မြန်မာနိုင်ငံတော် ဗဟိုဘဏ်အတွက် ပြီးခဲ့သည့် မေလသည် အလုပ်အများဆုံးလတစ်လဖြစ်သည်။ ဗဟိုဘဏ်ကို ဘဏ္ဍာရေးဝန်ကြီးဌာနမှ ခွဲထုတ်၍ သီးသန့်ရပ်တည်ခွင့်ပြုခဲ့ပြီးနောက် နိုင်ငံခြားငွေလဲနှုန်း တန်ဖိုးမြင့်တက်မှုကို ထိန်းချုပ်ပြီး ကျပ်ငွေတန်ဖိုးတက်လာစေရန် မေလမှာပင် လေးကြိမ်တိုင် အရေးပေါ် အစည်းအဝေးလုပ်ခြင်း၊ ညွှန်ကြားချက်ထုတ်ခြင်း ပြုလုပ်ခဲ့သည်။ ဒေါ်လာတန်ဖိုးဆက်တိုက်တက်ပြီး ကျပ်ငွေတန်ဖိုး ကျဆင်းနေမှု ကြုံတွေ့ရသောကြောင့် မေလ ၁၁ ရက် ညနေတွင် ပြည်တွင်းမှ ပုဂ္ဂလိက ဘဏ်များနှင့် ငွေလဲကောင်တာများကို ခေါ်ယူသတိပေးခြင်း၊ မေလ ၁၃ ရက်တွင် ပြည်တွင်းပုဂ္ဂလိက ဘဏ်လုပ်ငန်းရှင်များကို နေပြည်တော်တွင် ခေါ်ယူအစည်းအဝေးပြုလုပ်ခြင်း၊ မေလ ၂၇ ရက်တွင် နိုင်ငံခြားငွေဘဏ်စာရင်းဖွင့်လှစ်ထားသူများအား ငွေထုတ်ယူမှု ထက်ဝက်လျှော့ချပေးရန် ညွှန်ကြားခြင်း၊ မေလ ၂၉ ရက်တွင် ပြည်တွင်း၌ အရောင်းအ၀ယ်ပြုလုပ်ခြင်းနှင့် ၀န်ဆောင်မှုလုပ်ငန်းများတွင် အမေရိကန်ဒေါ်လာ အပါအ၀င် အခြားသော နိုင်ငံခြားငွေများကို သုံးစွဲခွင့်မပြုဘဲ ကျပ်ငွေဖြင့်သာ အသုံးပြုရန် ညွှန်ကြားချက်ထုတ်ခဲ့ခြင်းတို့ ဖြစ်သည်။
သို့သော် ဒေါ်လာတန်ဖိုးမြင့်တက်မှုကို ထိန်းချုပ်ရန် ဗဟိုဘဏ်က လုပ်ဆောင်မှုများသည် ပြင်ပဈေးကွက် တွင် အမေရိကန်ဒေါ်လာ ပိုရှားပြီး ဈေးတက်အောင် ပြုလုပ်သကဲ့သို့ ဖြစ်နေကြောင်း စီးပွားရေးပညာရှင် အချို့က ဝေဖန်သည်။
‘‘သူတို့လုပ်နေတာက လွဲနေတယ်။ ငွေကို တစ်ဝက်ပဲထုတ်ရတဲ့ ကိစ္စကလည်း ဈေးကွက်ကို ဘာမှအကျိုးမသက်ရောက်နိုင်ဘူး။ ပြည်တွင်းမှာ ဒေါ်လာအသုံးမပြုဖို့ စီစဉ်တာလည်း ဖြစ်နိုင်ဖို့ခဲယဉ်းတယ်’’ဟု စီးပွားရေးပညာရှင် ဦးလှမောင်က သုံးသပ်ရှင်းပြသည်။
ပြည်တွင်း၌ အမေရိကန်ဒေါ်လာတန်ဖိုးကျဆင်းရန် ပြည်တွင်းပုဂ္ဂလိကဘဏ်များနှင့် ငွေလဲကောင်တာ များတွင် အမေရိကန်ဒေါ်လာနှင့် ကျပ်ငွေလဲနှုန်းကို ပြင်ပပေါက်ဈေးအတိုင်း ရောင်းချပါက မေလ ၁၂ ရက်မှစ၍ အရေးယူမည်ဟု မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဘဏ်များနှင့် ငွေလဲကောင်တာများအား မေလ ၁၁ ရက် ညနေ၌ ခေါ်ယူသတိပေးခဲ့သည်။ ထို့ကြောင့် ဘဏ်များသည် အများပြည်သူကို ဒေါ်လာရောင်းချမှု မရှိသလောက်ဖြစ်သွားပြီး ပြင်ပဈေးကွက်ကိုသာ ပိုအားထားရကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောလာသည်။
ထို့အပြင် မေလ ၂၇ ရက်တွင် စာထုတ်ပြီး နိုင်ငံခြားငွေဘဏ်စာရင်းဖွင့်လှစ်ထားသူများ၏ နိုင်ငံခြားငွေ ထုတ်ယူမှုကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထက်ဝက်လျှော့ချလိုက်သည်။ ထိုသို့ လျှော့ချမှုသည် ပြည်တွင်းနိုင်ငံခြားငွေဈေးကွက်ကို မည်သို့မှသက်ရောက်မှုမရှိနိုင်ကြောင်း ပြည်ပသို့ ဆန်တင်ပို့နေသော လုပ်ငန်းရှင် ဦးမျိုးသူရအေးက ပြောကြားသည်။
နောက်ဆုံးကြိုးပမ်းမှုမှာ မေလ ၂၉ ရက်က ကျပ်ငွေတန်ဖိုးမြင့်တက်လာစေရန် ပြည်တွင်း၌ အရောင်းအ၀ယ်ပြုလုပ်ခြင်းနှင့် ၀န်ဆောင်မှုလုပ်ငန်းများတွင် အမေရိကန်ဒေါ်လာ အပါအ၀င် အခြားသော နိုင်ငံခြားငွေများကို သုံးစွဲခွင့်မပြုဘဲ ကျပ်ငွေဖြင့်သာ အသုံးပြုရန် နိုင်ငံတော်သမ္မတရုံးက မေလကုန်ပိုင်း၌ စာထုတ်ပြန်ထားသည်။
‘‘ဒီလိုဝင်ထိန်းလို့လည်း သိပ်ထူးခြားမယ် မထင်ဘူး။ ရောင်းသူနဲ့ ၀ယ်သူ နှစ်ဖက်ကြားကို ဘယ်လိုစောင့်ကြည့်ပြီးထိန်းမှာလဲ’’ဟု မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်အသင်း ဒုဥက္ကဋ္ဌ ဦးခင်မောင်ပြုံးက ပြောကြားသည်။
ပြည်တွင်း၌ အမေရိကန်ဒေါ်လာ တန်ဖိုးကျဆင်းအောင် ပြုလုပ်ရမည့် နည်းလမ်းသည် ဗဟိုဘဏ်မှ နိုင်ငံခြားငွေများ ဈေးကွက်အတွင်းကို ထုတ်ရောင်းပေးခြင်းပင် ဖြစ်သည်ဟု အထက်ပါပုဂ္ဂိုလ်များ ကဆိုသည်။ ပြည်တွင်း၌ အမေရိကန် ဒေါ်လာတန်ဖိုး ဆက်တိုက်မြင့်တက်နေမှု ထိန်းချုပ်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ပုဂ္ဂလိကဘဏ်များသို့ ဒေါ်လာများကို ယခင်ကထက် ပမာဏများစွာ နေ့စဉ်ထုတ်ရောင်းပေးရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံဘဏ်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးသိန်းထွန်းက မေလ ၁၃ ရက်တွင် ပြောထားသည်။ သို့သော် ပမာဏမည်ရွေ့မည်မျှ ထုတ်ရောင်းမည်၊ မည်သည့်အချိန်တွင် ထုတ်ရောင်းမည်ကို မသိရသလို လက်တွေ့တွင် ငွေကြေးဈေးကွက်အတွင်းမှ အမေရိကန်ဒေါ်လာတန်ဖိုးမှာ ပြန်လည်မြင့်တက်လာသည်။
ပြည်တွင်းငွေလဲနှုန်းသည် ၂၀၁၄ စက်တင်ဘာခန့်က အမေရိကန်တစ်ဒေါ်လာလျှင် ကျပ် ၉၇၀ မှ ၉၆၀ ကြားသာရှိခဲ့ရာမှ အောက်တိုဘာလလယ်မှ စတင်မြင့်တက်လာပြီး ယခုနှစ် မေလ ၈ ရက်တွင် တစ်ဒေါ်လာလျှင် ကျပ်ငွေ ၁,၁၁၁ ထိ ဈေးမြင့်တက်လာသည်။ ထိုနောက်ပိုင်း ဈေးတက်လိုက်၊ ကျလိုက် မတည်ငြိမ်ဘဲ ဖြစ်နေပြီး ဇွန်လ ၁ ရက် ညနေပေါက်ဈေးမှာ တစ်ဒေါ်လာလျှင် ၁,၁၃၅ ကျပ်ဖြစ်သည်။
7Day Daily
No comments:
Post a Comment