြောနိုင်မှာပါ။ ဒါမှသာ အရှေ့တောင်အာရှရေပြင် အတွင်းက လှေစီးဒုက္ခသည် အရေးရဲ့အဓိကရင်းမြစ်ကိုသိပြီး ဖြေရှင်းနိုင်မှာပါ” ဟု ပြန်လည်ချေပ ပြောဆို သည်။

နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က အရှေ့တောင်အာရှ ရေပြင်တွင် ကြုံတွေ့နေရသော လှေစီးဒုက္ခသည် အရေးသည် ဒေသတွင်း လူကုန်ကူးမှု ပြဿနာဖြစ်ကြောင်း၊ အဆိုပါပြဿနာကို ဖြေရှင်း ရာတွင် မြန်မာနိုင်ငံအနေဖြင့် အခြားသော နိုင်ငံသားနည်းတူ ပူးပေါင်းကူညီရန် လိုလားကြောင်း၊ လူကုန်ကူးမှု နိုင်ငံဖြတ်ကျော် လူမှောင်ခိုသွင်းမှုဆိုင်ရာ ဘာလီလုပ်ငန်းစဉ်အတိုင်း ဒေသတွင်းနိုင်ငံ များနှင့်အတူ လက်တွဲလုပ်ကိုင် သွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ တာဝန်ယူမှုကို ပြသသောအားဖြင့် မြန်မာ့ရေတပ်နှင့် လေတပ်တို့သည် မြန်မာ့ရေပိုင်နက်အတွင်း ကင်းလှည့်လျက်ရှိကြောင်း၊ ထို့ကြောင့် မေ ၂၁ ရက်က လူ ၂၀၈ ဦး လိုက်ပါလာသည့် လှေတစ်စင်း မျောပါနေသည်ကိုတွေ့ရှိပြီး ကယ်တင်နိုင် ခဲ့ကြောင်း ပြောကြားသည်။

“အဲဒီ ပထမကယ်တင်လိုက်တဲ့လှေမှာ မြန်မာနိုင်ငံသား ရှစ်ဦးပါပါတယ်။ သူတို့က လှေပေါ်မှာ လုပ်ကိုင် နေသူ တွေဖြစ်ပြီး ကျန်တဲ့ လူ ၂၀၀ က ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုတာ စစ်ဆေးပြီးနောက်ပိုင်း သိရှိရပါတယ်။ အဲဒီအတွက် စစ်တွေက ဘင်္ဂလားဒေ့ရှ်ကောင်စစ်ဝန်ရုံးကို အကြောင်းကြားပြီး ထပ်မံစစ်ဆေးမှုတွေ ပြုလုပ်ဖို့အတွက် လာရောက်လည်ပတ်ဖို့ ခွင့်ပြုခဲ့ပါတယ်။ နေပြည်တော်မှာ ဘင်္ဂလားဒေ့ရှ်သံအမတ်နဲ့ တွေ့တဲ့အချိန်တုန်းကလည်း လာမယ့်တနင်္ဂနွေ (ဇွန် ၇ ရက်)က စလို့ သူတို့လူတွေကို ပြန်ခေါ်သွားမယ်လို့ ကျွန်တော့်ကို အသိပေးခဲ့ပါတယ်” ဟု ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။

ထို့အပြင် မေ ၂၉ ရက်တွင် လူ ၇၃၄ ဦး လိုက်ပါလာသည် လှေတစ်စင်းကို မြန်မာရေတပ်မှ ထပ်မံ ကယ်ဆယ်ခဲ့ပြီး ကနဦးစစ်ဆေးချက်များအရ လူကုန်ကူးသူများမှ စွန့်ပစ်ခဲ့ကြောင်း သိရှိရသည်ဟု နိုင်ငံခြား ရေးဝန်ကြီး၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည်။

လက်ရှိတွင် မြန်မာစစ်တပ်မှ ယာယီနေရာထိုင်ခင်း ပေးထားပြီး လူသားချင်းစာနာ ထောက်ထားမှု အကူ အညီများဖြစ်သည့် ကျန်းမာရေးစောင့်ရှောက်မှု၊ အစားအစာနှင့် အ၀တ်အစားများ ပေးအပ်ထားပြီး ဇွန် ၄ ရက်မှစတင်ကာ မည်သည့်နိုင်ငံမှ လာရောက်သည်ကို စစ်ဆေးသွားမည်ဖြစ်ကြောင်း ဦးဝဏ္ဏမောင်လွင်က ပြောကြားသည်။

လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် လှေစီးဒုက္ခသည် အရေအတွက် များစွာအတွက် တတ်နိုင်သလောက် ပြင်ဆင်ထားသော်လည်း မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခု ဖြစ်သည့်အတွက် ကာလရှည်ကြာစွာ ထောက်ပံ့ပေးနိုင်မည် မဟုတ်ကြောင်း၊ ၎င်းတို့၏ မူရင်းနိုင်ငံကို သိရှိပြီးပါက မူရင်းနိုင်ငံနှင့် ပူးပေါင်းကာ ပြန်လည်ပို့ဆောင် သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ဆိုသည်။

ထို့အပြင် အခြားနိုင်ငံများတွင် မြန်မာနိုင်ငံမှ ထွက်ခွာလာသူများဟု ပြောဆိုမှုများ ရှိပါကလည်း ကောင်စစ် ၀န်အဆင့် သွားရောက်လေ့လာမှုများ ပြုလုပ်ပြီး အချက်အလက်များ ကောက်ခံသွားမည်ဖြစ်ကြောင်း၊ ထို့နောက် ရရှိသည့် အချက်အလက်များမှတစ်ဆင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ စုံစမ်းမှုရလဒ် များအတိုင်း သင့်လျော်သည့် လုပ်ဆောင်ချက်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး၏ မိန့်ခွန်းတွင် ပါရှိသည်။

ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က “ပင်လယ်ပြင်မှာ မျောနေတဲ့သူတွေကို ဘယ်သူမှန်း၊ ဘယ်နိုင်ငံကမှန်း မသိပေမယ့် ကူညီကယ်ဆယ်ရေးတွေ၊ ထောက်ပံ့မှု တွေ ပြုလုပ်ပေးနေပါတယ်။ ဒါပေမဲ့ ဘယ်နိုင်ငံကလာတာလည်း ဆိုတာကို စစ်ဆေးဖို့ လိုပါတယ်။ မြန်မာ စကားလည်း ပြောနိုင်၊ သူတို့နေတဲ့ နေရာလည်းပြောနိုင်၊ ၁၉၈၂ နိုင်ငံသား ဥပဒေနဲ့လည်း ညီတယ်ဆိုရင် ရခိုင်တိုင်းရင်းသားတွေ အနေနဲ့ သူတို့ကိုနိုင်ငံသားပေးဖို့ လက်ခံပါတယ်။ ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ကီလိုမီတာ ၁၆၀ ကျော် ထိစပ်နေပါတယ်။ ၁၉၇၁ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ မဖြစ်ခင်က အရှေ့ပါကစ္စတန်လို့ ခေါ်ပါတယ်။ အဲဒီအချိန်က လူဦးရေ ၆၆သန်း ရှိပါတယ်။ လက်ရှိမှာ လူဦးရေက သန်း ၁၆၀ ကျော်ရှိပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ သဘာဝဘေးအန္တရာယ်တွေလည်း ကြုံတွေ့ရလေ့ရှိတဲ့ နေရာတစ်ခုပါ။ လူဦးရေပေါက်ဖွားမှုများပြီး အလုပ်လက်မဲ့လည်း များပြားပါတယ်။ အရင်ကတည်းက လှေနဲ့ မြန်မာ၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှားကို သွားတာ တွေရှိပါတယ်။ ကျွန်တော့်ဆီမှာ အထောက်အထားတွေ ရှိပါတယ်။ ရခိုင်ကလူတွေက အဲဒီလောက် မဆင်းရဲပါဘူး။ ရခိုင်ကလူတွေက လှေနဲ့မပြေးပါဘူး။ လက်ရှိမှာလည်း ကုလသမဂ္ဂ၊ ပြည်ထောင်စုအစိုးရနဲ့ ရခိုင်ပြည်နယ် အစိုးရတို့ရဲ့ ကူညီမှုကြောင့် ဒုက္ခသည်စခန်းတွေမှာလည်း ပျော်ပျော်ရွှင်ရွှင် ရှိနေပါတယ်။ ဒီလှေစီးဒုက္ခသည် အရေးကို မြန်မာနိုင်ငံ တစ်ခုတည်းမဟုတ်ဘဲ အာဆီယံနိုင်ငံတွေနဲ့ ကုလသမဂ္ဂတို့ ကူညီဖြေရှင်းဖို့ တောင်းဆိုလိုပါတယ်” ဟု ပြောကြားသည်။

နိုင်ငံတကာ သံတမန်များနှင့် တွေ့ဆုံစဉ် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး၊ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်စဉ် လုပ်ဆောင်ခဲ့သည်များကိုလည်း အကျဉ်းချုပ် ရှင်းလင်းပြောကြားသည်။

Eleven Media

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ