၂၀၁၀ ခုနှစ် အရပ်သားသမ္မတအစိုးရသစ် တက်လာပြီးသည့်နောက်ပိုင်းတွင် စာနယ်ဇင်းဆိုင်ရာတင်းကြပ်
မှုများအား တော်တော်များများဖြေလျော့ပေးခဲ့သည်မှာ အားလုံးအသိဖြစ်သည်။ ယခင်ကရေးခွင့်မရသည် များရေးခွင့်ရလာသည်။ ထို့အတူ ကျွဲကူးရေပါဆိုသလို မီဒီယာတို့၏ တာဝန်မဲ့မှု အပိုင်းတွေလဲ ဆက်တိုက် ဆိုသလိုဖြစ်လာသည်။ တစ်နိုင်ငံလုံးရောင်းချနေသော Printed Media တွင် ရေးချင်ရာ ရေးလာသည်။ထို ရေးသားမှုအပေါ်တွင်လည်း တာဝန်ယူမှု တာဝန်ခံမှုမရှိ။ ထိုသို့ ရေးချင်ရာရေးလာမှုများကို သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများမှ တရားဥပဒေနှင့်အညီ တိုင်တန်းအရေးယူသည့်အခါ မီဒီယာဖိနှိပ်မှုဟု ဆိုကာ ဆန္ဒ
ပြပွဲများ ပြုလုပ်ကြပြန်သည်။ မီဒီယာများ စည်းလွတ်ဝါးလွတ်ဖြစ်လာသည်။ မီဒီယာအချင်းချင်းလည်း မထိန်း၊စာနယ်ဇင်း ကောင်စီဆိုသည်ကလည်း အစိုးရက အရေးယူမှသာ ကြေငြာချက်ထုတ်တတ်ပြီး ဂျာနယ်များရေးချင်ရာ ရေးနေသည့်အပေါ် မသိကျိုးနွံပြုထားသည်။
အထက်ပါ ကိစ္စများအပေါ် မည်သူမှ မထိန်းကျောင်းကြသလို လျစ်လျူရှုထားမှုကြောင့် အချို့ ဂျာနယ်များမှာ ဖြစ်ချင်တိုင်းကို ဖြစ်နေကြသည်။ သတင်းမှန် မမှန်အရေးမကြီး စာမျက်နှာပြည့်ဖို့သာ အရေးကြီးသည် ဆိုသည့် ပုံစံမျိုးဖြစ်လာနေသည်။ မိမိသတင်းမှားသွားလျှင်လည်း စာဖတ်သူကို ပြန်လည်တောင်းပန်မှုမရှိ။ မသိသလို အသာနေသည်။ ဂျာနယ်ကို ပိုက်ဆံပေးဖတ်နေရသည့် ပြည်သူများအပေါ် အလေးမထား။ ငါရေးချင်တာရေးမည် ဆိုသည့် ပုံစံမျိုးတွေ့လာရသည်။
ယခုဖြစ်လာနေသည့်ပုံစံမှာ တော်တော်ဆိုးရွားလာသည်။ Facebook ပေါ်တွင် Troll လုပ်သည့် မဟုတ် မမှန်စာများအား ပြန်လည်ကူးယူဖော်ပြကာ ဂျာနယ်ထဲထည့်၍ ရောင်းစားလာကြသည်။ ထိုသတင်း မှန်မမှန်ပင် ဆုံးဖြတ်အတည်ပြုခြင်းမပြုတော့ပေ။ သတင်းထောက်များ Facebook ပေါ်တွင် သတင်းရယူ နေကြသည်။ ထိုသည်မှာ တစ်ခါမကတော့။ မကြာသေးခင် အချိန်က Scientific Buddhist အမည်ရှိ သည့် FacebookPage မှ ဗုဒ္ဓဘာသာအား ပျက်ရယ်ပြု လှောင်ပြောင်ထားသည့် “သိပ္ပံပညာရှင်များ နတ်ပြည် တွေ့ရှိခဲ့’ ဟူသည့်သတင်းမှာ Printed Media တစ်ခု မှ ကူးယူဖော်ပြခဲ့သည့်အတွက် Facebook တွင် သာမက အပြင်လောကတွင်ပါ သို့လော..သို့လော ဖြစ်ခဲ့ရသည်။ပြည်သူတွေခဗျာ ဂျာနယ်မှာပင် ပါလာတော့ ယုံထင်ကြောင်ထင်ဖြစ်ခဲ့သည်။ ဂျာနယ်များမှာ အေးဆေးပင်။သူတို့ပဲ မဟုတ်သလို နှုတ်ဆိတ် နေကြသည်။ စာဖတ်သူကို သတင်းအမှားအတွက် ပြန်လည်တောင်းပန်ခြင်းမျိုးမတွေ့ရပေ။
ထိုတစ်ခုသည်သာမဟုတ်။ ထိုသို့ ကိစ္စမျိုး ဆက်တိုက်ဆိုသလိုဖြစ်လာသည်။ Scientific Buddhist စာမျက်နှာမှပင် Akon ဗုဒ္ဓဘာသာသို့ ကူးပြောင်းသွားပြီဆိုသည့် Akon နဲ့ ဦးဝီရသူ နှစ်ပုံပေါင်းကာ Photoshopသတင်းအမှားကိုလည်း The News Weekly ဂျာနယ်တွင် ခပ်တည်တည်ပင်ဖော်ပြခဲ့သည်။ ထိုသို့ ဖော်ပြမှုအတွက် အခကြေးငွေများရယူကာ ပြည်သူများကို ရောင်းချခဲ့ကြသည်။ယခုတွင်လည်း မြန်မာအသင်းမတရားသည့်နည်းဖြင့်အနိုင်ရခဲ့ခြင်းဖြစ်နိုင်ကြောင်း ဗီယက်နမ် ဆရာဝန် စွပ်စွဲဆိုသည့် Facebook ပေါ်က အချက်အလက် မခိုင်မာသည့်သတင်းကို ခပ်တည်တည်ဖော်ပြ ရောင်းစားကြပြန် သည်။သတင်းပါ အချက်အလက်များကို ကြည့်ပါက Dr Nguyen Ngoma ... ဒေါက်တာ ငုယင် ငိုးမဗီယက်နမ် နေ့စဉ်သတင်းစာ...Daily Yonethusoutyuu ... ဒေးလီး ယုံသူဆောက်ရူးဆိုသည်များမှာ များစွာသိသာလှပါသည်။ထိုသည်မှာ သတင်းထောက်များ နှင့် ဖော်ပြခဲ့သည့် သက်ဆိုင်ရာ ဂျာနယ်တိုက်မှ အယ်ဒီတာများ၏ စာမဖတ်ခြင်းမှာ အတော်လေး ပေါ်လွင်လှသည်။သတင်းထောက်များ အပျင်းကြီး၍ Online Social Networkများမှ ပြန်လည်ကူးယူဖော်ပြနေသော်လည်း အယ်ဒီတာများက အချက်အလက် ခိုင်မာမှု ရှိမရှိ ၊ သတင်း source ခိုင်မခိုင် တိုက်ဆိုင်စစ်ဆေးခြင်း ၊ တည်းဖြတ်ခြင်း ပြုလုပ်ရမည်ဖြစ်သော် လည်း ယခုကဲ့သို့ Troll လုပ်သည်များအကို သတင်းအဖြစ်ဖော်ပြသည့် ဂျာနယ်မှ အယ်ဒီတာများ၏ အရည် အချင်းကား များစွာသံသယဖြစ်လာရသည်။တိုက်ပိုင်ရှင် နှင့်ပိုင်လျှင် အယ်ဒီတာ ဖြစ်တာကြောင့် စာနယ်ဇင်း လောကပုံရိပ်မှာ ထိုသူများကြောင့် များစွာထိုးကျလျှက်ရှိသည်။ထိုသို့သော စာပေအမှိုက်များကို
အခြားဂျာနယ်များက လက်ပိုင်ကြည့်နေကြပြီး ၊ စာနယ်ဇင်း ကောင်စီ ၊ စာနယ်ဇင်း အဖွဲ့အစည်းများက မသိသလို နေကြမည်ဆိုလျှင် ပြည်သူနဲ့ မီဒီယာအကြား ယုံကြည်မှုများ အတိုင်းအတာတစ်ခုထိ လျော့ဆင်းသွားနိုင်သည်မှာ အသေအချာပင်ဖြစ်သည်။
Opposite Eyes
No comments:
Post a Comment