Tuesday, June 16, 2015

လွှတ်တော်တွင်း ခြေဥပြင်ဆင်ရေး ဟန်ပြသက်သက်လား

ကမ္ဘာပေါ်တွင်ပြင်ဆင်ရန် အခက်ခဲဆုံးဖြစ်ကြောင်း ဝေဖန်ခံနေရသော အခြေခံဥပဒေပြင်ဆင်သည့် ဥပဒေကြမ်းများကို အာဏာရ ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ကာ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လွှတ်တော်သို့ တင်သွင်းလိုက်ပြီဖြစ်သည်။ 

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမတိုင်မီ ရက်ပေါင်း ၁၅၀ ခန့်အလိုတွင် ပြည်ထောင်စုလွှတ်တော်သို့ အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ဥပဒေကြမ်းများ ဦးဆောင်တင်သွင်းခဲ့ခြင်းဖြစ်သည်။ 

အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းများတွင် လွှတ်တော်တွင်းပြင်ဆင်ဆွေးနွေးမှုများသာမက နိုင်ငံအနှံ့ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများပြုလုပ်ပြင်ဆင်ရမည့် ပုဒ်မများပါဝင်နေသည်။ ထို့ကြောင့် ရက်ပေါင်း ၁၅၀ ခန့် အတွင်း အဓိကကျသည့်ပုဒ်မများ ပြင်ဆင်နိုင်ရေးမှာ ဖြစ်နိုင်ခြေလွန်စွာနည်းပါးနေသည်။ 

ဒီမိုကရက်တစ် အင်အားစုများတောင်းဆိုထားသည့် အဓိကကျသောပုဒ်မများကို တပ်မတော်က ပြင်ဆင် ပေးရန် ဆန္ဒမရှိခြင်း၊ ယင်းပုဒ်မများသည် လွှတ်တော်တွင်းရှိ အရပ်သားလွှတ်တော် ကိုယ်စားလှယ်များ အားလုံးက ထောက်ခံသည့်တိုင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၏ သဘောမပါလျှင် ပြင်ဆင်၍မရနိုင်ပါ။ ထို့အပြင် အဆိုပါပုဒ်မများကို ပြင်ဆင်ရန် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကျင်းပရမည့် အချက်အလက်များအပေါ် တွက်ချက်ကာ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှာ ဖြစ်နိုင်ခြေနည်းကြောင်း လွှတ်တော်ကိုယ်စားလှယ်များက သုံးသပ်သည်။ 

‘‘၅၉ (စ)တို့ ၄၃၆ တို့လို ပုဒ်မတွေပါ ပြင်ဖို့က လွှတ်တော်ထဲမှာတင်မဘူး။ ဆန္ဒခံယူပွဲတွေပါ လုပ်ရမှာ။ နောက်အဲဒီပုဒ်မတွေက တပ်မတော်က ပြင်ဖို့ဆန္ဒမရှိဘူးဆိုတဲ့ သဘောထားမျိုးပေးထားတာရှိတယ်။ ရွေးကောက်ပွဲမတိုင်ခင် ပြင်ဖို့ကတော့ တော်တော်ခက်ခဲပါတယ်။ အခုပုံစံက ပြည်သူတွေ ကျေနပ်အောင် လွှတ်တော်ကို တင်ပြတဲ့သဘောမျိုးပဲ ဖြစ်နေတယ်’’ဟု ရခိုင်အမျိုးသားပါတီမှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်ကျော်က ပြောသည်။ 

ပုဒ်မ ၅၉ (စ)နှင့် ပုဒ်မ ၄၃၆ တို့ကို ပြင်ဆင်လိုပါက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများကိုပါ ကျင်းပရမည်ဖြစ်သောကြောင့် မဲရုံများစီစဉ်ရခြင်း၊ မဲစာရင်းမျာပြုစုရခြင်း တို့လည်းပါဝင်လာနိုင်သည်။ ထိုအခါ ယခုရွေးကောက်ပွဲအတွက် ပြုစုနေသည့် မဲစာရင်းကို အသုံးပြုမည်ဆိုပါကလည်း အမှားများရှိနေသည့် အတွက် ပြင်ဆင်ရန်အချိန်ယူရမည့် ကိစ္စရပ်များကြောင့် ရွေးကောက်ပွဲမတိုင်ခင် ယင်းပုဒ်မများကို ပြင်ဆင်ရန် အချိန်လုံလောက်မှု မရှိသည်ကိုတွေ့ရှိရသည်ဟု ဦး ထွန်းအောင်ကျော်က ဆိုသည်။ 

ယခုလ ၁၀ ရက်၌ ပြင်ဆင် ရမည့် ပုဒ်မများကို စုစည်းထားသည့် ဥပဒေကြမ်းတစ်ခုနှင့် လွှတ်တော်တွင်း ဆွေးနွေးမှုများသာမက ပြည်လုံးကျွတ်ဆန္ဒခံယူပွဲများကိုပါကျင်းပပြီး ပြင်ဆင်ရမည့် ပုဒ်မများကိုစုစည်းထား သည့် ဥပဒေကြမ်း တစ်ခုစုစုပေါင်း ဥပဒေကြမ်းနှစ်ခုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။ 

ယင်းဥပဒေကြမ်းနှစ်ခုတွင် ပထမဥပဒေကြမ်း၌ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅ရာ ခိုင်နှုန်း ကျော်က ထောက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် မဲပေးပိုင်ခွင့်ရှိသူ ထက်ဝက်ကျော်၏ ထောက်ခံမှုရရှိမှသာ ပြင်ဆင်နိုင်မည့် ပုဒ်မလေးခုကို ပြင်ဆင်ရန်ပါဝင်လာပြီး ဒုတိယ ဥပဒေကြမ်းတွင်မူ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် ၇၅ ရာ ခိုင်နှုန်းကကျော်က သဘောတူထောက်ခံပါက လွှတ်တော် တွင်း၌ပင်ပြင်ဆင်နိုင်မည့် ပုဒ်မ ၂၄ ခုကို ပြင်ဆင်ရန်ထည့်သွင်းထားသည်။ 

ပထမဥပဒေကြမ်းတွင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ပိုင်ခွင့်ကို ပိတ်ပင်ထားသည့် နိုင်ငံတော် သမ္မတအရည်အချင်း သတ်မှတ်ချက်တစ်ခုဖြစ်သော ပုဒ်မ ၅၉ (စ) ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဒီမိုကရေစီ မကျသည့်အချက်များကို ပြင်ဆင်နိုင်ရေးအတွက် အဓိကအတားအဆီးဖြစ်နေသည်ဟု ဝေဖန်ထားသည့် ပုဒ်မ ၄၃၆ တို့ကို ပြင်ဆင်ရန် ထည့်သွင်းထား သည်။ 

ပုဒ်မ ၅၉(စ) နှင့် ပုဒ်မ ၄၃၆ ကို မဆိုထားနှင့်၊ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပြုလုပ်ရန်မလိုဘဲ လွှတ်တော် တွင်း၌ပင် ပြင်ဆင်နိုင်မည့် ပုဒ်မများပါဝင်သော ဥပဒေကြမ်း အောင်မြင်စွာ ပြင်ဆင်နိုင်ရေးမှာပင် စောင့်ကြည့်ရမည့်အနေအထားဖြစ်နေသည်ဟု နိုင်ငံရေးဆောင်းပါးများ ရေးသားနေသူ ဒေါက်တာ ရန်မျိုးသိမ်းက သုံးသပ်သည်။ 

ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ မကျင်းပဘဲ လွှတ်တော်တွင်းရှိ လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံမှုဖြင့် ပြင်ဆင်ရမည့် ဥပဒေကြမ်းတွင် တိုင်းရင်းသားနိုင်ငံရေးပါတီများ တောင်းဆိုထားသည့် ပြည်နယ်များ၏ လုပ်ပိုင်ခွင့်များကို ပြည်ထောင်စုအစိုးရထံမှ ပိုမိုရရှိရန်ပြင်ဆင်ရမည့် ပုဒ်မများ ပါဝင်နေ သည်။ 

အခြေခံဥပဒေပြင်ဆင်ရေး ဥပဒေကြမ်းတွင် ပုဒ်မ ၅၉ (စ)ကို ပြင်ဆင်ထားသည်မှာ အဖြစ်သဘောမျိုး သာဖြစ်နေသည့်အပြင် ပုဒ်မ ၄၃၆ ကို ပြင်ဆင်ထားသည်မှာလည်း လူထု၏ဆန္ဒသဘောထားကို မထင်ဟပ် ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် က ပြောသည်။ 

‘‘၅၉(စ) က ပြင်မထားဘူးလို့တောင် ပြောလို့ရတယ်။ ၄၃၆ ကလည်း ကျွန်တော်တို့ပြင်ချင်တာနဲ့ တခြားစီပါ ပဲ။ အခြေခံဥပဒေ ပြင်ဆင်ဖို့ကိုတော့ ကျွန်တော်တို့ ကထောက်ခံပါတယ်။ ပြင်ဆင်ထားတဲ့ ပုံစံတွေကိုတော့ မထောက်ခံပါဘူး’’ဟု ဒီချုပ်၏ သဘောထားကို ၎င်းကပြောကြားသည်။ 

ပုဒ်မ ၅၉ (စ)တွင် ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့် တားမြစ်ထားသည့် ‘‘သမ္မတ၏ သားသမီး များသည် တိုင်းတစ်ပါးသားမဖြစ်စေရ’’ဆိုသည့် အချက်ကို ပြင်ဆင်ခြင်းမရှိဘဲ မူလပြဋ္ဌာန်းချက်အတိုင်း ဆက်လက်ထားရှိ ထားခြင်းဖြစ်သည်။ 

‘‘သူတို့ပြင်ထားတာကို ကျွန်တော်တို့မထောက်ခံပါဘူး။ လွှတ်တော်မှာ အကြိတ်အနယ်ဆွေးနွေးရမှာပါ’’ဟု ဦးဝင်းမြင့်က ဆိုသည်။

ထို့ပြင် လွှတ်တော်သို့ ပြည်ခိုင်ဖြိုးပါတီမှဦးဆောင်ကာ တင်သွင်းသည့် ယင်းဥပဒေကြမ်းများတွင် ပါဝင်သော ပြင်ဆင်ထားမှုပုံစံများကို ကြိုတင်သိရှိထားခြင်းမရှိဘဲ ရောက်လာမှသာ သိရှိရကြောင်း လွှတ်တော် ကိုယ်စားလှယ်များထံ မှသိရသည်။ 

‘‘ကျွန်မတို့က ပြင်ဖို့ကိုပဲ သဘောတူ ထောက်ခံထားတာပါ။ ဘာတွေကို ဘယ်လိုပုံစံပြင်ထားတာကို မသိခဲ့ရ ဘူး။ ကော်မတီမှာတော့ ပြင်ဖို့ဆွေးနွေးခဲ့တာတွေ တော့ရှိတယ်။ ဥပဒေကြမ်းမှာ ပါလာတာတွေကတော့ ကျွန်မတို့ မျှော်လင့်ထားသလိုမဟုတ်ပါဘူး’’ ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး အကောင်အထည် ဖော်မှုကော်မတီတွင် ပါဝင်သူ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းစေးအွားက ပြောသည်။ 

သို့သော် ယင်းဥပဒေကြမ်းများကို လွှတ်တော်သို့တင်သွင်းစဉ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအ၀င် လွှတ်တော်တွင်းရှိ နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ် ၂၀ ရာခိုင်နှုန်းကျော် ထောက်ခံမှုဖြင့် တင်သွင်းခြင်းဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဇော်ကပြောထား သည်။ 

ထို့အပြင် လူထုက ပြင်ဆင်ချင်သည့် ပုဒ်မများဖြစ်သော ပုဒ်မ ၅၉ (စ)နှင့် ပုဒ်မ ၄၃၆ တို့ကိုလည်း ပြင်ဆင် ပေးထားကြောင်း သတင်း မီဒီယာအား ၎င်းက ပြောသည်။ 

ထို့ပြင် လက်ရှိကျင်းပဆဲ (၁၂)ကြိမ်မြောက် လွှတ်တော်အစည်းအဝေးများတွင် အခြေခံဥပဒေပြင်ဆင်ရေး ကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းကိုလည်း အာဏာရပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်ပိုင်းများက ထုတ်ဖော် ပြောကြားထားသည်။ 

အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ အစိုးရ၊အာဏာရပါတီနှင့် တပ်မတော်တို့၏ ပြောကြားဆွေးနွေး ချက်များကို သုံးသပ်လေ့လာခြင်းဖြင့် လက်ရှိလွှတ်တော်သို့တင်သွင်းထားသော ပြင်ဆင်ရေး ဥပဒေကြမ်း များသည် ပြည်သူလူထုကျေနပ်စေရန် ဟန်ပြသဘောမျိုးသာဖြစ်နေကြောင်း ဒေါက်တာရန်မျိုးသိမ်းက ဆိုသည်။ 

‘‘အခြေခံဥပဒေမှာ ၄၃၆တို့ ၅၉ (စ)တို့အပြင် တိုင်းရင်းသားတွေ တောင်းဆိုထားတဲ့ အချက်တွေကို ရွေးကောက်ပွဲမတိုင်ခင် မပြင်ပေးဘူးဆိုရင်တော့ လာမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ချင် လွတ်လပ်မယ် တရားမျှတမှုမရှိ ဘူးလို့တော့ပြောရမယ်’’ဟုဒေါက်တာရန်မျိုးသိမ်းက ဆိုသည်။

7Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ