Tuesday, June 16, 2015

မန္တလေးခရိုင်အခြေခံမဲစာရင်းများ ငါးရက်အတွင်းလာရောက်ကြည့်ရှုသူ ၁၅,၀၀၀ ကျော်ရှိ

၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွက် မန္တလေးခရိုင်အတွင်းရှိ မဲပေးပိုင်ခွင့်ရှိသူများ၏ အခြေခံမဲစာရင်း များကို ဇွန်လ ၈ ရက်မှစတင်ထုတ်ပြန်ခဲ့ရာငါးရက် တာကာလအတွင်း အခြေခံမဲစာရင်းလာရောက်ကြည့်ရှုသူ ၁၅,၀၀၀ ကျော်သာရှိကြောင်းမန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သတင်း ရရှိသည်။


အခြေခံမဲစာရင်းအရ မန္တလေးခရိုင်တွင် မဲပေးခွင့်ရှိသူ ဦးရေ ၉၃၈,၀၀၀ ကျော် ရှိပြီး ဇွန်လ ၁၂ ရက်က လာရောက်ကြည့်ရှုသူ ၁၅,၉၅၄ ဦးသာရှိသည်ဟုဆို သည်။ ယခုကဲ့သို့ အခြေခံမဲစာရင်းကို ပြည်သူလူထုက လာရောက် ကြည့်ရှုစိစစ်မှုနည်းပါးခြင်းမှာ ရွေးကောက်ပွဲကော်မရှင်၏ မဲဆန္ဒရှင်အသိပညာပေးမှု နည်းပါးခြင်းကြောင့်ဖြစ်နိုင်သကဲ့သို့ လူထု၏ စားဝတ်နေရေး အခက်အခဲ ကြောင့် ရွေးကောက်ပွဲများအပေါ် စိတ်ဝင်စားမှု နည်းပါးခြင်းဖြစ်နိုင် ကြောင်း ရွေးကောက်ပွဲလေ့လာ စောင့်ကြည့်ရေးလုပ်ဆောင်နေသည့် မန္တလေးမြို့ခံဦးညီညီကျော် ကပြောသည်။

ရွေးကောက်ပွဲကော်မရှင်အ နေဖြင့် မဲဆန္ဒရှင်ပညာပေးခြင်း လုပ်ငန်းများကို တတ်နိုင်သည့် အင်အားဖြင့် လုပ်ဆောင်နေသည် ဟု မန္တလေးတိုင်းဒေသကြီးရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲ လက်ထောက်ညွှန်ကြား ရေးမှူး ဦးကျော်ကျော်စိုးကပြောသည်။

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မန္တလေး၊ ပြင်ဦးလွင်၊ ကျောက်ဆည်နှင့် မြင်းခြံခရိုင်များ၏ အခြေခံ မဲစာရင်းကို ပြီးခဲ့သည့် ဇွန်လ ၈ ရက်မှစတင်ကာ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာခဲ့သည်။ အခြေခံမဲစာရင်းအရ မန္တလေးခရိုင်တွင် မဲပေးပိုင်ခွင့်ရှိသူ ၉၃၈,၀၀၀ ကျော်၊ပြင်ဦးလွင်ခရိုင်တွင် ၅၆၈,၀၀၀ ကျော်၊ ကျောက်ဆည်ခရိုင်တွင် ၄၈၇,၀၀၀ ကျော်နှင့် မြင်းခြံခရိုင် တွင် ၆၁၅,၀၀၀ ကျော်ရှိ သည်။

အခြေခံမဲစာရင်းများကို ဇွန် လ ၈ ရက်မှစတင်ကာ ၁၄ ရက် ကြာ ဇွန်လ ၂၁ ရက်အထိ သက်ဆိုင်ရာ ကျေးရွာ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် မဲစာရင်းများကပ်ထားပေးမည်ဖြစ်သည်။ အများပြည်သူ အနေဖြင့် အခြေခံမဲစာရင်းများကို သွားရောက်ကြည့်ရှုစိစစ်ရန် လိုအပ်ပြီးမဲစာရင်းတွင် မမှန်ကန်၊ မှားယွင်း မှုများ၊ မပြည့်စုံမှုများတွေ့ရှိပါက ပုံစံစာရွက်ဖြည့်ကာ ပြင်ဆင်ရမည်ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီးအတွင်း အခြေခံမဲစာရင်းထုတ်ပြန်ရန် ကျန်ရှိနေသေးသည့် ညောင် ဦး၊ မိတ္ထီလာနှင့် ရမည်းသင်းခရိုင်တို့တွင် ဇွန်လ ၂၁ ရက်၌ ထပ်မံ ထုတ်ပြန်ကြေညာပေးမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် မှ သတင်းရရှိသည်။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ