ဇွန်လ ၁၅ ရက် မြန်မာ စံတော်ချိန် ည ၇ နာရီတွင် ယှဉ် ပြိုင်မည့် မြန်မာနှင့် ထိုင်းအသင်းတို့၏ ဗိုလ်လုပွဲသို့ ကိုယ်တိုင်ကိုယ်ကျသွားရောက်အားပေးကြမည့် မြန်မာပရိသတ်အချို့ လက်မှတ်ဝယ်ယူရာ၌ အခက်တွေ့ခဲ့ကြောင်း ကိုယ်တိုင်ဝယ်ယူခဲ့သည့် ပရိသတ်များက ပြောသည်။
အွန်လိုင်းမှတစ်ဆင့် ၀ယ်ယူ နိုင်သော်လည်း ၀င်ရောက်ဝယ်ယူ သူများပြားသဖြင့် လက်မှတ်ဝယ် ယူရသည့် လက်မှတ်ဝယ်ရသည့် ၀က်ဘ်ဆိုက်စာမျက်နှာကိုပင် ၀င်ရန်အခက်အခဲရှိခဲ့သည်ဟု အွန်လိုင်းမှ လက်မှတ် ၀ယ်ယူသူများက ပြောသည်။
ဇွန်လ ၁၄ ရက် ည နောက် ဆုံးရရှိသော သတင်းများအရ ဗိုလ်လုပွဲလက်မှတ်များကို ပင်နီ ဆူလာပလာဇာ ၌ မှောင်ခိုဈေးဖြင့် တစ်စောင်လျှင် စင်ကာပူ ၃၅ ဒေါ်လာ (စင်ကာပူတစ်ဒေါ်လာ ၈၁၅ ကျပ်နှင့်ညီသည်) ဖြင့် ရောင်းချလျက်ရှိရာ စင်ကာပူရဲတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးရာတွင် တစ်စောင်လျှင် စင်ကာပူ ၂၀/၂၅ ဒေါ်လာနှုန်းသို့ ပြောင်းလဲရောင်းချသည်ကို တွေ့ခဲ့ရသည်ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် ကိုဝေလျှံက ပြောသည်။ ညဦးပိုင်းတွင် ပင်နီဆူလာပလာဇာသို့ လာရောက်၍ လက်မှတ်တန်းစီ ၀ယ်ယူသူ အများစုမှာ အွန်လိုင်းမှ ၀ယ်ယူရန် ခက်ခဲသည့် အလုပ်သမားအများစုဖြစ်သည်။ ‘‘အွန်လိုင်းက လက်မှတ်ကို နည်းနည်းချင်းစီ ရောင်းပေမယ့် မြန်မာဆိုင်တွေမှာ ဘယ်လိုရပြီး ဘယ်လိုရောင်းနေလဲမသိဘူး။ တန်းစီ နေတာလည်း အများကြီးပဲ’’ဟု ကိုဝေလျှံကပြောသည်။
အားကစားရုံလက်မှတ်အရောင်းဌာနများတွင်လည်း ၀ယ်ယူလိုသူများပြားသည့်အတွက် အချိန်အတော် ကြာအောင် တန်းစီစောင့်ဆိုင်းခဲ့ရသည်ဟု ကိုယ်တိုင်လက်မှတ်ဝယ်ယူခဲ့သော စင်ကာပူရောက် မြန်မာပရိသတ်များက ပြောသည်။ လက်မှတ်ရောင်းသည့် ဂိတ်တွင် နံနက် ၁၀ နာရီမှ စတင် ရောင်းချမည်ဖြစ်သော် လည်း နံနက် ၇ နာရီကတည်းက တန်းစီစောင့်ဆိုင်းခဲ့သူများ ရှိခဲ့ သည်။
‘‘ဒီလိုစနစ်ကျတဲ့ နိုင်ငံမှာ ဒီလောက်ခက်ခဲနေတာမျိုး မဖြစ်သင့်ဘူး’’ဟု မြန်မာပရိသတ်တစ်ဦးက မှတ်ချက်ပြုသည်။ အွန်လိုင်းမှ ၀ယ်ယူရာတွင်လည်း မူလက အကောင့်တစ်ခုလျှင် ၁၀ စောင် ရောင်းချပေး သော်လည်း ယခုအခါ တစ်ခါဝယ်လျှင် သုံးစောင် (သို့) လေးစောင်သာ ရောင်းချပေး တော့သည်ဟု ကိုယ်တိုင်လက် မှတ်ဝယ်ယူခဲ့သူ ကိုအောင်သူက ပြောသည်။ အွန်လိုင်းမှ ၀ယ်ယူရာတွင်လည်း အတည်ပြု ချက်ရရှိရန် မိနစ်အတန်ကြာစောင့်ဆိုင်းခဲ့ရသည်ဟု ဆိုသည်။
‘‘အသည်းအသန်ကို ၀ယ်ရတာ ဆယ်စောင်လောက်ရဖို့ကို တစ်နာရီလောက် ကြာတယ်။ လက်မှတ်ရမှ စိတ်အေးရတယ်’’ ဟု ကိုအောင်သူက ပြောသည်။
လက်မှတ်ဝယ်ရ ခက်ခဲသဖြင့် လက်မှတ်တစ်စောင်လျှင် မူရင်းဈေး ပျမ်းမျှစင်ကာပူဒေါ်လာ ၂၀ ရှိရာမှ အချို့နေရာများတွင် စင်ကာပူဒေါ်လာ ၅၀ ဖြင့် ပြန်လည်ရောင်းချမှုများပင် ရှိလာသည်။ ဖေ့စ်ဘွတ်ခ်ကဲ့သို့ လူမှုကွန်ရက်များတွင်ပင် လက်မှတ်မှောင်ခို ရောင်းချမှုများရှိခဲ့သည်ဟု သတင်းရရှိသည်။
လက်မှတ်ဝယ်မရသူများလည်း အများအပြားရှိသည်။ လက်မှတ်ဝယ်ယူရန် အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းခဲ့ရသော်လည်း လက်မှတ်ရောင်းကုန်သွား သဖြင့် လှည့်ပြန်ခဲ့ရသူများလည်း ရှိသည်ဟု အမျိုးသားအားကစားရုံတွင် ကိုယ်တိုင်လက်မှတ်တန်းစီခဲ့သူတစ်ဦးက ပြောသည်။
တနင်္ဂနွေရုံးပိတ်ရက်ဖြစ်သဖြင့် ပုံမှန်ဝယ်ယူရနိုင်သည့် စာတိုက်အခွဲများ ပိတ်ထားပြီး အွန်လိုင်းမှ ၀ယ်ယူရာ တွင်လည်း လိုင်းကျပ်နေသဖြင့် မည်သည့်နေရာ၌ ၀ယ်ယူရသည်ကို အချင်းချင်းမေးမြန်းကာ လက်မှတ် ရရှိရေး ကြိုးပမ်းနေကြသည်ဟု မြန်မာပရိသတ်တစ်ဦးက ပြောသည်။
ထိုင်းနှင့်မြန်မာအသင်းတို့ ယှဉ်ပြိုင်ကြမည့် စင်ကာပူအမျိုး သားအားကစားရုံသည် ပရိသတ်ငါးသောင်း ကျော် ၀င်ဆံ့သဖြင့် မြန်မာပရိသတ်အတွက် လက်မှတ်ခွဲတမ်း နှစ်သောင်းခွဲရောင်းချပေးဖွယ် ရှိသည်ဟု မြန်မာပရိ သတ်များက ခန့်မှန်းကြသည်။
7Day Daily
No comments:
Post a Comment