အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့်ဥပဒေကြမ်းကို ပြည်ထောင်စုလွှတ်တော်က ပြင်ဆင်ချက်(၅၁)ချက်ဖြင့် အတည်ပြုလိုက်ပြီး ကျောင်းသားသမဂ္ဂကိုယ်စားလှယ်ဆိုသည့် စကားရပ်များတွင် ကျောင်းသား ကိုယ်စားလှယ်ဆိုသည့် စကားရပ်ဖြင့် ပြောင်းလဲအတည် ပြုလိုက်ကြောင်း သတင်းရရှိ သည်။
ဇွန်လ ၁၈ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော ယင်းဥပဒေကြမ်းပါအချက်များကို တစ်ပိုဒ်ချင်းစီအလိုက် နှစ်ရက်ကြာ ဆွေးနွေးအတည် ပြုခဲ့ခြင်း ဖြစ်သည်။
ယခုအတည်ပြုလိုက်သော ဥပဒေကြမ်းသည် ပညာရေးလေးပွင့်ဆိုင်ဆွေးနွေးပွဲတွင် သဘောတူထားသည့် အချက် ၁၁ ချက်အနက် အနည်းငယ်သာ အတည်ပြုခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥပဒေကြမ်း ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ရီကပြောသည်။
‘‘ကျောင်းသားတွေရဲ့ တောင်းဆိုချက်အတိုင်း ရသလားဆိုတော့ အခုအတည်ပြုသွားတဲ့ အခြေအနေ ကိုကြည့်ရင် ရှင်းပါတယ်။ မရပါဘူး။ ပဋိပက္ခကြီးတဲ့အချိန်မှာ ကျေနပ်လောက်တဲ့အထိအောင် အချိန်ယူ ဆွေးနွေးနိုင်ခဲ့တယ်။ လက်ခံသွားခဲ့တယ်။ အဲဒီလောက်ထိ ၀မ်းသာအားရဖြစ်ပြီး တစ်ပြည်လုံး အသိအမှတ်ပြုပြီးအတည်ပြုခဲ့တာ။ အတည်ပြုခဲ့ပေမယ့် ပြည်ထောင်စုလွှတ်တော်ကို ရောက်တဲ့အခါ လွှတ်တော်ရဲ့ လုပ်ပိုင်ခွင့်ပါပဲ’’ဟု ဦးခင်မောင်ရီကပြောသည်။
မိမိတို့အနေဖြင့် ကျောင်းသားများနှင့် ဆွေးနွေးစဉ်ကရရှိခဲ့သည့် သဘောတူညီချက်များအပေါ် အခိုင်အမာ ရပ်တည်ခဲ့သော်လည်း ပြည်ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်မှုအရ ရှုံးနိမ့်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
အမျိုးသားပညာရေးဥပဒေ တွင် ကျောင်းသားသမဂ္ဂများဖွဲ့ စည်းခွင့်အပါအ၀င် အချက် ၁၁ ချက်ကို ကျောင်းသားများက သ ပိတ်မှောက်လမ်းလျှောက်ဆန္ဒပြ ခဲ့ပြီး လေးပွင့်ဆိုင်ဆွေးနွေးပွဲများ ကျင်းပ၍ သဘောတူညီခဲ့ခြင်းဖြစ် သည်။
‘‘ကျောင်းသားသမဂ္ဂဖွဲ့စည်းခွင့်ကို အမျိုးသားပညာရေးဥပဒေမှာ ထည့်သွင်းတာလိုချင်လို့ တောင်းဆို နေတာပါ။ အဲဒီအတွက် သပိတ်မှောက်ပြီး ဆန္ဒပြလမ်းလျှောက်ခဲ့တယ်။ အခုကျောင်းသားတွေရဲ့ ဆန္ဒကိုလွှတ်တော်က ထည့်သွင်းစဉ်းစားခဲ့ခြင်း မရှိပါဘူး’’ဟု အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေး လမ်းလျှောက်ဆန္ဒပြခဲ့သော ကျောင်းသားခေါင်းဆောင် ကိုဇေယျာလွင်က ပြောသည်။
တက္ကသိုလ်တစ်ခုတွင် ကျောင်းတက်ရန် စာရင်းသွင်းသော ကျောင်းသားတိုင်းသမဂ္ဂအဖွဲ့ဝင်ဖြစ်ရမည် ဟု ပြဋ္ဌာန်းချက်များသည် ယခင်ပြဋ္ဌာန်းခဲ့သည့် တက္ကသိုလ်အက်ဥပဒေများတွင် ပါဝင်ခြင်းမရှိခဲ့သဖြင့် မိမိတို့အ နေဖြင့် ဥပဒေပြဋ္ဌာန်းချက်များအပေါ်တွင်သာ ရပ်တည်ရမည်ဖြစ်ပြီး မည်သည့်အဖွဲ့အစည်းတစ်ခုကိုမျှ အခွင့်ထူးပေးထားသည့် သဘောမဖြစ်စေလို၍ ကျောင်းသားသမဂ္ဂကိုယ်စားလှယ်ဟူသည့် စကားရပ်များကို ကျောင်းသားကိုယ်စားလှယ်ဟု ပြင်ဆင်ရခြင်းဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ လွှတ် တော်ကိုယ်စားလှယ်ဦးဖြိုးဇေယျာသော်က ပြောသည်။
အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေးနှင့်ပတ်သက်၍လက်တွေ့ကျသော ဥပဒေတစ်ရပ်ဖြစ်ရန် မိမိတို့ ဆောင်ရွက်နေပြီး ယင်းဥပဒေကို မည်သူ့ကိုမျှသဘောကျ စေရန်မဟုတ်ဘဲ အကောင်းဆုံး ဖြစ်စေရန်သာ ရည်ရွယ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဒေါ်အောင် ဆန်းစုကြည် ကပြောကြားထားသည်။
အဆိုပါဥပဒေကြမ်းကို အမျိုးသားလွှတ်တော်တွင် စတင်တင်သွင်းဆွေးနွေးခဲ့ခြင်းဖြစ်ပြီး အမျိုးသား လွှတ်တော်က အတည်ပြုထားသည့် အချက်များအနက် (၅၁)ချက်ကို ပြည်သူ့လွှတ်တော်ကပြင်ဆင်ခဲ့ပြီး ကျောင်းသားသမဂ္ဂကိုယ်စားလှယ်ဆိုသည့်စကားရပ်များနေရာတွင် ကျောင်းသားကိုယ်စားလှယ်ဆိုသည့် စကားရပ်များပြောင်းလဲခြင်းအပါအ၀င် အခြားအချက်များကိုလည်း ပြင်ဆင်မှု ပြုခဲ့သည်။
7Day Daily
No comments:
Post a Comment