Friday, June 12, 2015

ပညာဒါနပြုထားတဲ့ကလေးသုံးဦးစလုံး တက္ကသိုလ်ဝင်တန်းအောင်မြင်လို့ ပျော်ရွှင်နေတဲ့ မိုးစက်ဝိုင်

ပညာသင်ကြားရန် ထောက်ပံ့ပေးခဲ့သည့် ကလေးသုံးဦး တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သောကြောင့် ပျော်ရွှင်ရကာ အဆိုပါကလေးများ၏ ဆက်လက်သင်ကြားရမည့် ပညာရေးအတွက် ထောက်ပံ့ပေးသွားရန် အစီအစဉ်ရှိကြောင်း မိုးစက်ဝိုင်က ပြောသည်။

‘‘မိုးစက်ဖြစ်စေချင်တဲ့အတိုင်း လုပ်နိုင်ခဲ့ကြတဲ့အတွက်ဝမ်းသာတယ်။ လောလောဆယ် အမှတ်စာရင်းတွေ မရသေးတော့ ဘာဆက်လုပ်ရမယ်ဆိုတာ ပြောလို့မရသေးဘူး။ အမှတ်စာရင်းတွေရရင် သူတို့ဘာလုပ်ချင် လဲဆိုတာကို မေးမယ်။ သူတို့ရဲ့ အုပ်ထိန်းသူဖြစ်တဲ့ ဘုန်းဘုန်းနဲ့တိုင်ပင်ပြီး ဆက်လုပ်သွားမယ်’’ဟု ၎င်းက ပြောသည်။

မိုးစက်ဝိုင်သည် မယ်စကြာဝဠာမြန်မာပြိုင်ပွဲဝင်စဉ်က လေ့လာရေးခရီးစဉ်အဖြစ် သွားရောက်ခဲ့သည့် ကျိုက်ထိုမြို့ရှိ ဘုန်းတော်ကြီးသင်စာသင်ကျောင်းမှ မိဘမဲ့ကလေးငယ်သုံးဦးအား တက္ကသိုလ်ဝင်တန်း ဖြေဆိုနိုင်ရန် ပြင်ဦးလွင်စိုးစံဘော်ဒါတွင် ဘော်ဒါဆောင်ထား၍ ထောက်ပံ့ခဲ့ခြင်းဖြစ်သည်။ ‘‘အကုန်လုံး အောင်တယ်။ အသေးလေးဆိုရင် ဒီတစ်လုံးတောင်ပါတယ်။ လောလောဆယ်တော့ သူတို့ကိုသွားမတွေ့ ရသေးဘူး’’ဟု ကချင်ပြည်နယ် တွင် Amazing Cities ပရိုဂရမ် သွားရောက်ရိုက်ကူးရာမှ ပြန်လာသည့် မိုးစက်ဝိုင်က ပြောသည်။

ယခုနှစ်တက္ကသိုလ်ဝင်တန်းအတွက် ပညာသင်ဆုထပ်မံပေးရန် စဉ်းစားမထားဘဲ လက်ရှိ ထောက်ပံ့ပေးနေ သည့် ကလေးများအတွက်ကိုသာ စဉ်းစားနေကြောင်း မိုးစက်ဝိုင်ကပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း Amazing Cities ပရိုဂရမ်အတွက် ကချင်ပြည်နယ်ဘက်သို့ ရိုက်ကူးရေး သွားရောက်ခဲ့ပြီး Amazing Cities ၏ Season 2 (အပိုင်း-၂) အနေဖြင့် ရိုက်ကူးခြင်းဖြစ်ကာ တင်ဆက်မှုပုံစံပြောင်း လဲထားကြောင်း မိုးစက်ဝိုင်က ပြောသည်။

‘‘ဒီတစ်ခါ ရိုက်ကူးရေးက စတိုရီပုံစံလေးတွေရိုက်တာ။ အဲ ဒီမှာ မိုးစက်က ဆရာမပုံစံ သရုပ် ဆောင်ရတယ်။ ဒါပေမဲ့ တစ်ခါတစ်ခါ သရုပ်ဆောင်နေရင်းလွတ်လွတ်သွားပြီး မိုးစက်ရဲ့ ပုံစံအတိုင်းပြန်ဖြစ်သွားလို့ ဒါရိုက်တာ ကိုအောင်မြတ်က သတိပေးရတယ်’’ဟု Amazing Cities ပရိုဂရမ်ရိုက်ကူးရေးအကြောင်းပြော ပြသည်။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ