Sunday, September 13, 2015

အိမ်ပြင်ကသူခိုး အိမ်တွင်းကကြံရာပါတွေနဲ့ ရင်လေးစရာမြန်မာ့သစ်တောများ

တရုတ်တွေ မြန်မာပြည်တွင်းမှာ သစ်တွေအဆမတန်လာရောက်ခိုးထုတ်တဲ့အကြောင်းကို သတင်းစာတွေ ဂျာနယ်တွေထဲမှာ အကျယ်တ၀င့်ဖော်ပြလို့ အားလုံးလည်းသိပြီးသားဖြစ်မှာပါ ဒီလို လူသိရှင်ကြားတွေ ဖြစ်လာတော့မှအချို့သောသူတွေက အစိုးရမကောင်းလို့ ဘာညာပြောကြတာကို မြင်ရတွေ့ရတယ် အမှန်တစ်ကယ်က အစိုးရတစ်ဦးတည်းကြောင့်တော့မဟုတ်ဘူး ပြည်သူတစ်ရပ်လုံးက သစ်တောသစ်ပင် တွေကို ထိန်းသိမ်းဖို့ ဆိုတာကိုခေါင်းထဲမှာထည့်မထားလို့ ဖြစ်ရတာ ဖြစ်ပါတယ်။

ဘယ်သူ့ မှာတာဝန်အရှိဆုံးလည်း ဘယ်သူက တရားခံအစစ်အမှန်လည်းဆိုတာကို အဖြေရှာကြည့်မယ် ဆိုရင် မီးခိုးကြွက်လျှောက်ဆိုသလိုပဲတစ်နွယ်ငင်လိုက်ရင် တစ်စင်လုံးပါလာမှာပါ အစိုးရမှာတာဝန်ရှိသလို
နယ်စပ်မှာ လက်နက်ကိုင်ဆောင်နေတဲ့ တိုင်းရင်းသားတွေနဲ့ သာမန်ပြည်သူ တွေလည်းပါဝင်တာကို မြင်တွေ့ ရမှာပါ နောက်ဆုံးအရင်းစစ်လိုက်ရင် ကျွန်တော်တို့ခင်ဗျားတို့ တစ်တွေမှာလည်း တာဝန်မကင်း ဘူးဆိုတာ မြင်တွေ့ သိရှိလာကြမှာပါ။

ကျွန်တော်ဒီလိုပြောရင် ဒါက သစ်တောရေးရာနဲ့ပဲဆိုင်တာလေ သစ်တောမှာပဲတာဝန်ရှိတယ် ကျွန်တော်တို့ နဲ့ ဘာဆိုင်လို့ တုန်းလို့  မေးစရာရှိမယ်ထင်တယ်အညိုရောင်နယ်မြေ အမဲရောင်နယ်မြေလို့ သတ်မှတ်ထားတဲ့ နယ်မြေတွေမှာဘယ်သစ်တောဝန်ထမ်းမှ တာဝန်မထမ်းဆောင်ရဲပါဘူး အစိုးရပိုင် နယ်မြေနဲ့ သူပုန်ပိုင်နယ်မြေဆိုပြီး သူ့နယ်မြေနဲ့ သူရှိပါတယ် ကိုယ့်နေရာမှာကိုယ်နေပြီး သူများနယ်မြေထဲကိုဝင်ရောက် စွက်ဖက်ခြင်းမပြုလုပ်ရဲကြပါဘူး ဒါက သစ်တောဝန်ထမ်းမှ မဟုတ်ဘူး အစိုးရရဲ့ စစ်တပ်၊ ရဲတွေလည်း ၀င်မပါရဲကြဘူး သူ့ အလုပ်သူလုပ် ကိုယ့်အလုပ်ကိုယ်လုပ်ဆိုပြီး မြင်လည်း မမြင်ချင်ယောင် ဆောင်နေလိုက်ကြတာများပါတယ်။

အဲ့ဒီလို နယ်မြေတွေမှာ အကျင့်ပျက်ခြစားမှုတွေဆိုတာကလည်း ဒုနဲ့ ဒေး ဥပဒေမဲ့ ဖြစ်စဉ်တွေဆိုတာလည်း မသိချင် မမြင်ချင်မတွေ့ချင်မှအဆုံးဒီလိုနေရာတွေမှာ တရုတ်ဘက်က သစ်ခိုးသမားတွေအတွက်ကတော့
မျက်ဖြူဆိုက်လေ ဆရာကြိုက်လေအကွက်မျိုးဖြစ်နေခဲ့တာ မဆန်းပါဘူးတရုတ်ပြည်မှာ သစ်ပင်ခုတ်ရင် သေဒဏ်အထိ အပြစ်ပေးအရေးယူတယ်ဒီတော့ ကမ္ဘာပေါ်မှာ သစ်လုပ်ငန်း လုပ်ကိုင်ပြီး စီးပွားဖြစ်နေတဲ့နိုင်ငံထဲမှာ

တရုတ်က ထိပ်ဆုံးမှာ ရှိနေတယ် သူတို့ စီးပွားဖြစ်နေတဲ့သစ်တွေရဲ့ ၉၉% ရာခိုင်နှုန်းက မြန်မာပြည်က သစ်တွေဖြစ်နေတယ် ဒါဆိုရင် ဒီလိုကြီးကျယ်ပြီး စီးပွားဖြစ်နေတဲ့ သစ်လုပ်ငန်းမှာ တရုတ်အစိုးရလည်း တစ် ထောင့် တစ်နေရာကနေပါဝင်နေမှာအသေအခြာပဲ။

နယ်စပ်မှာ ဖုန်းကြားရှင်လို လူမျိုးကို လက်သပ်မွေး လက်နက်တပ်ပေးပြီးမြန်မာပြည်အစိုးရနဲ့ အတိုက်အခံလုပ်ခိုင်းခဲ့တာ တရုတ်အစိုးရရဲ့ စနက်မကင်းဘူးဆိုတာ သိသာလွန်းနေပါတယ်။ တိုက်ပွဲတွေဖြစ်လို့ နယ်မြေမငြိမ်းချမ်းရင် တရုတ်တွေအတွက် စီးပွားဖြစ်နေလို့ ပါပဲ ထို့ အတူ တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ ကလည်း ငြိမ်းချမ်းရေးလက်မှတ်ထိုးဖို့  ငြင်းဆန်နေခဲ့တာတွေရဲ့ အကြောင်းရင်းထဲမှာ သူတို့ ပိုင်နယ်မြေထဲမှာ သူတို့ လုပ်ချင်တာတွေ လုပ်ချင်တိုင်းလုပ်ခွင့်ရနေဖို့ အတွက် ငြိမ်းချမ်းရေးမယူရတဲ့ အကြောင်းအရင်း တစ်ခုအနေနဲ့  ပါဝင်နေခဲ့မယ်ထင်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့  သစ်တွေကို စီးပွားဖြစ် ကိုယ်တိုင်ထုတ်လုပ်ဖို့ဆိုတာ သူတို့ အတွက်တော့ မဖြစ်နိုင်တဲ့အရာပါ အရင်းအနှီး၊ လူအင်အား ငွေအင်အားတွေ စိုက်ထုတ်ပြီး လုပ်နိုင်တယ် ထားဦး ဈေးကွက်မရှာဖွေတတ်တဲ့အတွက် သစ်တွေကို ကိုယ်တိုင်မထုတ်တော့ပါဘူး ဒီတော့ဘာမှလုပ်စရာ မလိုပဲ ငွေဝင်နေမယ့်အကွက်ပဲ လုပ်လိုက်တော့တယ် တရုတ်တွေကို သစ်ထုတ်ခွင့်ပြုလိုက်ပြီး သစ်တစ်တန်ကို ဘယ်လောက်ကြိုးဝိုင်းတစ်ခုဆိုရင် ဘယ်လောက်ဆိုပြီး ပိုက်ဆံတောင်းလိုက်တယ် ဒီနေရာမှာ ပြောပြချင်တာတစ်ခုက ဥပမာ သစ်တစ်တန်ကို ၁၂ သိန်းဆိုပါစို့ တရုတ်သစ်ခိုးသမားတွေက သူပုန်တွေကို တစ်တန်ကို ၂ သိန်းလောက်ပဲပေးပြီး ၁၀ သိန်းလောက်ကို သူတို့ အိတ်ထဲထည့်သွားတာပါ ဒါပေမယ့်တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ က ဘာမှလုပ်စရာမလိုပဲ တစ်တန်ကို၂ သိန်းတောင် ရတယ်ဆိုပြီးပျော်နေခဲ့ကြပါတယ် သူတို့ အတွက်ဝင်ငွေဆိုတာကလည်း ဒီလိုသစ်တောတွေ ကျောက်မျက်ရတနာတူးဖော်တာတွေဘိန်း စိုက်ပျိုးမှုတွေပဲရှိတာဆိုတော့ ဘယ်လောက်ပဲရတယ် ဘာညာဆိုတာမရှိတော့ဘူး ရတာနဲ့ ပဲကြေနပ်လိုက်ကြတယ်။

နောက်တစ်ခုက အညိုရောင်နယ်မြေ အမည်းရောင်နယ်မြေဆိုပြီး သတ်မှတ်ထားပေမယ့် အဲ့ဒီနယ်မြေက ကြိုးဝိုင်းအချို့ မှာ အစိုးရနဲ့ အကျိုးတူပူးပေါင်းလုပ်ကိုင်နေတဲ့ သစ်ထုတ်လုပ်ငန်းတွေ သစ်တောဝန်ထမ်းတွေ ရှိပါတယ်။ သစ်ထုတ်ဖို့ ဖောက်ထားတဲ့ သစ်တိုက် တောလမ်းတွေမှာ တရုတ်သစ်ခိုးသမားတွေ သစ်ခိုးထုတ်ပြီး ဖြတ်တာမျိုးတွေရှိတယ် အဲ့ဒီတောလမ်းတွေမှာစစ်ဆေးရေး ဂိတ်တွေ ဆိုတာ ဟိုနားတစ်ခု ဒီနားတစ်ခု ရှိပါတယ် ဒီနယ်မြေမှာ စစ်ဆေးရေး ဂိတ်တွေဘယ်လောက်ပဲရှိရှိ သစ်တောဝန်ထမ်းတွေ ဘယ်လောက်ပဲရှိရှိ တရုတ်သစ်ခိုးသမားတွေလာရင် လမ်းဖြတ်ခတွေဂိတ်ကြေးတွေယူပြီး လွှတ်ပေးလိုက်တာများတယ်။

တစ်ချို့ သစ်ထုတ်လုပ်ငန်းအကြောင်းကောင်းကောင်းမသိပဲ ဝေဖန်ပြောဆိုနေကြတဲ့သူတွေ ပြောနေသလိုမျိုး သစ်တောဝန်ထမ်းတွေ အစိုးရစစ်တပ်တွေက တရုတ်သစ်ခိုးသမားတွေနဲ့ ပေါင်းပြီး သစ်တွေကို ခိုးထုတ်နေခဲ့ကြတာမဟုတ်ဘူး အမှန်တစ်ကယ်က တရုတ်သစ်ခိုးသမားတွေက တိုင်းရင်းသား
လက်နက်ကိုင်တွေဆီက သစ်ထုတ်ခွင့်ပါမစ်တွေရပြီး ထုတ်လာကြတာသူတို့ ကိုမခုတ်နဲ့ သွားပြောရင် သူပုန်တွေက ကာကွယ်ပေးထားတော့သူပုန်တွေရဲ့ ရန်ရှာခြင်းကိုခံရမယ် ဒီတော့ လ္ဘက်ရည်ဖိုးလေး မုန့်ဖိုးလေးဆိုပြီး လမ်းကြေး ဂိတ်ကြေးတောင်းယူလိုက်ကြတယ် ဒီလိုမလုပ်ပဲသူတို့ ကိုဖမ်းဆီးအရေးယူဖို့ ဆိုတာက အဲ့ဒီနယ်မြေတွေမှာ မဖြစ်နိုင်တဲ့ကိစ္စပဲလေ တစ်ချို့ တွေဆိုရင် လမ်းကြေး ဂိတ်ကြေးတောင် မတောင်းရဲပဲလွှတ်ပေးလိုက်ရတာတွေပါရှိတယ် ပိုက်ဆံလား သွားတောင်းကြည့်လေ ပိုက်ဆံတော့ ထွက်မလာဘူး သေနတ်ပြောင်းထွက်လာပြီး ကျည်ဆန် ဗိုက်ထဲဝင်လာဖို့ပဲရှိတယ် ဒါက အဲ့ဒီလို နယ်မြေတွေမှာ ဖြစ်နေကျ ဖြစ်ရိုးဖြစ်စဉ်တွေပါသစ်တောဝန်ထမ်း၊ စစ်တပ်၊ ရဲဆိုတာတွေက အကျင့်ပျက်ခြစားနေတာမဟုတ်ဘူး ဘာမှလုပ်လို့ မရတဲ့အတူတူ သူတို့ ဆီက ဒီလောက်ရလိုက်လည်း နည်းလားဆိုပြီး ရောမကိုရောက်ရောမလို ကျင့်လိုက်ကြတာပါ။

နောက်ပြီး နယ်ခံတွေ ဒေသခံတွေကအစ တိုင်းရင်းသားလက်နက်ကိုင်တွေကို အမြဲလိုလို ကြောက်ရွံ့ နေပြီး သူပုန်ဘက်တော်သားခံယူထားလိုက်ကြတာတွေအများကြီး တရုတ်သစ်ခိုးသမားတွေကိုဆိုရင်လည်း ကျေးဇူးရှင်လို့ သတ်မှတ်ပြီးဘုရားလိုတောင် ကိုးကွယ်နေကြတယ် ဒါက သူတို့ ကိုမှားတယ်လို့ မပြောလိုပါဘူး ဒီလို နယ်စွန်နယ်ဖျား ခပ်ခေါင်ခေါင်နေရာမှာ ဒီတရုတ်တွေဝင်လာလို့  သူတို့ အတွက် ငွေဝင်ပေါက်တွေရှိလာတယ် လူလူသူသူနေနိုင်လာကြတယ် စားနိုင်လာကြတယ် အဲ့ဒီအတွက် တရုတ်သစ်ခိုးသမားတွေဘယ်လောက်ခိုးခိုး ခိုးတယ်လို့ မမြင်တော့ဘူး တရုတ်သစ်ခိုးအဖွဲ့ ထဲမှာလုပ်သားအနေနဲ့ ပါဝင်လုပ်ကိုင်နေတာ ဒေသခံတွေပဲလေ ပိုက်ဆံရတယ်ဘိန်းအလကားသုံးရတယ်(ဈေးပေါပေါနဲ့ လည်းရတယ်) တစ်ချို့ နယ်ခံတွေဆိုလုပ်အားခအတွက် ပိုက်ဆံမယူတော့ဘူး ဘိန်းတွေ ဆေးပြားတွေပဲလုပ်အားခအနေနဲ့ ယူတော့တယ် အသက်မပြည့်သေးဘူး တိုင်းရင်းသားအချို့ မူးယစ်ဆေးစွဲပြီး ဘိန်းစားတွေဖြစ်နေကြပြီ ဒါက လက်ရှိအချိန်မှာအမှန်တရား။

နယ်မြေ မငြိမ်းချမ်းတဲ့နေရာတွေမှာ အစိုးရက စီးပွားရေးအခွင့်အလမ်းတွေဒေသဖွံ့ဖြိုးရေးတွေ သွားရောက်လုပ်ကိုင်ဖို့ ဆိုတာ အင်မတန်မှခက်ပါတယ်ဒါကြောင့် မြန်မာပြည် ငြိမ်းချမ်းဖို့ လိုအပ်ပါတယ် တိုင်းရင်းသားလက်နက်ကိုင်အနေနဲ့ အမှန်တစ်ကယ်ကို ပြည်သူတွေကို အကျိုးပြုတဲ့ လက်နက်ကိုင်တွေဖြစ်သင့်ပါတယ် တရုတ်သစ်ခိုးသမားတွေကို သစ်ခိုးခွင့်မပြုပဲ တိုင်းရင်းသား လက်နက်ကိုင်တွေကိုယ်တိုင်က အရေးယူအပြစ်ပေးသင့်တယ်နယ်ခံ ဒေသခံတွေ အနေနဲ့ ကလည်း တရုတ်သစ်ခိုးသမားတွေကို သစ်ခိုးသမားတွေအဖြစ်ပဲ မြင်ပြီး တာဝန်သိတဲ့ပြည်သူတွေအဖြစ်နဲ့ ဒီလိုတွေ ခိုးထုတ်လို့မရအောင် တာဝန်ရှိသူတွေကို ဆက်သွယ်ပြီးအရေးယူအပြစ်ပေးနိုင်အောင် ဆောင်ရွက်သင့်ပါတယ်။

သစ်တော သစ်ပင်တွေဆိုတာ လူတွေအတွက်က အသက်တစ်ခုပါပဲသစ်တောတွေပြုန်းခဲ့ရင် သစ်ပင်တွေမရှိတော့ရင် သက်ရှိသတ္တ၀ါတွေအတွက် ဂေဟစနစ်တွေ ပျက်စီးပြီး ကမ္ဘာပျက်သုဉ်းမယ့်ဒဏ်ကို ခါးစီးပြီးခံရဖို့ ပဲရှိပါတယ် ဒီနေ့ ဒီအချိန်မှာ တိရိစ္ဆာန်ပေါင်းစုံနဲ့ ပြီးပြည့်စုံနေတဲ့
ပဲခူးရိုးမတောကြီးဆိုတာကလည်း လွင်တီးခေါင်ဖြစ်နေပြီ တိရိစ္ဆာန်တွေဆိုတာကလည်း နာမည်သာကျန်ပြီး အကောင်ပြဖို့  တိရိစ္ဆာန်ရုံသွားမှပဲမြင်ရတွေ့ ရမယ့်အခြေအနေဖြစ်နေပြီ သစ်တောတွေပြုန်းတီး ရင်သက်ရှိတွေလည်း ပျက်သုဉ်းကြရပါတယ် ဒါတွေကို လူတွေကပဲအသေအခြာလေး ထိန်းသိမ်း စောင့်ရှောက်ပါမှ ဂေဟစနစ်ပုံမှန်လည်ပတ်ပြီးသဘာဝတရားကြီးက သာယာလှပမှာပါ လူတိုင်းမှာတာဝန်ရှိလို့ မသိကျိုးကျွန်ပြုပြီး မနေကြဖို့ တိုက်တွန်းရေးသားလိုက်ရပါတယ်။

ရိုးမငှက်ခါး
http://www.news-myanmar.

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ