Monday, June 22, 2015

ကုန်ဈေးနှုန်းကြီးခြင်း၏ နောက်ကွယ်

‘‘ပြည်သူတွေကဆင်းရဲရင် နိုင်ငံရေးကိုစိတ်မ၀င်စားဘူး။ စားဝတ်နေရေးကိုပဲ အဓိကလုံးပန်းနေကြတယ်။ အခုအခြေအနေကလည်း ပြည်သူတွေထင်သလိုမျိုးဖြစ်နေတယ်’’ဟု ရန်ကုန်တိုင်း လွှတ်တော်ကိုယ်စား လှယ်ဒေါက်တာညိုညိုသင်းကပြောသည်။ယနေ့ရပ်ကွက်ထဲတွင် ဆန်တစ်ပြည်ကို ဘယ်လောက်ဈေး တက်လာသည်။ ကြက်သား၊ ၀က်သားက တစ်ဆယ်သားကို ဘယ်မျှဈေးဖြစ်သွားသည်။ အခြေခံလူတန်းစားများ၏ အားထားရာဖြစ်သော ကန်စွန်းရွက် ပင်မလွတ်သည့် ကုန်ဈေးနှုန်းကြီးသည့် အကြောင်းကို ထပ်ခါတလဲလဲကြား နေရသည်။

ကုန်ဈေးနှုန်းမြင့်တက်မှုသည် အထွေထွေကုန်ကျစရိတ်အတွက် အပိုဝင်ငွေမရှိသူများကို အကျပ်အတည်း အခက်အခဲများစွာကြုံတွေ့ရန် တွန်းအားတစ်ခုဖြစ်နေပြီး ဦးသိန်းစိန်အစိုးရနောက်ဆုံးနှစ်၊ ရွေးကောက်ပွဲ ရှိသောနှစ်၊ နိုင်ငံရေးကစားပွဲများ တန်ပိုအမြင့်ဆုံးနှစ်တွင် ကုန်ဈေးနှုန်းကြီးနေခြင်းက ပြည်သူအများကို နိုင်ငံရေး၌ စိတ်ဝင်စားမှုမဖြစ်စေရန် အတားအဆီးတစ်ခုသဖွယ်ဖြစ်နိုင်သည်ဟု လူအများက သုံးသပ်နေ ကြသည်။ စားဝတ်နေရေးကို လုံးပန်းနေသော ပြည်သူများ နိုင်ငံရေးဘက်မလှည့်နိုင်အောင် ဓာတ်ပြားဟောင်းကြီးကို ဖုန်သုတ်ပြီး ပြန်ဖွင့်လာသည်ဟုလည်း ပြောသူများလာသည်။

‘‘စားဝတ်နေရေး၊ ကုန်ဈေးနှုန်းနဲ့ လုံးပန်းနေတာနဲ့ မဲစာရင်းတောင်သွားမကြည့်ဖြစ်လိုက်ဘူး။ စိတ်မ၀င်စား ဘူး’’ဟုအင်းစိန် မြို့နယ်မှ လက်ဖက်ရည်ဆိုင်ပိုင် ရှင်တစ်ဦးကပြောသည်။

ကုန်ဈေးနှုန်းကြီးမြင့်မှုသည် မြန်မာနိုင်ငံသားအားလုံးကြုံတွေ့နေရသည့် ပြဿနာတစ်ခုဖြစ်ပြီး အစိုးရက လည်း ဖြေရှင်းရန်နည်းလမ်းမရှာနိုင်သေးပေ။ အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်မှုကြောင့် စက်သုံးဆီ၊ စားအုန်းဆီတို့ ဈေးနှုန်းမြင့်တက်မည်ကို စိုးရိမ်ပြီး အစိုးရက အမေရိကန်ဒေါ်လာများ ထုတ်ရောင်းပေးလာ သည်။ ယင်းကဲ့သို့ ဖြေရှင်းမှုနှင့်ပတ်သက် ၍လည်း စီးပွားရေးပညာရှင်များက ရေတိုသာဖြေရှင်းနိုင်မည်ဟု ပြောနေသည်။

နိုင်ငံရေးသည် လူတိုင်းအတွက် အရေးထားစရာမဟုတ်သော်လည်း စားဝတ်နေရေးသည် လူအားလုံးနှင့် သက်ဆိုင်နေ၍ စားဝတ်နေရေး အဆင်ပြေပါက အခြားအရာများကိုပါ အာရုံစိုက်လာသည်။ သို့သော် ကုန်ဈေးနှုန်းများကြီးမြင့်ပြီး စားဝတ်နေရေး ခက်ခဲနေပါက နိုင်ငံရေးကို စိတ်ဝင်စားမှုလျော့လာနိုင်သည်။ ယနေ့အချိန်တွင် ရွေးကောက်ပွဲအတွက် မဲစာရင်းများ မြို့နယ်အတော်များများ၌ ကပ်ထားသော်လည်း စိတ်ဝင်စားသူမှာနည်းနေသည်။

ကုန်ဈေးနှုန်းကြီးမြင့်မှု၏ အခြေခံသည် ယခုနှစ်ဝန်ထမ်းများ လစာတိုးမြင့်မှုကြောင့်ဟု ဒေါက်တာ ညိုညိုသင်းက သူ့အမြင်ကို ပြောသည်။

ယခုနှစ် အစိုးရလစာတိုးမြင့်မှုသည် အနိမ်ဆုံးဝန်ထမ်းရသည့် လစာနှင့်အမြင့်ဆုံးဝန်ထမ်း ရသည့်လစာမှာ လေးဆကျော် ကွာခြားသည်။ အောက်ခြေအစိုးရ၀န်ထမ်းတစ်ဦး၏ တစ်လ၀င်ငွေမှာ ကျပ်တစ်သိန်း နှစ်သောင်းသာ ရှိသော်လည်း အမြင့်ဆုံးညွှန်ချုပ် တစ်ဦး၏၀င်ငွေမှာ ကျပ်ငါးသိန်း ရှိလာသည်။

အစိုးရက၀န်ထမ်းများကို လစာတိုးမြှင့်ပေးမှုသည်ရာထူးကြီးသူများအတွက် ပိုများသဖြင့်သိ သာစွာဝင်ငွေ တိုးလာသော်လည်း အောက်ခြေ၀န်ထမ်းများ၏၀င်ငွေမှာ သိသာစွာတိုးမြင့်လာခြင်းမရှိပေ။ ယင်းသို့ဝင်ငွေ မတိုးလာသော်လည်း အခြေခံစားသောက်ကုန်ဈေးနှုန်းမှာ ပျမ်းမျှ ၁၅ ရာခိုင်နှုန်း မြင့်တက်လာခြင်း၊ ၀န်ဆောင် မှုကုန်ကျစရိတ် တိုးမြင့်လာခြင်း၊ နေထိုင်ရေးအတွက် ကုန်ကျစရိတ်မှာလည်း ထပ်မံမြင့်တက် လာခြင်းတို့ကြောင့် အကျပ်အတည်း များကြုံတွေ့နေရသည်။

‘‘အိမ်လခ၊ ရေဖိုး၊ မီးဖိုးနဲ့ စားသောက်ကုန်စရိတ်တက်တော့ မလွယ်ဘူး။ လစာကတိုးတယ် သာပြောတယ်၊ လက်ထဲမှာပိုမလာတဲ့အပြင် အကြွေးပါတင်နေတယ်’’ဟု လယ်ယာစိုက်ပျိုးရေး နှင့် ဆယ်မြောင်းဝန်ကြီးဌာမှ အကြီးတန်းစာရေးတစ်ဦးက ပြော သည်။

ပြည်ထောင်စုဝန်ကြီးအချို့က လစာတိုးမြှင့်ခြင်းကြောင့် ကုန်ဈေးနှုန်းမတက်အောင် စီမံထားသည်ဟု ကြိုတင်ပြောထားသော်လည်း တကယ်တမ်းလက်တွေ့တွင် မထိန်းချုပ်နိုင်ပေ။ အစိုးရ၏ စီမံခန့်ခွဲမှုစွမ်းရည် နှင့် ကြိုတင်ပြင်ဆင်မှုအတွက် ရလဒ်က ယနေ့ ပြည်သူတို့ကြုံတွေ့နေရသဖြင့် မေးခွန်းထုတ်စရာမလို တော့ပါ။

ကုန်ဈေးနှုန်းကြီးမြင့်လာခြင်းနှင့်ပတ်သက်၍ အစိုးရ၏ ဖြေရှင်းမှုတွင် ပြည်တွင်း၌ကုန်ဈေးနှုန်းကြီးရခြင်း သည် ၀န်ထမ်းများအား လစာတိုးပေးခြင်းကြောင့်မဟုတ်ဘဲ ကုန်သည်ပွဲစားဝိသမလောဘသားများက ဈေးနှုန်းများ မြှင့်တင်ခြင်းကြောင့်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာမောင်မောင်သိမ်းက ပြောကြားသည်။

‘‘အရင်အစိုးရလက်ထက်က ဆို အာဏာနဲ့ထိန်းလို့ရတယ်’’ဟု ဒုတိယ၀န်ကြီးကဆက်လက်ပြော ကြားသည်။

လစာတိုးမြှင့်သည့်အချိန်တိုင်း ကုန်ဈေးနှုန်းများမြင့်တက်နေခြင်းကို ထိန်းချုပ်နိုင်ရန်ပြည်သူများက ဈေးကြီး ကုန်ပစ္စည်းများ ၀ယ်ယူခြင်းမပြုဘဲ သပိတ်မှောက်မှုတွင် ပူးပေါင်းပါဝင်ဆောင်ရွက်သင့်ကြောင်းကိုလည်း မေလ ၂၆ ရက် နေပြည်တော်ဘဏ္ဍာရေးဝန်ကြီးဌာနတွင်ပြုလုပ်သည့် မီဒီယာတွေ့ဆုံပွဲ၌လည်း ထပ်မံပြော ကြားခဲ့သည်။

ကုန်ဈေးနှုန်းမြင့်တက်မှု ပြဿနာသည် မြန်မာနိုင်ငံတွင် ခေတ်အဆက်ဆက်က အစိုးရများ မဖြေရှင်းနိုင် သော ပုစ္ဆာတစ်ပုဒ်ကဲ့သို့ဖြစ်နေပြီး စစ်အစိုးရလက်ထက်တွင် အမိန့်အာဏာများဖြင့် ထိန်းချုပ်မှုကြောင့် တိုင်းပြည်စီးပွားရေးကျဆင်းခဲ့ရသည်။ ယခုအစိုးရလက်ထက်တွင် ဖြေလျှော့မှုများစွာပြုလုပ်ခဲ့သဖြင့် လေးနှစ်ခန့်ကုန်ဈေးနှုန်းကြီးမြင့်မှုမှာ မသိသာသော်လည်းနောက်ဆုံးနှစ်တွင် ပြည်သူအများပြန်လည် ဆုံတွေ့လာရပြန်သည်။

‘‘ကုန်ဈေးနှုန်းတက်နေချိန်မှာ ဒေါ်လာဈေးတက်တာကတွန်းအားတစ်ခုပဲ။ ကုန်ပစ္စည်းတွေက ပိုပြီးဈေးကြီး စေတယ်’’ဟု လှိုင် သာယာစက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ် သင်းအောင်ကပြောသည်။

အမေရိကန်ဒေါ်လာနှင့်မြန်မာကျပ်ငွေလဲနှုန်းသည် ၂၀၁၄ အောက်တိုဘာ၊ နိုဝင်ဘာများမှ စတင်၍ မြင့်တက်လာသည်။ယခု အစိုးရစတင်တက်လာစဉ်မှာပင် တန်ဖိုးကျခဲ့သောအမေရိကန်ဒေါ်လာသည်၂၀၁၄ အောက်တိုဘာ တွင် တစ်ဒေါ်လာလျှင် ကျပ်တစ်ထောင်ကျော်ခဲ့သည်။ ၂၀၁၅ ဇွန်လလယ်တွင် တစ်ဒေါ်လာလျှင် ကျပ် ၁,၃၀၀ ခန့်အထိပင် ရှိလာသည်။

အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်လာခြင်းသည် သွင်းကုန်များ၏ ဈေးနှုန်းကိုမြင့်တက်စေပြီး ပြည်တွင်း၌ စားသုံးသူများအတွက် ကုန်ဈေးနှုန်းပါလိုက်ပါမြင့်တက်လာသည်။ မြန်မာနိုင်ငံ၏ အဓိက ပြည်ပမှ တင်သွင်း နေရသော စက်သုံးဆီ၊ စားအုန်းဆီ၊ ပြည်ပမှတင်သွင်းနေရသော ဆေးနှင့်ဆေးပစ္စည်းများမှာ ဈေးနှုန်း မြင့်တက်လာသည်။ လူအများအတွက် အရေးကြီးသော ပြည်ပမှတင်သွင်းနေရသည့် ဆေးဝါးများသည် အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်မှုကြောင့် ပြည်တွင်း၌ ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းကြား ဈေးမြင့်တက်လာသည်။

‘‘မသွင်းရဲကြတာလည်းပါ တယ်။ ဈေးနှုန်းမငြိမ်တော့ ဒီမှာ လည်းမရောင်းရဲဘူး။ ရောင်းရင်လည်း ဈေးတွေ တင်ပြီးရောင်းနေ ရတယ်’’ဟု ပြည်ပမှဆေးဝါးတင်သွင်းနေသူ ဒေါက်တာမောင်မောင်လေးကပြောသည်။


အမေရိကန်ဒေါ်လာတန်ဖိုး မြင့်တက်မှုကြောင့် ပြည်ပမှတင်သွင်းနေရသည့်လူသုံးကုန်၊ စားသောက်ကုန် များမှာလည်း ဈေးနှုန်းမြင့်တက်လာသည်။ ပြည်ပမှတင်သွင်းသော ကော်ဖီမစ်တစ်ထုပ်လျှင် ယခင်က ရပ်ကွက်ထဲတွင် ကျပ် ၁၀၀ သာရောင်းချသော်လည်း ယခုအချိန်တွင် ကျပ် ၁၅၀ သို့ဈေးမြင့်လာသည်။ ထို့နည်းတူ ပြည်ပမှတင်သွင်းလာသော အချိုရည်များမှာလည်း တစ်ဘူးလျှင် ကျပ် ၁၀၀ မှ ၁၅၀ ကြား ဈေးမြင့် တက်လာသည်။

‘‘ရပ်ကွက်ထဲမှာဈေးတင်ရောင်းဖို့  အဆင်မပြေတော့မတင်တော့ဘူး။ ပြည်တွင်းထုတ်တွေကတော့ ထိန်းထားတယ်။ တခြားစားကုန်တွေကတော့ တက်တော့တယ်။ အိုဗာတင်းတစ်ထုပ်တောင် အရင်က တစ်ရာကနေ အခုတစ်ရာ့ငါးဆယ်ဖြစ်သွား တယ်’’ဟု အင်းစိန်မြို့နယ်မှ ကုန်စုံဆိုင်ပိုင်ရှင် ဦးတိုးအောင်က ပြောသည်။

ပြည်သူအများ စားဝတ်နေရေးအကျပ်အတည်းကို ဖြေရှင်းနိုင်မှုသည် နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး ယင်းအပြောင်းအလဲကို ရွေးကောက်ပွဲမှာ ကိုယ်တိုင်ဖန်တီးယူရမည်ဖြစ်ကာ မဲစာရင်းသွားမကြည့်မိ၍ မဲပေးခွင့်ဆုံးရှုံးခဲ့လျှင် မိမိအနာဂတ်ကို ဖန်တီးရာ၌ ကိုယ်တိုင်မပါဝင်သကဲ့သို့ ဖြစ်သွားနိုင်ကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းကပြောသည်။ ကိုယ့်အနာဂတ်ကို ကိုယ်တိုင်ဖန်တီးပြီး စားဝတ်နေရေးကျပ်တည်းမှုမှ ရုန်းထွက်လိုသူသည် မိမိနှစ်သက်သောအစိုးရကို ကိုယ်တိုင်မဲပေး ရွေးချယ်ခွင့် ရမည်ဖြစ်သောကြောင့် မဲစာရင်းမှာ အရေးကြီးကြောင်းဒေါ်စန္ဒာမင်းက အကြံပြုသည်။

7Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ