Sunday, June 21, 2015

လူမျိုးရေး ခွဲခြားမှုသည် အမေရိကန် လူ့အဖွဲ့အစည်းတွင် ကပ်ရောဂါဆိုးတစ်ခုအဖြစ် ရှိနေဆဲဟု အိုဘားမား ဝေဖန်

လူမျိုးရေးခွဲခြားမှုသည် အမေရိကန်လူ့အဖွဲ့အစည်းတွင် ကပ်ရောဂါဆိုးတစ်ခုဖြစ်နေကြောင်း သမ္မတ ဘာရတ်အိုဘားမားက ဝေဖန်ပြောကြားလိုက်သည်။ တောင်ပိုင်းကာရိုလိုင်းနားရှိ ခရစ်ယာန်ဘုရားကျောင်း တစ်ခုတွင် လူဖြူလူငယ်တစ်ဦးက အာဖရိကနွယ်ဖွား (လူမည်း) ၉ ဦးကို ပစ်သတ်ခဲ့သည့် ဖြစ်ရပ်နှင့် စပ်လျဉ်းပြီး အိုဘားမားက ယခုလို ပြောဆိုခဲ့ခြင်းဖြစ်သည်။ အိုဘားမားသည် အမေရိကန် သမိုင်းကြောင်း တွင် ပထမဆုံး လူမည်းသမ္မတလည်း ဖြစ်သည်။

ရဲတပ်ဖွဲ့သည် ဇွန်လ ၁၇ ရက်က ဖြစ်ပွားသည့် ပစ်ခတ်မှု၏ အဓိကတရားခံဖြစ်သူ အသက် ၂၁ နှစ်အရွယ် ဒိုင်လန်းရော့ဖ်ကို ဖမ်းဆီးရမိထားပြီး လူသတ်မှု ၉ မှုအတွက် တရားစွဲဆိုထားပြီးဖြစ်သည်။ အဆိုပါ ဖြစ်ရပ်နှင့်ဆက်နွှယ်ပြီး ဆန်ဖရန်ဆစ္စကိုတွင် မိန့်ခွန်းတစ်ရပ်ပြောကြားခဲ့ရာ အိုဘားမားက “သေနတ်သမား ကို လှုံ့ဆော်တဲ့ အခြေခံအကြောင်းရင်းကို ကြည့်မယ်ဆိုရင် လူမျိုးရေးခွဲခြားမှုဟာ ကပ်ရောဂါ တစ်ခုလို စွဲကပ်နေတုန်းပဲ ဆိုတာကို မြင်နိုင်ပါတယ်။ ဒါကို ကျုပ်တို့အားလုံး အတူပူးပေါင်း တိုက်ဖျက်ဖို့ လိုပါတယ်”ဟု မှတ်ချက်ပြုခဲ့သည်။

၎င်းက “ကျူပ်တို့ဟာ ဒီကဏ္ဍမှာ အများကြီးတိုးတက်မှုတွေ ရလာတယ်။ ဒါပေမဲ့ လူမျိုးရေး ခွဲခြားတဲ့ အမြင်တွေက လူ့အဖွဲ့အစည်းမှာ တွယ်ကပ်နေဆဲ ဖြစ်တာကြောင့် ဒါကို မပြတ် စောင့်ကြည့်နေရပါမယ်။ ဒီအတွေးအခေါ်ဟာ လူငယ်တွေရဲ့ စိတ်ကို အဆိပ်ခတ်နေဆဲ ဖြစ်ပါတယ်။ ဒီအတွေးအခေါ်ဟာ ကျုပ်တို့ရဲ့ စံနမူနာပြုလောက်စရာ ရပ်တည်မှုတွေကို သစ္စာဖောက်ရာ ကျနေပြီး ကျုပ်တို့ရဲ့ ဒီမိုကရေစီစနစ်ကို ဖျက်ဆီးပစ်နေပါတယ်”ဟုလည်း ဆိုသည်။

အိုဘားမားက ယခုဖြစ်ရပ်ပေါ်ပေါက်လာပြီးနောက် နိုင်ငံအတွင်း လက်နက်ကိုင်ဆောင်ခွင့်ကို ထိန်းသိမ်း ကြပ်မတ်မှု တိုးမြှင့်ရန်နှင့် ပြည်သူ့ဆန္ဒကို အလေးထားရန်လည်း ဥပဒေပြုအမတ်များကို ရည်ရွယ် တိုက်တွန်းခဲ့သည်။ “သေသွားတဲ့ လူတွေအတွက် စာနာကြောင်း ပြောနေရုံနဲ့ မလုံလောက်ဘူး။ ဒီအတွက် အရေးယူ တုံ့ပြန်ဖို့ လိုပါတယ်”ဟု အိုဘားမားက ပြောကြားသွားသည်။

_Ref: Yahoo

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ