Wednesday, June 3, 2015

မိမိကိုယ်ကို အရင်ပြောင်းလဲပါ

မြန်မာနိုင်ငံမှာ (၁) တရားမျှတမှု မရှိဘူး၊ (၂) တရားဥပဒေစိုးမိုးမှု မရှိဘူး၊ (၃) တရားရေးဝန်ထမ်း နှင့် တရားဥပဒေစိုးမိုးရေးဝန်ထမ်းတွေ လာဘ်စားတယ် ဆိုတဲ့ အချက် ၃ ချက်က မြန်မာပြည်သူတွေ အော်ဟစ် လာကြတာ ကြာပြီ။ ကြာပြီဆို ကျွန်တော်ငယ်ငယ် လေးတန်းလောက်တုန်းကတည်းက ဒီစကားတွေကို စ,ကြားဖူးတယ်။ ဒါပေမယ့် တကယ်ကတော့ ကျွန်တော်မမွေးခင်ကတည်းက ဒီ ၃ ချက်ကို ပြည်သူတွေက အစိုးရအဆက်ဆက် အော်ဟစ်လာခဲ့ကြတယ်
လို့ သိရတယ်။ အင်္ဂလိပ်အစိုးရလက်ထက်ကလည်း အော်ခဲ့ကြဖူးတယ်လို့ သိရတယ်။

ဒီသုံးချက်က ဒီမိုကရေစီရဲ့ အရင်းခံတွေ။ ဘယ်အစိုးရလက်ထက်မှ ပြည့်စုံတယ်လို့မရှိသေးဘူး။ အခု ဒီမိုကရေစီကို သွားနေပါတယ်ဆိုတဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာလည်း မရှိသေးဘူး။ မှန်တယ်။ မရှိဘူး။ ဒီလို မရှိတာကို ချိန်ခွင်ကြီးကိုင်ပြီး ဂရိခေတ်နတ်ကွန်းက နတ်ဝင်သည်တွေလိုလို ပုံစံနှင့် တောင်းယူလို့ မရဘူး။ ဦးသိန်းစိန်က ဇုစ်နတ်ဘုရားမဟုတ်ဘူး။ ဒီမိုကရေစီ ရစေ၊ ဖြစ်စေလို့ လုပ်မပေးနိုင်ဘူး။

ဒီမိုကရေစီလိုချင်ရင် ဒီမိုကရေစီနည်းလမ်းကို သိရမယ်။ ဒီမိုကရေစီလမ်းကြောင်းကို သွားနိုင်ရမယ်။ ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်နေတဲ့သူက ဒီမိုကရေစီလမ်းပြဖြစ်နေဖို့ပဲ လိုတယ်။ အတိုက်အခံတွေ အစိုးရတွေက သိပ်အရေးမပါဘူး။ ကိုယ်ကအတိုက်အခံဖြစ်လည်း ကိုယ်ကိုယ်တိုင်က ဒီမိုကရေစီလမ်းပြ ဖြစ်လာရင် တစ်ချိန်မှာ ပြည်သူက ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်လာမယ်။

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်လို့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ဘက်မှာ ပြုပြင်ပြောင်းလဲရေးတွေ ရှိနေပေမယ်လို့ အစိုးရဘက်က မရှိသေးဘူးလို့ ဆိုထားတယ်။ ဒီစကားက အရေးပါတယ်။ ဒါပေမယ့် ဆန်းစစ်စရာတွေ ရှိနေတယ်။ အစိုးရဘက်က မရှိဘူးလို့ဆိုရာမှာ စကားက နည်းနည်းတော့ အပုပ်ချသွားတယ်။ နိုင်ငံတကာက ဦးသိန်းစိန်ကို လေးစားတာမှာ သူမ ကိုယ်တိုင်အပါအဝင်နိုင်ငံရေးသမားတွေကို လွတ်လပ်ခွင့်ပေးလိုက်တာပါတယ်ဆိုတာ ဒေါ်စု သတိရ သင့်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အလုံးစုံပြုပြင်ပြောင်းလဲမှု မရှိသေးဘူးဆိုတာတော့ လက်ခံရပါမယ်။ အထက်က တရားရေးနှင့်ဆိုင်တဲ့ ၃ ခုမှ အားနည်းနေသေးပါတယ်။ တစ်ခါ လွှတ်တော်ဘက်က ပြုပြင် ပြောင်းလဲတယ်ဆိုတာကရော ဘယ်အတိုင်းအတာလဲ။

အထက်က ၃ ချက် မပြောင်းလဲရာမှာ အစိုးရက တရားရေးမဏ္ဍိုင်ကို လွတ်လပ်ခွင့်မပေးလို့ ဆိုတဲ့အတိုက်အခံဘက်က ဝေဖန်သံက မှန်ပါတယ်။ သို့သော် ဒီလို ဖြစ်လာတာက အင်္ဂလိပ်ခေတ်မှသည် အခုအချိန်ထိ။ အရိုးစွဲစနစ်။ ဒါကို ထောက်ပြရမယ်။ မေးစရာက ပြုပြင်ပြောင်းလဲပါသည်ဆိုတဲ့ လွှတ်တော်က ဒီအချက်ကို ထောက်ပြသလား? ဒီကိစ္စတွေနှင့် ပတ်သက်လို့ လွှတ်တော်က တရားရေး ကော်မတီကိုဖွဲ့စည်းပြီး အတိုက်အခံခေါင်းဆောင်ကို ဥက္ကဌရာထူးပေးထားတယ်။ လွှတ်တော် ဥက္ကဌကလည်း လူမှုရေး ရင်းနှီးမှုရှိတယ်။ တစ်ပါတီတည်းပေမယ့် သမ္မတနှင့် အမြင်မကြည်လင်ဘူး။ ဒါကိုအသုံးချပြီး တရားရေးက အလွဲတွေ အမှားတွေ ဝေဖန်ထောက်ပြလို့ ရတယ်။ ဒီမိုကရေစီ လမ်းကြောင်းပေါ်ရောက်သည်အထိ လွှတ်တော်ထဲမှာ လမ်းကျောင်းလို့ရတယ်။ ဒါပေမယ့် တရားရေး ဥက္ကဌက တရားရေးနှင့် ပတ်သက်တဲ့ အစီရင်ခံစာကို နှစ်မျက်နှာပြည့်အောင်တောင် အစီရင်မခံနိုင်ဘူး။ မေးလိုက်ရင် အစိုးရမှာချည်း တာဝန်ရှိတယ်ပြောနေတာကတော့ တည့်တည့်ပြောရရင် တုံးလွန်းတယ်လို့ ပြောလို့ရသလို ဘာမှအလုပ်မလုပ်ဖူးလို့လဲ ဆိုလို့ရတယ်။

ဒီမိုကရေစီက တောင်းယူလို့လဲ မရဘူး။ တိုက်ယူလို့လဲ မရဘူး။ ဒီမိုကရေစီကို တောင်းယူ၊ တိုက်ယူလို့ ရတယ်လို့မြင်နေရင် ကွန်မြူနစ်ပဲ ဖြစ်လိမ့်မယ်။ ဒီမိုကရေစီလိုချင်ရင် ကိုယ်ကိုယ်တိုင် ဒီမိုကရေစီ အလေ့အထတွေ ရှိနေပြီလား ပိုင်းဖြတ်ကြည့်ပါ။ ကိုယ့်ပတ်ဝန်းကျင် ဘယ်လောက်ရှိနေပြီလဲ။ ကိုယ့်ရပ်ကွက် ဘယ်လောက်ရှိနေပြီလဲ။ ကိုယ့်အဖွဲ့အစည်းဘယ်လောက် ရှိနေပြီလဲ။ ဒါတွေ အားလုံးရှိနေပြီဆိုရင် ဒီတိုင်းပြည် ဒီမိုကရေစီရှိလာပြီ။ သံရုံးရှေ့ ဝူးဝဲဗျူးဗြဲသွားလုပ်နေရင်၊ တရားဥပဒေစိုးမိုးရေးဝန်ထမ်းရှေ့ ဓားတရမ်းရမ်း၊ တုတ်တရမ်းရမ်းလုပ်ပြနေရင်တော့ မြန်မာပြည်က ဘယ်တော့မှ ဒီမိုကရေစီ ရှိလာမှာမဟုတ်ဘူး။ ကိုယ့်လူခံရတယ်ဆိုရင် တရားဥပဒေစိုးမိုးမှုမရှိဘူး၊ တရားမျှတမှုမရှိဘူး၊ တရားရေးဝန်ထမ်းဘက်လိုက်
တယ်လို့အော်။ ဒါပေမယ့် ကိုယ့်ဘက်က လိုချင်မှုရှိလာရင် အကြမ်းဖက်၊ တရားဥပဒေစိုးမိုးရေး ဝန်ထမ်း ထိခိုက်မှုရှိရင်ဝမ်းသာ။ ဒါတွေက ဒီမိုကရေစီ စိတ်ဓာတ်မဟုတ်ဘူး။ ငြိမ်းချမ်းရေးလိုချင်တယ်၊ စစ်မဖြစ်ကြပါ နဲ့ပြောပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကန့်လန့်တိုက်ပြီး တစ်ဖက်ကသူပုန်ကို ဆူပူအောင် မြှောက်ပေး နေတာတွေက ဒီမိုကရေစီစိတ်ဓာတ်မဟုတ်ဘူး။

ဒီမိုကရေစီလိုချင်ရင် အရင်ဆုံးကိုယ်ကိုယ်တိုင် ဒီမိုကရေစီရှိလာအောင်လုပ်ကြပါ။ သူခိုးက တရားဥပဒေ စိုးမိုးမှုကို လိုချင်တယ်ပြောရင် လူရယ်စရာ ဖြစ်နေမယ်။ ပွဲခင်းထဲ သူများအိပ်ငိုက်တာကို လက်ညှိုးထိုး ရယ်ချင်ရင် ကိုယ်ကိုယ်တိုင် အောက်စလွတ်နေ/မနေ အရင်ကြည့်ဖို့ လိုတယ်။


မျိုးမင်းသန့်

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ