ချင်းတွင်းမြစ်ရေအနည်း ငယ်ကျဆင်းနေသော်လည်း ဧရာဝတီမြစ်ရေတိုးနေသဖြင့် စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေသည့် မြို့ ၁၁ မြို့တွင် မြစ်ကမ်းဘေးနေသူများ အထူးသတိထားရန်လိုကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။
ချင်းတွင်းမြစ်ရေသည် စက်တင်ဘာ ၉ ရက်မှစ၍ စစ်ကိုင်းတိုင်းရှိ ခန္တီး၊ ဟုမ္မလင်း၊ ဖောင်းပြင်၊ မော်လိုက်၊ ကလေးဝ၊ မင်းကင်း၊ မုံရွာနှင့် ကနီမြို့တို့တွင် အနည်းငယ် ကျဆင်းလာသော်လည်း စိုးရိမ်ရေမှတ် အထက်တွင် ရှိနေသေးသည်ဟု မိုး/ဇလဌာန ဒုညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ပြောသည်။
‘‘ချင်းတွင်းမြစ်ရေကျနေပေမယ့် မြစ်ကမ်းဘေးဒေသတွေအတွက် စိတ်ချရတဲ့ အနေအထား မဟုတ်သေး ဘူး။ အထက်ကကျလာတော့ ဧရာဝတီမြစ်ရေက တိုးလာတယ်။ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်မြို့တွေ ဒီကာလ သတိထားဖို့ လိုတယ်’’ဟု ဦးကျော်မိုးဦးက သတိပေးသည်။
ဧရာဝတီမြစ်ရေမှာ ပခုက္ကူ နှင့် ညောင်ဦးမြို့တွင် စိုးရိမ်ရေ မှတ်အထက် ၂ပေခွဲခန့်ရောက်ရှိနေသည်ဟု မိုး/ဇလဌာနက သတင်းထုတ်ပြန်ထားပြီး အောက်ပိုင်းဒေသများရှိ ပြည်၊ မြန်အောင်၊ ဟင်္သာတ၊ ဇလွန်နှင့် ညောင်တုန်းမြို့တို့တွင်လည်း ရေတက်လာနေကြောင်း ဒေသခံများက ပြောသည်။
ပြည်မြို့တွင် ရေကာတာ အပြင်ဘက်မှ ဒေသခံအချို့ ရေဘေးလွတ်ရာသို့ရွှေ့ပြောင်းနေရ သည်ဟု သတင်းရရှိသည်။ ဧရာဝတီမြစ်နှင့် ထိစပ်နေသည့် င၀န်မြစ်ရေမှာလည်း စိုးရိမ်ရေမှတ်အထက်တွင် သုံးပေကျော်ရောက်ရှိနေပြီး ငါးသိုင်းချောင်း၊ သာပေါင်းမြို့တို့တွင် မြစ်ကမ်းဘေးနေသူများ ရေလွှမ်းမိုးမှု ရင်ဆိုင်နေထိုင်ရသည်ဟု သတင်းရရှိသည်။
မိုး/ဇလဌာနက စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍မိုးကြီးနိုင်သည်ဟု သတိပေးထားသည်။
မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်ကလည်း လက်ရှိကာလသည် မြန်မာနိုင်ငံမှ အနောက်တောင် မုတ်သုံလေ စတင် ဆုတ်ခွာနေပြီး ဘင်္ဂလားပင်လယ်အော်တွင် လေထုမငြိမ်မသက် ဖြစ်ပေါ်နေမှုကြောင့် မြန်မာ့ကမ်းရိုးတန်းဒေသများ၌ မိုးရောလေပါ အားကောင်းနိုင်သည်ဟု သတိပေးသည်။

No comments:
Post a Comment