Monday, September 14, 2015

တစ်သီးပုဂ္ဂလအမတ်လောင်းများအား မဲမပေးရန် ဒေါ်အောင်ဆန်းစုကြည်ပြောကြားချက်အပေါ် တစ်သီးပုဂ္ဂလအမတ်အချို့တုံ့ပြန်


တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများအားမဲမပေးရန် ဒေါ်အောင်ဆန်းစုကြည်ပြောကြားချက်သည် ပါတီခေါင်းဆောင်တစ်ဦးအနေဖြင့် မပြောသင့်သည့်စကားကိုပြောကြားခဲ့သဖြင့်စိတ် မကောင်း ဖြစ်ရကြောင်း တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းအ ချို့ကပြောကြားသည်။


‘‘အခုဆိုရင် တချို့တွေက တစ်သီးပုဂ္ဂလအနေနဲ့ ၀င်ပြိုင်ကြပါတယ်။ တစ်သီးပုဂ္ဂလဆိုတာ အစိုးရဖွဲ့လို့ မရပါဘူး။ တစ်သီးပုဂ္ဂလတွေဟာ အစိုးရဖွဲ့လို့မရတာကြောင့်မို့ တစ်သီးပုဂ္ဂလတွေအတွက် မဲပေးမယ့်အစား အစိုးရဖွဲ့လို့ရမယ့် ပါတီတွေကိုပဲမဲပေးစေချင်ပါတယ်။ ဒါမှကိုယ့်ရဲ့မဲတွေက တန်ဖိုးရှိမှာပါ။ ကိုယ့်ရဲ့မဲတွေကို တန်ဖိုးရှိအောင်လုပ်ကြပါ’’ဟု ဒေါ်အောင်ဆန်းစုကြည်ကရှားတောမြို့တွင်ပြုလုပ်သော မဲဆွယ်စည်းရုံး ရေး ဟောပြောပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

စက်တင်ဘာ ၁၂ ရက်က ကယားပြည်နယ်ရှားတောမြို့နယ်၌ပြုလုပ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ မဲဆွယ်စည်းရုံးမှုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကအထက်ပါအတိုင်းပြောကြား ခဲ့ခြင်း အပေါ် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း အချိုကဝေဖန်နေကြသည်။

ရှားတောမြို့နယ်အမျိုးသားလွှတ်တ်ေမဲဆန္ဒနယ်တွင် သမ္မတရုံးပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ယှဉ်ပြိုင်မည်ဖြစ်၍ ဦးအောင်မင်းကို ရည်ညွှန်းပြောဆိုသောစကားဟု နိုင်ငံရေးလေ့လာသူများကသုံးသပ်သည်။

‘‘သူတစ်စုံတစ်ဦးကို ရည်ရွယ်ပြီးပြောတဲ့သဘောဖြစ်ပါလိမ့်မယ်။ ပါတီကထွက်ပြီး တစ်သီးပုဂ္ဂလ၀င်ပြိုင်တဲ့ သူတွေကို အမြင်မကြည်ဘဲပြောတာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ဒီလိုတစ်သီးပုဂ္ဂလအားလုံးကို ၀ါးလုံးရှည် နဲ့သိမ်းပြောတာတော့မကောင်းဘူးပေါ့ဗျာ။ တစ်သီးပုဂ္ဂလမှာ သူလုပ်နိုင်တဲ့စွမ်းအားနဲ့သူရှိပါတယ်။ ပါတီ ခေါင်းဆောင်တစ်ဦးအနေနဲ့ ဒီလို မပြောသင့်ဘူး’’ဟု အမျိုးသား လွှတ်တော် ရန်ကုန်တိုင်းဒေသ ကြီး မဲဆန္ဒနယ် အမှတ် (၃) တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးဖုန်းမြင့်အောင်က ပြောသည်။

မဲဆွယ်စည်းရုံးရေးကာလတွင် ထိုကဲ့သို့ ပြောဆိုမှုများပြုလုပ်၍ရသော်လည်း မခံချင်စရာကောင်းသော ပြောကြားချက်ဖြစ်ကာ ဒေါ်အောင်ဆန်းစုကြည်က တစ်စုံတစ်ဦးအပေါ်ရည်ရွယ်ပြောကြားလိုပါက ၎င်းပုဂ္ဂိုလ်အပေါ် အမည်တပ်၍ပြောကြားရန်သာဖြစ်ပြီး ထိုကဲ့သို့အားလုံးကို သိမ်းကျုံးမပြောဆို သင့်ကြောင်း ၎င်းကဆက်လက်ပြောသည်။

‘‘ဒီလိုပြောတဲ့အတွက် စိတ်မကောင်းဘူး။ လူထုအားထားတဲ့ လူထုခေါင်းဆောင်တစ်ယောက်အနေနဲ့ ဒီလိုတော့ မပြောသင့်ဘူးထင်ပါတယ်’’ဟု ပြည်သူ့လွှတ်တော် ဗဟန်းမဲဆန္ဒနယ်မှ တစ်သီး ပုဂ္ဂလ ၀င်ရောက်ယှဉ်ပြိုင်မည့် လက်ရှိရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

အပြောင်းအလဲတစ်ရပ်ကို အလံတစ်ခုတည်းအောက်တွင် စုစည်းထားသည့် အင်အားစုကသာ ပြောင်းလဲ နိုင်မည်ဟူသည့် အယူအဆကို လက်မခံဘဲ အပြောင်းအလဲကိုလိုလားသည့်အ ရည်အချင်းရှိသူများကပါ လိုက်ပါပြောင်းလဲပါက အပြောင်းအလဲကို ဖန်တီးနိုင်မည်ဟုလက်ခံထားကြောင်း ရခိုင်ပြည်နယ်လွှတ်တော်အတွက် စစ်တွေမဲဆန္ဒနယ် အမှတ်(၂) မှ တစ်သီးပုဂ္ဂလ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးကျော်ဇောဦးကလည်း ပြောသည်။

‘တစ်သီးပုဂ္ဂလတွေက အစိုးရမဖွဲ့နိုင်ပေမယ့် လွှတ်တော်တည်းရောက်သွားရင် အပြောင်းအလဲပြု လုပ်နိုင်တဲ့ ပါတီနဲ့ ပူးပေါင်းပြီး ဆောင်ရွက်နိုင်ပါတယ်။ တစ်သီးပုဂ္ဂလတွေက တစ်ယောက်ထဲတော့ ရပ်တည်ပြီးမနေပါဘူး။ အဓိကကတော့ လူမှန်၊ နေရာမှန်ဖြစ်ဖို့လိုပါတယ်’’ဟု ဦးကျော်ဇောဦးကဆိုသည်။

လာမည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် လွှတ်တော်အသီးသီး၌ တစ်သီးပုဂ္ဂလ၀င် ရောက်ယှဉ် ပြိုင်ရန် မှတ်ပုံတင်ထားသော အမတ်လောင်း ၃၂၃ ဦးရှိသည်။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ