Thursday, June 18, 2015

မြို့အလိုက် မယ်စကြ၀ဠာအလှမယ် ရွေးချယ်မခံရသူများ နောက်ဆုံးအဆင့်ပြိုင်ပွဲသို့ ထပ်မံလျှောက်ထားနိုင်

မယ်စကြ၀ဠာ မြန်မာ ၂၀၁၅ ပြိုင်ပွဲအတွက် အလှမယ်ရွေးချယ်ပွဲများကို မြို့ကြီး ၁၃ မြို့ တွင်ပြုလုပ်မည် ဖြစ်ပြီး မြို့နယ်အလိုက် ရွေးချယ်မခံရသူများ အနေဖြင့် စက်တင်ဘာအတွင်းပြုလုပ်မည့် ရန်ကုန်လူရွေးပွဲသို့ ထပ်မံလျှောက်ထားနိုင်ကြောင်း မယ် စကြ၀ဠာ မြန်မာ၏ National Director ဒေါ်စိုးယုဝေကပြော သည်။

‘‘ပထမရတဲ့သူက ကိုယ့်မြို့နယ်ကိုယ်စားပြုအနေနဲ့ ဖိုင်နယ်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရမယ်။ ကိုယ့်မြို့တွေမှာ ရွေးချယ်မခံခဲ့ရတဲ့သူတွေအနေနဲ့ ရန်ကုန်လူရွေးပွဲမှာ ပြန်လျှောက်လို့ရအောင် ဖောင်ပိတ်ရက်ကို သြဂုတ် လ နောက်ဆုံး သတ်မှတ်ထားတယ်’’ဟု ၎င်းက ပြောသည်။

မယ်စကြ၀ဠာမြန်မာပြိုင်ပွဲ အတွက် မြို့နယ်အလိုက် City Director များခန့်အပ်၍ အလှမယ်ရွေးချယ်ပွဲများ ကျင်းပခြင်းကို ယခုနှစ်ပြိုင်ပွဲတွင် စတင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ မြို့နယ်အလိုက် ပွဲကျင်းပ ရန် သဘောတူညီမှုရရှိထားသည့် မြို့ ၁၃ မြို့ရှိကြောင်းသိရသည်။

‘‘မြို့နယ်အလိုက်ပွဲတွေက ဇူလိုင်လကုန် နောက်ဆုံးထားပြီး လုပ်ကြမှာ။ အဲဒါကြောင့် အစ်မတို့က သြဂုတ် လထဲမှာ လျှောက်လွှာပိတ်ပြီး စက်တင်ဘာမှာ လူတွေ့စစ်မယ်။ နောက်ဆုံးဖိုင်နယ် ပွဲကြီးကိုတော့ အောက်တိုဘာလ ဆန်းပိုင်းမှာလုပ်မယ်’’ဟုဒေါ်စိုးယုဝေက ပြောသည်။

ယခုနှစ်ပြိုင်ပွဲသည် မြို့နယ်အလိုက် ပြိုင်ပွဲများပြုလုပ်၍ ရွေးချယ်ခြင်းဖြစ်သောကြောင့် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာနိုင်ပြီး ပရိသတ်အားပေးမှုလည်း ပိုမိုများလာသည်ဟု ၎င်းက ဆက်လက် ပြောကြားသည်။

မြန်မာနိုင်ငံသည် မယ်စကြာဝဠာပြိုင်ပွဲကို ၂၀၁၃ တွင်စတင်ယှဉ်ပြိုင်ခဲ့ပြီး ၂၀၁၃ ကိုယ်စားပြု အလှမယ် အဖြစ် မိုးစက်ဝိုင်၊ ၂၀၁၄ အတွက် သျှားထွဋ်အိန္ဒြာ တို့ သွားရောက်ယှဉ်ပြိုင်ထားပြီး ဖြစ်သည်။

7 Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ