Wednesday, September 16, 2015

အမတ်လောင်းရွေးရာတွင် ပါတီစွဲ ပုဂ္ဂိုလ်စွဲ မထားဘဲ ရွေးချယ်ရန်တိုက်တွန်းသည့် ဦးဝီရသူအား NLD ပါတီထောက်ခံ သူများ ရုန့်ရင်းကြမ်းတမ်းစွာ ဆဲဆိုမှု သံဃာတော်များ စိတ်မကောင်းဖြစ်





မဘသဦးဆောင် ဆရာတော်တစ်ပါးဖြစ်သူ မန္တလေးမြို့မစိုးရိမ်တိုက်သစ်မှ နာယက ဆရာတော်ဦးဝီရသူအား ဧရာဝတီ သတင်းဌာနက အင်တာဗျူးပြုလုပ်ရာတွင် ပြည်သူများအနေဖြင့် အမတ်လောင်းရွေးရာတွင် ကိုယ်မြို့၊ ကိုယ့်ရွာအတွက် ယုံကြည်ရတဲ့ စိတ်ချရတဲ့ အားကိုးထိုက်တဲ့ လက်ရုံးရည်၊ နှလုံးရည်နဲ့ ပြည့်စုံတဲ့ အမတ်လောင်းတွေကို ပါတီစွဲ ပုဂ္ဂိုလ်စွဲ မထားဘဲနဲ့ ရွေးချယ်ကြဖို့  တိုက်တွန်းပါတယ်ဟု ဆရာတော်၏ ပြောကြားမှုအား NLD ပါတီကို ထောက်ခံသူများက ဦးဝီရသူနှင့် မဘသအဖွဲ့အား ရုန့်ရင်းကြမ်းတမ်းစွာဖြင့် အွန်လိုင်းတွင်ဆဲဆိုနေကြသဖြင့် များစွာစိတ်မကောင်းဖြစ်မိသည်ဟု သံဃာတော်များက မိန့်ကြားသည်။

“ဦးဝီရသူ ပြောတဲ့ထဲမှာ ဘယ်သူ့ကို မဲပေးပါ၊ ဘယ်ပါတီကို ထောက်ခံကြပါလို့  မပါပါဘူး။ ဦးဝီရသူ ပြောသွားတာက ဘုန်းကြီးတို့အနေနဲ့ ဘယ်ပါတီကို မဲပေးပါလို့လည်း မပြောကောင်းဘူး။ ဘယ်ပါတီကို မဲမပေးပါနဲ့လို့လည်း မပြောကောင်းဘူး။ ပါတီတစ်ခုခုကို ယိုင်တာမျိုးတော့ မရှိဘူး။ ပါတီတိုင်း ပါတီတိုင်းမှာ ရှိတဲ့ ပုဂ္ဂိုလ်တွေကိုတော့ စိစစ်ရမယ်။ ကောင်းတဲ့ ပုဂ္ဂိုလ်တွေ ရှိသလို မကောင်းတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ ညံတဲ့ ပုဂ္ဂိုလ်တွေ ရှိသလို တော်တဲ့ပုဂ္ဂိုလ်တွေလည်း ရှိတယ်။ အကောင်းဆုံး အတော်ဆုံး ပုဂ္ဂိုလ်တွေကို ရွေးပြီးတော့ မဲပေးကြပါလို့ ပြောသွားတာပါ။ လောကီဘက်ကပဲ ကြည့်ကြည့်၊ လောကုတ္တရာ ဘက်ကပဲ ကြည့်ကြည့်အမှန်တရားပါ။ ဘယ်ဘက်ကိုမှ အစွန်းမ
ရောက်ပါဘူး။ ဒါကို ဦးဝီရသူကို ဆဲဆိုနေလိုက်ကြတာ မြင်မကောင်းဘူး။ ဦးဝီရသူနဲ့ မဘသကို ဆဲဆိုနေကြတာ ဘယ်ဘာသာဝင် တွေလဲဆိုတာတော့ မသိပါဘူး။ ဒါပေမယ့် ဘယ်သူ့ကို၊ ဘယ်ပါတီကို ထောက်ခံသူတွေလဲဆိုတာတော့ သူတို့ ပရိုဖိုင်းကို ဝင်ကြည့်ရင်သိပါတယ်။ ဒါကြောင့် အင်မတန်လဲ စိတ်မကောင်းဖြစ်မိသလို ဘာသာ၊ သာသနာအတွက် ပိုပြီးစိုးရိမ်မိပြီးတယ်” ဟု မန္တလေးမြို့မှ ဆရာတော် ဦးပညာဝံသ က မိန့်ကြားသည်။

“ဦးဇင်းတို့ ဗုဒ္ဓဘာသာဆိုတာ ဘယ်သာသာကိုမှ ပုတ်ခတ်စော်ကားတဲ့ဘာသာ မဟုတ်ပါဘူး။ ကျန်တဲ့ဘာသာကို ပုတ်ခတ်စော်ကားရင်လဲ ဗုဒ္ဓဘာသာစစ်စစ်လို့ ဆိုနိုင်မှာ မဟုတ်ဘူး။ မည်သည့်ဘာသာတရားမဆို ကျန်တဲ့ဘာသာကို တိုက်ခိုက်စော်ကားခြင်းမပြုပဲ ခိုင်မာအောင် ကာကွယ် စောင့်ရှောက်ခွင့်ရှိတယ်လို့  ယုံကြည်ပါတယ်။ အခုပြဌာန်းလိုက်တဲ့ မျိုးစောင့်ဥပဒေတွေဆိုတာဟာလဲ သူများကို ရန်စတဲ့တိုက်စစ်ဥပပေတွေ မဟုတ်ပါဘူး။ ခံစစ်ဥပဒေတွေ သက်သက်ပါ။ သမ္မတ ဦးသိန်းစိန်လို အမျိုး၊ ဘာသာ၊ သာသနာကို အလေးထားတဲ့ နိုင်ငံခေါင်းဆောင်ရှိလို့သာ ဒီလိုဥပဒေတွေကို ပြဌာန်း နိုင်တာပါ။ အဲဒီအတွက် သမ္မတဦးသိန်းစိန်ကို ကျေးဇူးတင်တယ်လို့  ဦးဝီရသူ ပြောတာ ဘာအမှားရှိလို့လဲ။ အမျိုး။ ဘာသာ၊ သာသနာကို ထိမ်းသိမ်းကာကွယ်စောင့်ရှောက်လိုသူတိုင်း ကျေးဇူးတင်သင့်တာပဲ” ဟု ဆရာတော် ဦးအာဒိစ္စကလည်း မိန့်ကြားခဲ့သည်။

ဧရာဝတီ သတင်းဌာနနှင့်အင်တာဗျူးတွင် ဦးဝီရသူက အချစ်တရား၊ အမုန်းတရား၊ အကြောက်တရားနဲ့ မသိတရားလို့ ခေါ်တဲ့  အဲဒီ ၄ ခုကို ရှောင်ရှားပြီးတော့ ကိုယ်မြို့၊ ကိုယ့်ရွာအတွက် ယုံကြည်ရတဲ့ စိတ်ချရတဲ့ အားကိုးထိုက်တဲ့ လက်ရုံးရည်၊ နှလုံးရည်နဲ့  ပြည့်စုံတဲ့  အမတ်လောင်းတွေကို ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ မထားဘဲနဲ့ ရွေးချယ်ကြရန် တိုက်တွန်းနေကြောင်း၊ နိုင်ငံတကာက ဖိအားပေးနေတဲ့ ကြားထဲကနေပြီးတော့ မျိုးစောင့် ဥပဒေတွေကို အကောင်အထည်ဖော်ပေးနိုင်တဲ့ သမ္မတကြီးကိုတော့ အထူးကျေးဇူးတင်ကြောင်း။ ဒုတိယ သက်တမ်းအနေနဲ့  ဦးသိန်းစိန် သမ္မတ ဆက်လုပ်မယ်ဆိုရင် လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြောင်း၊ ဘယ်ပါတီကို မဲပေးပါလို့ မပြောကောင်းသလို ဘယ်ပါတီကို မဲမပေးပါနဲ့လို့လည်း မပြောကောင်းကြောင်း၊ ပါတီတစ်ခုခုကို ယိုင်တာမျိုးတော့ မရှိကြောင်း၊ ပါတီတိုင်း ပါတီတိုင်းမှာရှိတဲ့ ပုဂ္ဂိုလ်တွေက စိစစ်ပြီး အကောင်းဆုံး အတော်ဆုံး ပုဂ္ဂိုလ်တွေကို ရွေးရန်သာ တိုက်တွန်းကြောင်း၊ NLD ပါတီကို ၂၀၁၂ ရခိုင် အရေးအခင်းပြီးကတည်းက သံသယဖြင့် စောင့်ကြည့်လာခဲ့ကြောင်း၊ နိုင်ငံသားဆိုရင် တရုတ်ဖြစ်စေ မွတ်စလင်ဖြစ်စေ ပါတီထဲမှာ ရှိနေတာကို မကန့်ကွက်ကြောင်း၊ သို့သော်လည်း အရေးရယ် အကြောင်းရယ် ဆိုလျှင် ကိုယ့်လူမျိုး ကိုယ့်ဘာသာ၊ ကိုယ့်နိုင်ငံဘက်မှ ရပ်တည်တဲ့သူကိုသာ လိုလားကြောင်း၊ သို့ရာတွင် ယခုချိန်ထိ ထိုသို့ရပ်တည်မှု မတွေ့ရသေးသည့်အတွက် ဆက်လက်ပြီး စောင့်ကြည့်နေကြောင်း မိန့်ကြားခဲ့သည်။

No comments:

Post a Comment

Pages

လာရောက်ကြည့်ရှုသည့် နိုင်ငံများ