Thursday, September 17, 2015

အင်န်အယ်လ်ဒီ အာဏာရပါက တပ်မတော်သား အမတ်များကို ဖယ်ရှားတော့မည်လော

”တပ်မတော်နှင့် နိုင်ငံတော် ကာကွယ်ရေးယန္တရားတစ်ရပ်လုံးသည် အုပ်ချုပ်ရေးမဏ္ဍိုင်ထဲ၌သာ တည်ရှိရန် ဦးတည်ဆောင်ရွက်မည်” အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၂ဝ၁၅ ရွေးကောက်ပွဲ ကြေညာစာ တမ်း၊ စာ-၅
၂ဝ၁၅ ခုနှစ်၊ စက်တင်ဘာလ ၁၄ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ရွေးကောက်ပွဲ ကြေညာစာ တမ်းကို ထုတ်ပြန်သည်။

ထိုစာတမ်းတွင်ပါဝင်သော အချက်အလက်များက ဝမ်းသာကြိုဆိုစရာ အတော်များသည်။ စင်စစ် ရွေးကောက်ပွဲ ကြေညာစာတမ်းဟူသည့် ပါတီတစ်ရပ်က ရွေးကောက်ပွဲတွင် အနိုင်ရပြီး အစိုးရဖွဲ့နိုင်ပါက ကျင့်သုံးအကောင်အထည်ဖော်မည့် မူဝါဒသံခိပ်ဖြစ်သည်။ ပါတီဥက္ကဋ္ဌ၏ အမှာစာတွင် ဤသို့ ဖော်ပြထား သည်။

”၂ဝ၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်၌ ကျင်းပမည့် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အားလုံးနီးပါး၌ ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်သည်။ ထို ရွေးကောက်ပွဲတွင် အနိုင်ရ၍ အစိုးရ ဖွဲ့နိုင်လိမ့်မည်ဟု ယုံကြည်ပါသည်။ အဖွဲ့ချုပ်က အစိုးရဖွဲ့စည်းနိုင်ခဲ့လျှင် ဆောင်ရွက်မည့် ကိစ္စရပ်များကို ကဏ္ဍအလိုက် ဤရွေးကောက်ပွဲ ကြေညာစာတမ်းတွင် ဖော်ပြထားပါ သည်”ဟူ၍ ပါတီဥက္ကဋ္ဌက အမှာစာ ရေးသားထားသည်။ အမှာစာတွင် အစိုးရဖွဲ့စည်းနိုင်ခဲ့လျှင် ဟူသော စကားရပ်ကို အထူးသတိပြုစေလိုပါ သည်။

ရွေးကောက်ပွဲကြေညာစာတမ်းပါ စာမျက်နှာ ၄၊ ၅ တွင် ဖော်ပြထားသည့် ကာကွယ်ရေးမူဝါဒနှင့် ပတ် သက်ပြီး အထူးစဉ်းစားစရာများကို တွေ့ရသည်။

(၁) တပ်မတော်သည် နိုင်ငံတော်အတွက် မရှိမဖြစ်လိုအပ်သော အဖွဲ့အစည်း ဖြစ်သည်။ တပ်မတော် သည် ဒီမိုကရေစီကျင့်စဉ်များကို ကာကွယ်ဖြည့်ဆည်းပေးသည့် ဂုဏ်သိက္ခာရှိသော အင်အားစုဖြစ်သည်။ တပ်မတော်သည် မရှိမဖြစ်ဆိုသည့် စကားရပ်က အားလုံးလက်ခံနိုင်သည့် အချက်ဖြစ်သည်ကို မငြင် ပါ။ နိုင်ငံတော်တွင် တပ်မတော်နည်းတူ မရှိမဖြစ်လိုအပ်သည့် အဖွဲ့အစည်းများလည်း ရှိသည်မှာလည်း ပြော စရာပင် မလိုပါ။ သို့သော် ဒီမိုကရေစီ ကျင့်စဉ်များကို ကာကွယ်ဖြည့်ဆည်း ပေးသည့်ဟူသော စကားရပ်က အတွေးပွားစရာပင် ဖြစ်သည်။ ဒီမို ကရက်တစ်နိုင်ငံတွင် အဆိုပါစာသားသည် ဘာမျှထူးခြားသည့် စာသားမဟုတ်ပါ။ သို့သော် အရပ်ဘက်-စစ်ဆက်ဆံရေး အတိမ်းအစောင်းမခံသည့် အခြေအနေရှိ မြန်မာနိုင်ငံတွင် ဒီမိုကရေစီကျင့်စဉ် ကို ကာကွယ်ဖြည့်ဆည်းပေးသည့် ဟူသော စကားရပ်က သက်ဆိုင်ရာ အဖွဲ့အစည်းတစ်ခုကို တပ်လှန့် သလို ဖြစ်သွားစေသလားဟူသောအချက်ကို စဉ်းစားမိသည်။ လက်ရှိ မြန်မာနိုင်ငံသည် ဒီမိုကရက်တစ်ကျသော နိုင်ငံဖြစ်နေပြီဟု လုံးဝသတ်မှတ်၍ မရနိုင်သေးပါ။ တပ်မတော်သည် ဒီမိုကရေစီကျင့်စဉ်ကို မည်သို့မည်ပုံ ကာကွယ်ဖြည့်ဆည်းရမည်နည်း၊ တပ်မတော်ကို မည်ကဲ့သို့ ဆောင်ရွက်ပြုမူပါမှ ဒီမိုကရေစီကျင့်စဉ်ကို ကာကွယ်ရာရောက်သည်၊ ဖြည့်ဆည်းပေးသည်ဟု သတ်မှတ်မည်နည်း။ နိုင်ငံရေးစင်မြင့်မှ ထွက်ခွာပြီး စစ်တန်းလျားသို့ ပြန်ရုံပြန်ခြင်းသည် ဒီမိုကရေစီ ကျင့်စဉ်ကို ကာကွယ်ဖြည့်ဆည်းရာ ရောက်သည်ဟု ယူဆလျှင် မတွေးရဲပါ။

(၂) နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ပထဝီသဘော၊ သဘာဝအခြေအနေများနှင့် ကိုက်ညီသော မဟာဗျူဟာအရ စစ်ရေးစွမ်းရည် ထက်မြက်၍ နည်းပညာပိုင်းဆိုင်ရာ တိုးတက်သော တပ်မတော်အဖြစ် ခေတ်မီ၍ အဆင့်အတန်းမြင့်မားအောင် တည်ဆောက်သွားမည်။ အလွန်တရာ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမည့် အချက်ဖြစ်သည်။ ယခင်က ဒုတိယဗိုလ်မှူးကြီးအထက် တပ်မတော်အရာရှိကြီးများကို ဖယ် ထုတ်ပြီး ကာကွယ်ရေးအတွက် နိုင်ငံခြားစစ်တပ်များကို အခကြေးငွေဖြင့် ငှားရမ်းထမ်းဆောင်စေမည် ဟူသော အယူအဆသည် တစ်ချိန်တစ်ခါတုန်းက ရှိခဲ့ဖူးပါသည်။ သို့သော် ယခု ခေတ်မီတပ်တော် တည်ဆောက်ရေးကို မူဝါဒတစ်ရပ်အဖြစ် ရှေးရှုစဉ်းစားတင်ပြလာသည့်အချက်သည် ဖြစ်သင့် ဖြစ်ထိုက်သော မူဝါဒဟု ဆိုချင်သည်။

(၃) တပ်မတော်နှင့် နိုင်ငံတော် ကာကွယ်ရေးယန္တရားတစ်ရပ်လုံးသည် အုပ်ချုပ်ရေးမဏ္ဍိုင်ထဲ၌သာ တည်ရှိရန် ဦးတည်ဆောင်ရွက်မည်။ ဤအချက်သည် ရွေးကောက်ပွဲ ကြေညာစာတမ်းတွင် အနက်ရှိုင်း ဆုံးအချက်ဖြစ်သည်။ တည့်တိုးပြောရလျှင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ၂ဝ၁၆ -၂ဝ၂ဝ ကာလတွက် အစိုးရအဖွဲ့ တာဝန်ကို ထမ်းဆောင်ခွင့် ရရှိခဲ့ပါက ဥပဒေပြုရေးမဏ္ဍိုင်တွင်ရှိသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို အပြီးအပိုင်ထုတ်ဖယ်ပစ်မည်လော ဟူ၍ ဖြစ်သည်။ ဥပဒေပြုရေးမဏ္ဍိုင်တွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ကို မထားတော့ဟု အနက်ရပါ သည်။ ဆက်လက်စဉ်းစားမိသည်မှာ အုပ်ချုပ်ရေးမဏ္ဍိုင်ထဲဟူသော စကားရပ်ဖြစ်သည်။ သို့အတွက် ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာဝန်ကြီး ရာထူးသုံးနေရာ ခန့် ထားမှုကို မည်သို့မည်ပုံရှေ့ဆက် စခန်းသွားမည်နည်း။ ဝန်ကြီးသုံးနေရာကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ခန့်အပ်ထားမှုအပေါ် ဆက်မှီတည်နေမည်လား၊ မမှီတည် တော့မည်လားဟု မေးစရာရှိသည်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ကာကွယ်ရေးဝန်ကြီး လက်အောက်တွင် ထားရှိမည်လားဟု မေးစရာရှိသည်။ နောက်တစ်ချက်စဉ်းစားရန်မှာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖြစ်သည်။ ကာလုံတွင် မည်သို့မည်ပုံ ပြောင်းလဲဖွဲ့စည်းမည်နည်း။ ကာလုံကို ဖျက်သိမ်းမည် လော။ ကာလုံကို ဖျက်သိမ်းလျှင် မည်သို့ ဆက်ဖြစ်ပွားနိုင်မည်နည်း။ တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်လျှင် တာဝန်နှစ်ခုသာ ရှိပါသည်။ တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်နှင့် ထိုအခြေခံဥပဒေ၏ ပေးထားချက် ဘောင်အတွင်းသာ နေရန်ဖြစ်သည်။ ထို့ကြောင့် ယခုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ကြေညာစာတမ်းတွင် ဖော်ပြထားသည့်အတိုင်း တပ်မတော်ကို အုပ်ချုပ်ရေးမဏ္ဍိုင်တွင် တည်ရှိရန် ဦးတည်ဆောင်ရွက်မည်ဟူသော အချက်က တပ်မတော်ကို ဥပဒေပြုရေးမဏ္ဍိုင်မှ ထွက်ခွာရန် အချက်ပြခြင်းဖြစ်သည်လောဟု စဉ်းစားချက်ရသည်။

(၄) ပြည်သူတို့၏ ယုံကြည်အားကိုးလေးစားသော တပ်မတော် ဖြစ်မြောက်ရေးမူအပေါ် ရပ်တည် ဆောင်ရွက်ရမည်။ ကြိုက်ကြိုက်၊ မကြိုက်ကြိုက် တပ်မတော်အပေါ် လူထု၊ လူတန်းစား အလွှာသီးသီးတို့သည် တပ်မတော်နှင့် ပတ်သက်လျှင် သတိကြီးစွာထားဖြစ်ကြပါသည်။ ထို့ပြင် သမိုင်းစဉ်ဆက်လွှမ်းမိုးမှု၊ သက်ရောက်မှုသည် ယခုမျိုးဆက်သစ် တပ်မတော်အပေါ်တွင် ကြီးမားစွာ သက်ရောက်နေတုန်း ဖြစ်ပါသည်။ ထို့ကြောင့် ယုံကြည်အားကိုးလေးစားသော တပ်မတော်ဖြစ်ရောက်မူ သည် လိုအပ်ပါသည်။ သို့သော် ယုံကြည်အားကိုးလေးစားရသော တပ်မတော်ဖြစ်မြောက်ရေးမူသည် တပ်မတော်ကို အုပ်ချုပ်ရေးမဏ္ဍိုင်ထဲ၌ထားရှိရန် ဦးတည်ဆောင်ရွက်မည်ဟူသောအချက်နှင့် ချိတ်ဆက် နေသလားဟုလည်း အတွေးပွားစရာ ဖြစ်သည်။

(၅) တရားဥပဒေ စိုးမိုးရေး အောက်တွင် ဥပဒေများနှင့်အညီ ဆောင်ရွက်သော လွတ်လပ်သည့် ရဲတပ်ဖွဲ့ဖြစ်ရမည်။ တရားဥပဒေစိုးမိုးရေးအတွက် ရဲတပ်ဖွဲ့၏ ခိုင်မာအားကောင်းမှုသည် မရှိမဖြစ် လိုအပ်ပါသည်။ လက်ရှိရဲတပ်ဖွဲ့သည် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံဖြစ်သည်။ ပြည်ထဲရေးဝန်ကြီးသည် ကာကွယ်ရေးဦးစီးချုပ်၏ ခန့်အပ်ခံ ပုဂ္ဂိုလ်ဖြစ်သည်။ ထို့ကြောင့် ရဲတပ်ဖွဲ့သည် တပ်မတော်၏ Young Brother ပုံစံ၊ အသွင်ကို ရောက်နေသည်။ ရဲတပ်ဖွဲ့ကိစ္စရပ်ကို ရဲတပ်ဖွဲ့က လွတ်လွတ်လပ်လပ် ဆောင်ရွက် နိုင်ခွင့်သည် တိုက်ရိုက်၊ သွယ်ဝိုက်၊ ဘေးတိုက်ပါ လွတ်လပ်ဖို့ လိုပါသည်။ ပြည်ထဲရေးဝန်ကြီးကို တပ် မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ရမည်ဟူသော အချက်ကို ပယ်ဖျက်ရန် လမ်းစပင်လောဟု သို့လော သို့လော တွေးစရာဖြစ်သည်။ ထိုသို့ဖြစ်လျှင် ဒီမိုကရက် တစ်နိုင်ငံအဖြစ် အသွင်ကူးပြောင်းနေသော မြန်မာနိုင်ငံအတွက် အလွန်ကောင်းမွန်သော ခြေလှမ်းဖြစ်သလို စိန်ခေါ်မှု များသော ခြေလှမ်းဟု ဆိုချင်သည်။

(၆) မိမိတို့၏ တာဝန်များကို ကျေပွန်စွာထမ်းဆောင်နိုင်ရန်အတွက် နိုင်ငံတကာ အရည်အသွေးမီသည့် ရဲတပ်ဖွဲ့ဖြစ်စေရန် ဦးတည်သည်။ စင်စစ် ရဲတပ်ဖွဲ့သည်လည်း အတိုင်းအတာတစ်ခုအထိ လူထုက သတိကြီးစွာထား၍ စောင့်ကြည့်လျက်ရှိသည်။ သို့သော် တပ်မတော်လောက် သိပ်သည်းမှု မများလှပါ။ တရားဥပဒေစိုးမိုးရေး သော့ချက်တွင် ရဲတပ်ဖွဲ့သည် အဓိက instrument ဖြစ်ပါသည်။ ငြင်းစရာမလိုပါ။ သို့သော် Police Reform ကို စဉ်းစားလျှင် Reform Package အလိုက် စဉ်းစားဖို့ လိုပါသည်။ ဟိုတစ်စ၊ သည်တစ်စ Reform လုပ်ရန် အဆင်မပြေလှဟု ထင်ပါသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ လုံခြုံရေးနှင့်ကာကွယ်ရေး မူဝါဒများသည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ အရပ်ဘက်-စစ် ဘက်ဆက်ဆံရေး၊ ပြည်တွင်းငြိမ်း ချမ်းရေး၏ အခြေအနေအရပ်ရပ်ပေါ်မူတည် ဆုံးဖြတ်လုပ်ကိုင်ရန်လိုမည် ထင်ပါသည်။ မည်သို့ပင်ဆိုစေ Red Line ကို မကျော်ဖို့ အရေးကြီးပါ သည်။

ကိုဇန်

thetradetimes

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ