Wednesday, September 23, 2015

ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး အတွက် ဘတ်ဂျက်မရှိ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်များအတွက် လုံခြုံရေး ဆောင်ရွက်ရာတွင် ဘတ်ဂျက်ငွေ တစ်ပြားမှ မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေး တာဝန် ယူထားရသူ ဦးဝင်းထိန်က ပြောသည်။

ယမန်နေ့က ကျင်းပပြုလုပ်သည့် NLD အောင်နိုင်ရေး သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကိစ္စနှင့် ပတ်သက်ပြီး ၎င်းက ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

''ကျွန်တော်တို့ ဘာနဲ့ ကာကွယ်ပေးလဲဆိုရင် ကိုယ်ခန္ဓာနဲ့ပဲ ကာကွယ်ရတာပါ။ ကျွန်တော်တို့ လုံခြုံရေးယူတဲ့ တော်တော်များများမှာ လစ်ဟာမှုတွေ ရှိတယ်'' ဟု ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောသည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေး ဆောင်ရွက်ရာတွင် ကျွမ်းကျင်သူများ မဟုတ်ဘဲ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ လူငယ်များ၏ အင်အားဖြင့်သာ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

''ဘတ်ဂျက်မရှိဘဲ ကိုယ့်ရဲ့ လုပ်အားပေးမယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ လုပ်ပေးရမယ့် ကလေးတွေကို ချီးကျူးတယ်။ နောက်တစ်ခုက သက်ဆိုင်ရာ နယ်မြေတွေနဲ့ ပူးပေါင်း ဆောင်ရွက်တယ်။ အချို့သတိထား ရမယ့် နေရာတွေ သူတို့ကပဲ သတိပေးတယ်။ အခုထိတော့ လုံခြုံရေးကတော့ အခြေအနေ မဆိုးဘူးလို့ သုံးသပ်လို့ ရပါတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးကို တာဝန် ယူထားရသော ဦးဝင်းထိန်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား လူခန္ဓာကိုယ်ဖြင့်သာ ကာကွယ်နေရခြင်း ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း ကျည်ကာအင်္ကျီလုပ်ရန်အတွက် လုံးဝ သဘောမတူသောကြောင့် လုံခြုံရေး ဆောင်ရွက်ရာတွင် အင်မတန် ခက်ခဲကြောင်း ၎င်းက ဆက်ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အောက်တိုဘာလ ပထမပတ်တွင် ကချင်ပြည်နယ်နှင့် အောက်တိုဘာ လလယ်ပိုင်းတွင် ရခိုင်ပြည်နယ်သို့ သွားရောက်ကာ ပါတီ အောင်နိုင်ရေးအတွက် ဟောပြောသွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ