Tuesday, June 23, 2015

ဒီချုပ်က ပုဒ်မ ၄၃၆ ပြင်ရန် ဆက်လက်ရပ်တည်မည်

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်က အခြေခံဥပဒေပါ ပုဒ်မ ၄၃၆ ကို မပြင်ဆင်ရန် ဆွေးနွေးမှု များရှိနေသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ယင်းပုဒ်မကို ပြင်ဆင်ရန် ဆက်လက်ရပ်တည် မည်ဟု ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

‘‘ဒါကတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမြင်နဲ့မတူဘူးဆိုတာ အစကတည်းကပြောပြီးသား။ ဒီနေ့က လည်း ကိုယ်စားလှယ်တွေက အဖွဲ့ချုပ်ရဲ့ အမြင်က ဘယ်လိုလဲဆိုတာ ရှင်းရှင်းလင်းလင်း ပြောပြီးသား ဖြစ်တယ်။ ဒါတွေက အခုမျှော်လင့်ချက်နဲ့ ပြောနေတာ မဟုတ်ဘူး။ မူအရခံယူချက်နဲ့ ပြောနေတာ’’ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဇွန်လ ၂၃ ရက် ပြည်ထောင်စုလွှတ်တော်တွင် အခြေခံဥပဒေ ပြင်ဆင်သည့်ဥပဒေကြမ်း ပထမ ရက်ဆွေးနွေးပြီးချိန်၌ တပ်မတော်သားကိုယ်စားလှယ်တစ်ဦးက ပုဒ်မ ၄၃၆ မပြင်ဆင်သင့်သေးကြောင်း ဆွေးနွေးမှုအပေါ် မီဒီယာများ၏ မေးမြန်းချက်များကို ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အနေဖြင့် ပုဒ်မ ၄၃၆ ကို ထိထိရောက်ရောက် ပြင်ဆင်ရန် လိုအပ်ကြောင်း ပြောကြားထားချက်ကို ဆက်လက်ရပ်တည်ခဲ့ကာ တပ်မတော်လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့်လည်း ယင်းပုဒ်မမပြင်ဆင်ရန် ရပ်တည်ချက်အတိုင်း ရပ်တည်ခြင်းသာ ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဇွန်လ ၂၃ ရက် ပြည်ထောင်စုလွှတ်တော်တွင် အခြေခံဥပဒေပြင်ဆင်သည့် ဥပဒေကြမ်းကို တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ်တင်စန်းနိုင်က ဆွေးနွေးရာ၌ ပုဒ်မ ၄၃၆ကို ပြင်ဆင်ရန်မသင့်ဘဲ မူလအတိုင်းသာ ထားရှိသင့်ကြောင်းပြောသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ၈၈ မျိုးဆက်ငြိမ်း ချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းတို့ ပူးပေါင်း၍ ပုဒ်မ ၄၃၆ ပြင်ဆင်ရန် ကောက်ခံထားသည့် ပြည်သူများ၏ လက်မှတ် ငါးသန်းခန့်ကိုလွှတ်တော်သို့ တင်ပြထားသည်။

7Day Daily

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ