ဒီမိုကရေစီအသွင်ကူးပြောင်းရေး တတိယအဆင့်အဖြစ် လက်နက်ကိုင်ပဋိပက္ခ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များကို ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ယင်းပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်နိုင်သိန်းက ပြောသည်။
‘‘တတိယအဆင့်ဖြစ်တဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးအဆင့်ကနေပြီးတော့မှ ဒီမိုကရေစီ ရှင်သန်ဖွံ့ဖြိုးရင့်ကျက်ခိုင်မာတဲ့ အဆင့်ကို ဆက်လက်ကူးပြောင်းဖို့ပဲ ဖြစ်ပါတယ်။ ဒါကတော့ အချိန် အတိုင်းအတာအရ လာမယ့် ငါးနှစ်သက်တမ်းမှာ ဆက်လက်ပြီးတော့မှ ကြိုးပမ်းဆောင်ရွက်သွားရမယ့် အပိုင်း ဖြစ်ပါတယ်’’ဟု စက်တင်ဘာ ၂၈ ရက်က နေပြည်တော် ဇေယျသီရိမြို့နယ် ပြည်စံအောင် ရပ်ကွက်တွင် ပြုလုပ်သည့် ပြည်ခိုင်ဖြိုးပါတီကိုယ်စားလှယ်လောင်းများ မိတ်ဆက်ပွဲနှင့်ပါတီဝင်များနှင့် တွေ့ဆုံပွဲ၌ ဦးတင်နိုင်သိန်းက ပြောကြားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို အဆင့်သုံးဆင့်ဖြင့် ဆောင်ရွက်ခဲ့ရာ အဆင့်နှစ်ဆင့်တွင် အောင်မြင်မှုအတိုင်းအတာ တစ်ခုအထိ ရရှိခဲ့ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေး တတိယအဆင့်အတွက် ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမည်ဟု ဆိုသည်။
ပြည်ခိုင်ဖြိုးပါတီနှင့် အစိုးရအဖွဲ့၏ ကြိုးပမ်းဆောင်ရွက်မှုကြောင့် မိဘပြည်သူများ၏ လိုအင်ဆန္ဒနှင့် လိုအပ်ချက်များကို အချိန်တိုအတွင်း ရာနှုန်းပြည့် မဖြည့်ဆည်းပေးနိုင်သော်လည်း အတိုင်းအတာ တစ်ခုအထိ ပြည်သူများ၏ လူမှုအကျိုးစီးပွားတိုးတက်ရေးကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း ၎င်းက ပြောသည်။
ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်လောင်း မိတ်ဆက်ပွဲနှင့် ပါတီဝင်များတွေ့ဆုံပွဲတွင် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ကြမည့် ပါတီကိုယ်စားလှယ်လောင်းများဖြစ်သည့် ဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးလှဌေးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ဦးဝေလွင်၊ ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး (ဟောင်း) ဦးမြတ်ဟိန်းတို့ အပါအ၀င် ကိုယ်စားလှယ်လောင်း ၁၀ ဦးနှင့် ပါတီဝင်ဦးရေ ၅,၀၀၀ နီးပါး တက်ရောက်ခဲ့ကြသည်။
No comments:
Post a Comment