ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပြည်သူကို မျက်ရည်ကျအောင် မလုပ်ခဲ့ဖူးကြောင်း ပြောဆိုကာ နေပြည်တော်ကောင်စီနယ်မြေ မန္တလေးတိုင်း မဲဆန္ဒနယ် အမှတ် ၁၀ တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် ကြံ့ခိုင်ရေးပါတီကိုယ်စားလှယ်လောင်း ဦးမှတ်ကြီးက မဲဆွယ်စည်းရုံးခဲ့ကြောင်း ယင်းဒေသခံ များက ပြောကြားသည်။
ဦးမှတ်ကြီးသည် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲအတွက် ဒေသခံများကို မဲဆွယ်စည်းရုံးရာတွင် ယင်းကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။
“ပြည်သူတွေ မျက်ရည်ကြီးငယ်ကျအောင် လုပ်ဖူးတာ ရှိသလားလို့ ကျွန်တော် မေးချင်ပါတယ်၊ လုပ်ဖူးတာ မရှိပါဘူး” ဟု ၎င်းက ဆိုသည်။
နေပြည်တော်ကောင်စီနယ်မြေရှိ မဲဆန္ဒနယ်အားလုံးမှ ဝင်ရောက်ယှဉ်ပြိုင်မည့် ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်းများ ဖြစ်သော ဦးမြတ်ဟိန်း (ဆက်သွယ်ရေး ဝန်ကြီးဟောင်း)၊ ဦးမှတ်ကြီး (လက်ရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်)၊ ဦးခင်မောင်ဌေး (လက်ရှိ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်)၊ ဦးဝေလွင် (ဗိုလ်ချုပ်ကြီးဟောင်း)၊ ဦးလှဌေးဝင်း (ဗိုလ်ချုပ်ကြီးဟောင်း)၊ ဒေါ်ဝင်းဝင်းသီ၊ ဦးမြင့်လှိုင် (လယ်/ဆည်ဝန်ကြီး)၊ ဦးဇင်ယော် (ပို့ဆောင်ရေးဝန်ကြီး)၊ ဦးမောင်ဦး (လက်ရှိ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်) နှင့် ဦးလှသိန်းဆွေတို့က စက်တင်ဘာလ ၁၀ ရက် နံနက် ၈ နာရီတွင် တစ်ပြိုင်နက် မဲဆွယ်စည်းရုံးခဲ့ကြောင်း ယင်းပါတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကျွန်တော်သာ အရွေးခံရမယ်ဆိုရင် ဒီဒေသကို မမေ့ပါဘူး၊ နိုင်ငံတော်နဲ့ ဒေသခံပြည်သူတွေရဲ့ အကျိုးစီးပွား တိုးတက်ဖို့ ကျွန်တော် ကိုယ်စွမ်းဉာဏ်စွမ်း ရှိသလောက် ဆောင်ရွက်ပေးပါမယ်လို့ ကတိပေး ပါတယ်” ဟု ကိုယ်စားလှယ်လောင်း ဦးမြတ်ဟိန်းက ဇမ္ဗူသီရိမြို့နယ် ဒေသခံများကို ပြောသည်။
လက်ရှိ အစိုးရသက်တမ်း သာမက လာမည့် အစိုးရသက်တမ်းတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြံ့ခိုင်ရေးပါတီအနေနှင့် ဆက်လုပ်ပေးမည့် အကြောင်းအရာများ ရှိနေသေးကြောင်း ဦးမှတ်ကြီးက ဆိုသည်။
(ကိုပေါက်)
The Voice Weekly

No comments:
Post a Comment