Tuesday, June 9, 2015

လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်တွင် အမျိုးသမီး အခွင့်အရေးရုပ်ရှင်များ ပြသမည်

တတိယအကြိမ်ပြုလုပ်မည့် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်တွင် နှစ်စဉ်ပြုလုပ်နေကျ ကလေးသူငယ်အခွင့်အရေး ရုပ်ရှင်ပြသသည့် အစီအစဉ်ကိုသာမက အမျိုးသမီးများ၏ အခွင့်အရေး ရုပ်ရှင်ဇာတ်ကားများ ပြသသွားရန် အစီအစဉ်ရှိကြောင်း ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောသည်။


‘‘အမျိုးသမီးတွေရဲ့ အခွင့် အရေးနဲ့ပတ်သက်တဲ့ ရုပ်ရှင်ဇာတ်ကား ငါးကားပါတယ်။ အင်မတန်လည်း ထူးခြားပါတယ်။ ဒါပေမဲ့ အဲဒီကားတွေက ပြိုင်ပွဲဝင်ကား တွေတော့ မဟုတ်ပါဘူး’’ဟု ၎င်း က ပြောသည်။

ယင်းဇာတ်ကားများမှာ အရည်အသွေးအားဖြင့် ကောင်းသလို အမျိုးသမီးများ အိမ်တွင်းအကြမ်းဖက်မှု ခံရခြင်း၊ အဖွဲ့အစည်းများက အနိုင်ကျင့်ခြင်း၊ ခင်ပွန်းဖြစ်သူက အနိုင်ကျင့်ခြင်း၊ ချစ်သူရည်းစားကအနိုင် ကျင့်ခြင်း စသည့် အကြောင်းအရာမျိုးစုံကို ပုံဖော်ထားကြောင်း ၎င်းကဆို သည်။ 

‘‘ဒီရုပ်ရှင်ကို လာကြည့်မယ့် အမျိုးသမီးတွေအနေနဲ့ ကိုယ့်အမျိုးသား၊ ကိုယ့်ရည်းစားတွေကို ခေါ်ခဲ့သင့်သလို အဖေတွေကိုလည်း ခေါ်လာပြီး ကြည့်စေချင်ပါတယ်။ အဲဒီရုပ်ရှင်တွေက ယောက်ျားတွေကြည့်ဖို့ သင့်တဲ့ ရုပ်ရှင်တွေပါ။ အဲဒါမှ အမျိုးသမီးအပေါ်ကို နားလည်မယ်၊ ကိုယ်ချင်းစာမယ် ထင်ပါတယ်’’ဟု ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ပြောသည်။

အမျိုးသမီးအခွင့်အရေးရုပ်ရှင်ဇာတ်ကားများကို ကလေးသူငယ်အခွင့်အရေး ရုပ်ရှင်ကဲ့သို့ Section တစ်ခုအနေဖြင့် ပြသမည်မဟုတ်ဘဲ ပြိုင်ပွဲဝင် ဇာတ်ကားများပြသသည့် အချိန်များတွင် ထည့်သွင်းပြသမည် ဖြစ်သည်။ ထို့ပြင် ဇွန်လ ၁၄ ရက် တွင် ပြုလုပ်မည့် ရုပ်ရှင်ပွဲတော် ဖွင့်ပွဲအခမ်းအနား၌ ကျောက်ဖြူနှင့် တရုတ်ကို ဆက်သွယ်ထားသော ဂက်စ်ပိုက်လိုင်းနှင့် ပတ်သက်၍ ရိုက်ကူးထားသည့် Across မှတ်တမ်း ရုပ်ရှင်ဇာတ်ကား ပြသမည်ဖြစ်သည်။ ရုပ်ရှင်ပွဲတော်ကို ဇွန်လ ၁၄ ရက် မှ ၁၉ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ပြည်တွင်း၊ ပြည်ပ ပြိုင်ပွဲဝင် ဇာတ်ကား ၆၉ ကားပြသမည်ဖြစ်ကာ ပြည်တွင်း၊ ပြည်ပ အကဲဖြတ်ဒိုင် ၂၃ ဦးက ဆုရွေးချယ်ချီးမြှင့်မည်ဖြစ်သည်။

ရုပ်ရှင်ပွဲတော်ကို ဝဇီရာရုပ်ရှင်ရုံနှင့် နေပြည်တော်ရုပ်ရှင်ရုံများတွင် ပြုလုပ်မည်ဖြစ်ပြီး ဇွန်လ ၁၅ မှ ၁၈ ရက်အတွင်း ဝဇီရာရုပ်ရှင်ရုံ၌ တစ်ရက်လျှင် ပွဲစဉ်ငါးပွဲ၊ နေပြည်တော်ရုပ်ရှင်ရုံတွင် တစ်ရက်လျှင် ပွဲစဉ်လေး ပွဲ ပြသမည်ဖြစ်သည်။ ရုပ်ရှင်ပွဲတော်တွင် ပြသမည့်ဇာတ်ကားများ အခမဲ့ကြည့်ရှုနိုင်မည်ဖြစ်ပြီး ဝင်ခွင့်လက်မှတ်များကို နေ့စဉ်ပြသသည့် ရုပ်ရှင်ရုံတိုင်း၌ တစ်ရက်စာ ထုတ်ယူနိုင်မည်ဖြစ်ကြောင်း သတင်း ရရှိသည်။

ရုပ်ရှင်ပွဲတော်ရက်အတွင်း ပန်းဆိုးတန်းလမ်းရှိ Scene ဂယ်လာရီတွင် နိုင်ငံရေးအကျဉ်းသားမှ သမ္မတ ဖြစ်လာသည့် ချက်သမ္မတဟောင်း ဗားကလက်ဟာဗဲလ်၏ ဘဝအကြောင်း ဓာတ်ပုံများနှင့် ဗားကလက် ဟာဗဲလ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အကြား မိတ်ဆွေဆက်ဆံရေး အပါအဝင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ဗားကလက်ဟာဗဲလ်၏ ထောက်ခံအားပေးမှုများကို ပြသနိုင်သည့် ဓာတ်ပုံမှတ်တမ်းများ ပြသရန် အစီအစဉ်ရှိကြောင်း သတင်းရရှိသည်။
7 Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ