ဒီနေ့မနက်စောစော ဂျာနယ်တစ်စောင်မှာဖော်ပြထားတဲ့ "အမုန်းဘယ်လိုဖြေပါ့မယ်" ဆိုတဲ့သတင်း ဆောင်းပါးတစ်ပုဒ်ကို ဖတ်ပြီးတဲ့အခါမှာ စိတ်ပင်ပန်းကြီးစွာနဲ့ သက်ပြင်းချမိပါရဲ့။ အဲဒီဆောင်းပါးထဲမှာ ဖော်ပြထားတာက ဒုက္ခသည်စခန်းတစ်ခုမှာ ရောက်ရှိနေတဲ့ မလွမ်းညယ်ဆိုတဲ့ ကချင်တိုင်းရင်းသူလေးရဲ့ လူမျိုးရေးမှိုင်းတိုက်ခံလိုက်ရတဲ့ စိတ်ခံစားချက်အချို့နဲ့ ဗမာမုန်းတီးရေးဝါဒအပြင် အစိုးရတပ်မတော်ကို ဗမာနယ်ချဲ့ကျူးကျော်သူများအဖြစ် ဖော်ပြထားတာကို စိတ်မကောင်းကြီး စွာ တွေ့မြင်လိုက်ရတာပါပဲ။
ဒီလို လူမျိုးရေးမှိုင်းတိုက်မှုတွေကို ဘယ်သူတွေလုပ်ဆောင်နေပါသလဲ။ သေချာပါတယ် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့အစည်းကလွဲလို့ ဘယ်သူမှမဖြစ်နိုင်ပါဘူး။ ဒါဆိုရင် မင်းက ဗမာ၊ ငါတို့က ကချင်၊ သူတို့ကတော့ ရှမ်းဆိုတဲ့ လူမျိုးရေး ခွဲခြားပြီး အမုန်းတရားတွေ ပွားများ လာအောင် လုပ်ဆောင်ထားပြီး နောက်ပိုင်းမှာ ဖက်ဒရယ်စနစ် တစ်ခုသာလိုချင်ပြီး ပြည်ထောင်စုကနေ ခွဲမထွက်ပါဘူးလို့ ကေအိုင်အေအဖွဲ့ မှ ပြောဆိုခဲ့သမျှကို ပြန်လည်စဉ်းစားသုံးသပ်ရတော့မှာ ဖြစ်ပါတယ်။
ကေအိုင်အေအဖွဲ့ဟာ ကချင်လူမျိုးကောင်းစားရေး၊ ကချင်ပြည်နယ် လွတ်မြောက်ရေးဆိုတဲ့ ခေါင်းစဉ် အောက်ကနေ လက်နက်ကိုင်ပြီး ကချင်ပြည်နယ်အတွင်းမှာ နှစ်ပေါင်းများစွာ ထင်တိုင်းကြဲလာခဲ့တာပါ။ ဒါပေမယ့် ယနေ့အချိန်အထိ ကချင်ပြည်နယ်အတွင်းမှာ ကေအိုင်အေအဖွဲ့မှ လုပ်ဆောင်ပေးလိုက်လို့ ပိုမို တိုးတက်လာတာတစ်ခုမှမရှိသလို ထူးပြီးငြိမ်းချမ်းသွားတာမျိုးလည်းမရှိပါဘူး။ ကေအိုင်အေအဖွဲ့ရဲ့ ဆက်ကြေးကောက်ခံခြင်း၊ အတင်းအကြပ်လူသစ်စု ဆောင်းခြင်းနဲ့ တိုက်ပွဲများအတွင်း လမ်းတံတားတွေကို ဖျက်ဆီးပစ်လိုက်လို့ ဒေသခံပြည်သူတွေ ပိုမိုဒုက္ခရောက်သွားကြ ရတာပဲ ရှိပါတယ်။
နောက်ပြီး တိုက်ပွဲများကြောင့် ဒေသခံတွေဟာ တိုက်ပွဲနဲ့လွတ်ရာနေရာတွေကို ရှောင်တိမ်းကြရပါတယ်။ ဒါပေမယ့် ကေအိုင်အေအဖွဲ့ထိန်းချုပ်ထားတဲ့ ဒုက္ခသည်စခန်းကိုသွားရောက် ရှောင်တိမ်းနေကြသူအများစု ဟာ ကေအိုင်အေတပ်ဖွဲ့အတွင်းမှာ သူတို့ရဲ့ ဆွေမျိုးသားချင်းနဲ့ လင်ယောက်ျားတွေ ရှိနေကြသူတွေပါ။ ကချင်တိုင်းရင်းသူ မလွမ်းညယ်အနေနဲ့လည်း စစ်ကြောင့်ဒုက္ခသည်စခန်းကိုရောက်မှ ဒုက္ခသည်လို့ ထင်မြင်ယူဆနေပုံရပါတယ်။ ဒုက္ခသည်စခန်းကိုမရောက်ဘဲ ဒုက္ခရောက်နေရတဲ့ ကချင်တိုင်းရင်းသား မဟုတ်တဲ့ ဒေသခံတွေလည်း အများကြီးရှိနေပါသေးတယ်။
သူတို့ဟာ ကေအိုင်အေ ထိန်းချုပ်ထားတဲ့ ဒုက္ခသည်စခန်းများသို့လည်းမသွားရဲ၊ မိမိနေရပ်မှာ နေပြန်ရင် လည်း ကေအိုင်အေရဲ့ ဆက်ကြေးကောက်၊ လူသစ်စုခြင်းကိုခံရတဲ့ဒဏ်အပြင် ကေအိုင်အေက ရွာအနီး အနားမှာလာရောက် မိုင်းထောင်တတ်တာကြောင့် မကြာခဏ အသက်အန္တရာယ် ရင်ဆိုင်နေရတာပါ။ ကချင်ပြည်နယ်အတွင်းမှာ ကေအိုင်အေ အဖွဲ့အစည်းတစ်ခုတည်း နေထိုင်တာမဟုတ်ပါဘူး။
ကေအိုင်အေအဖွဲ့အစည်းနဲ့ ပတ်သက်မှုမရှိတဲ့ ကချင်တိုင်းရင်းသားတွေနဲ့ အခြားတိုင်းရင်းသားအများစု လည်း နေထိုင်ကြတာပါ။ သူတို့ဟာ ကေအိုင်အေအဖွဲ့ရဲ့ ခွဲခြားဆက်ဆံအနိုင်ကျင့်သမျှကို အလူးအလဲ ခံနေကြရတာပါ။ ဒါဟာ မဖြစ်သင့်တဲ့ ကိစ္စတစ်ခုဖြစ်ပါတယ်။ နောက်ပြီး သူတို့အားလုံးဟာ ကချင်ပြည်နယ် အတွင်းမှာနေထိုင်ကြတဲ့ မြန်မာနိုင်ငံ သားတွေဖြစ်ကြပါတယ်။ ဒါကြောင့် သူတို့ကို အကာအကွယ်ပေးဖို့ အတွက် အစိုးရတပ်မတော်မှာ တာဝန်ရှိပါတယ်။ ဒီအချက်ကိုမသိဘဲ အစိုးရတပ်တွေကို ကျူးကျော်သူ ဗမာစစ်တပ်အဖြစ် ၀ါဒမှိုင်းတိုက်သမျှခံနေရတာကတော့ အင်မတန် သနားစရာကောင်းလှပါတယ်။
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုံခြုံရေးတာဝန်ကို တာဝန်ယူထားတဲ့ အစိုးရတပ်မတော်ဟာ တိုင်းရင်းသား ပေါင်းစုံနဲ့ ဖွဲ့စည်းထားတာဖြစ်တာကြောင့် ဗမာစစ်တပ်မဟုတ်သလို ကျူးကျော်သူလည်းမဟုတ်ပါဘူး။ ဒါကြောင့် တိုင်းရင်းသား အချင်းချင်းသွေးကွဲအောင် ၀ါဒမှိုင်းတိုက်ပြီး လူမျိုးရေးခွဲခြားရန် ကြိုးစားနေသူ များကို နိုင်ငံတော်အစိတ်စိတ်အမွှာမွှာ ပြိုကွဲအောင်ကြံစည်နေသူများအဖြစ် သတ်မှတ်ရတော့မှာ ဖြစ်ပါ ကြောင်း ပြောကြားလိုပါတယ်။
Opposite Eyes
No comments:
Post a Comment