ရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက် နီးကပ်လာချိန်တွင် မြန်မာနိုင်ငံ၏ ကက်သလစ်ခရစ်ယာန် ဘာသာရေး အထင်ကရ အကြီးအကဲ တစ်ဦးက မြန်မာနိုင်ငံသားများ အနေဖြင့် မိမိတို့ မဲပေးရွေးချယ်မည့် ပါတီနှင့် အမတ်လောင်းများကို အလေးအနက် စဉ်းစားရွေးချယ်ရန် အကြံပြု တိုက်တွန်းပြောကြားခဲ့သည်။
မိမိတို့ ရွေးချယ်မည့် ပါတီနှင့် အမတ်လောင်းများသည် ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် အမျိုးသား ရင်ကြားစေ့ရေးတို့အတွက် အမှန်တကယ်မြှင့်တင် ဆောင်ရွက်သူများဖြစ်စေရန် စဉ်းစားသင့်ကြောင်း ကာဒီနယ် (ပုပ် ရဟန်းမင်းကြီး၏ အတိုင်ပင်ခံ အမတ်အဖြစ် ရွေးချယ်ခံရသော ကက်သလစ် ဂိုဏ်းချုပ် ဆရာတော်) ချားလ်စ်ဘိုက ဆိုသည်။
မြန်မာနိုင်ငံသားအားလုံးသို့ဟု လိပ်မူရေးသားထားသည့် အဆိုပြုစာလွှာတွင် ကာဒီနယ်ချားလ်စ်ဘိုက နိုဝင်ဘာ ၈ ရက် တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ သည် ဒီမိုကရေစီစနစ်ကို လက်တွေ့ဖော်ဆောင်နိုင်ရန် မြန်မာနိုင်ငံသားအားလုံး ပါဝင်လုပ်ဆောင်သင့်ကြောင်း တိုက်တွန်း ထားသည်။
စစ်မှန်သည့် ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်ရေးသည် ရှည်လျားပြီး ခက်ခဲကြမ်းတမ်းသည့် ခရီးစဉ် တစ်ရပ်ဟုလည်း ၎င်းက ဥပမာပြုခဲ့သည်။
‘‘မဲပေးခြင်း ဆိုတာဟာ ဒီမိုကရေစီစနစ်ရဲ့ အခြေခံအခွင့်အရေးပါ။ ဒီရွေးကောက်ပွဲမှာ သင်တို့ရဲ့ ထူးမြတ်တဲ့ တာဝန်ကို ပြည့်မြောက်အောင် ထမ်းဆောင်သင့်ပါတယ်။ ကျေးဇူးပြုပြီး မဲရုံကို သွားကြပါ။ သင်တို့ မှန်မှန်ကန်ကန် ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်လောင်းကို မဲပေးကြပါ’’ ဟု ကာဒီနယ်ချားလ်စ်ဘိုက စက်တင်ဘာ ၂၄ ရက်တွင် ထုတ်ပြန်သည့် ၎င်း၏ အဆိုပြုစာလွှာ၌ တိုက်တွန်း ရေးသားထားသည်။
‘‘ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအတွက် အခွင့်အလမ်းကောင်းတွေ ဖန်တီးနိုင်မယ့် ပြတင်းတံခါး တစ်ချပ်ပါပဲ။ ငြိမ်းချမ်းခြင်းနဲ့ ချမ်းသာဝပြောခြင်းတို့ဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ တစ်ခုရဲ့ အသီးအပွင့်တွေ ဖြစ်ပါတယ်’’ ဟု လည်း ၎င်းက ဆိုသည်။
ကာဒီနယ်ချားလ်စ်ဘိုသည် ယင်းအဆိုပြုစာလွှာကို မထုတ် ပြန်မီတွင် ရွေးကောက်ပွဲ၌ ပြည် သူအများ အသင့်တော်အမှန်ကန် ဆုံး စဉ်းစားရွေးချယ်ရန် တိုက် တွန်းခဲ့ပြီး ယခုအခါ အမှန်တ ကယ် ပြောင်းလဲချိန်တန်သည့် ကာလသို့ ရောက်ရှိနေပြီဟု ပြော ကြားခဲ့သည်။
‘‘လူဟောင်းတွေ ကြီးစိုးထားတဲ့ စနစ်ကတော့ ဘာအပြောင်းအလဲကိုမှ ဆောင်ယူမလာ နိုင်ခဲ့ဘူး။ ဒါကြောင့် ပြည်သူတွေ အနေနဲ့ ဘယ်သူက အမှန်တကယ် ပြောင်းလဲမှုတွေကို ဖော်ဆောင်ပေးနိုင်မလဲ ဆိုတာကို သတိပြုကြည့်ဖို့ လိုလာပါပြီ’’ ဟု ချားလ်စ်ဘိုက ဆိုသည်။
ယခုထုတ်ပြန်သည့် အဆိုပြု စာလွှာတွင် အမှန်တကယ် မဲပေး ထိုက်သည့် ကိုယ်စားလှယ်လောင်းကို မည်သို့ စဉ်းစားရွေး ချယ်သင့်ကြောင်း အကြံပြုထားသည့် အချက် ၁၀ ချက်ကိုလည်း ဖော်ပြထားသည်။
အဆိုပါ အချက်များတွင် တိုင်းရင်းသားမျိုးနွယ်စုနှင့် ယုံကြည်ကိုးကွယ်မှု အမျိုးမျိုးတို့ကို လိုက်လျောညီထွေစွာ လက်တွဲလုပ်ဆောင်နိုင်သည့် အရည်အချင်းမျိုးကိုလည်း ထည့်စဉ်းစားသင့်ကြောင်း အကြံပြုထားသည်။
အသက် (၆၇) နှစ် အရွယ်ရှိ ကာဒီနယ်ချားလ်စ်ဘိုသည် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်၏ ရွေးချယ် ခန့်အပ်မှုဖြင့် ရိုမန်ကက်သလစ် ခရစ်ယာန်ဘာသာရေးတွင် အလွန်အရေးပါသည့် ကာဒီနယ် ရာထူးကို ပထမဆုံး မြန်မာနိုင်ငံသားအနေဖြင့် ယခုနှစ်ဆန်းက စတင်တာဝန်ယူခဲ့သည်။
http://7daydaily.com
No comments:
Post a Comment