အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အနေဖြင့် ဘာသာရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေးတွင် အသုံးချမည် မဟုတ်သလို ပါတီဝင်များ စည်းမျဉ်းချိုးဖောက်ပါကလည်း ကြည့်နေမည်မဟုတ်ဟု အင်န်အယ်လ်ဒီ ပါတီဥက္ကဋ္ဌ ဖြစ်သူ ဝါရင့်အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။
"ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း ဘာသာရေးကို နိုင်ငံရေးမှာ မသုံးရဘူးဆိုတာ တားဆီးထားပါတယ်။ ကျွန်မတို့အဖွဲ့ချုပ်ကတော့ နည်းနည်းလေးမှ စည်းမျဉ်းဥပဒေ လွဲချော်တဲ့ကိစ္စတွေမလုပ်ဘူး။ လုပ်လို့ရှိရင်လည်း ကြည့်နေမှာမဟုတ်ဘူး" ဟု ဒေါ်အောင်ဆန်းစုကြည်က ရမည်းသင်းမြို့၊ ကျောင်းဖြူကုန်းကွင်းတွင် စက်တင်ဘာ ၁၉ရက်က ပြုလုပ်သည့် ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်
သည်။
သည်။
ဒေါ်အောင်ဆန်းစုကြည်က ၎င်းကိုယ်တိုင်လည်း ဘာသာရေးကိုအသုံးချသည့် နိုင်ငံရေးကိစ္စများကို လုံးဝပြောဆိုခဲ့ခြင်းမရှိဘဲ "ကျွန်မတို့ဟာ အမြဲပဲ သန့်သန့်ရှင်းရှင်းလုပ်ပါတယ်" ဟု ဆိုသည်။
ရွေးကောက်ပွဲအောင်နိုင်ရေးမဲဆွယ်ရာတွင် ဘာသာရေးကိုအသုံးချပြီး သွေခွဲခြင်းနှင့် ပဋိပက္ခများ ဖြစ်လာနိုင်သည့် အခြေအနေကို စိုးရိမ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာသံရုံး(၉)ခုက အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ဖြစ်သော စက်တင်ဘာ ၁၅ရက်တွင် ထုတ်ပြန်ကြေငြာထားသည်။
မြန်မာအစိုးရအနေဖြင့် အဆိုပါ ထုတ်ပြန်ချက်သည် အပြုသဘောမဆောင်ဘဲ မလိုလားအပ်သော အခြေအနေများ ဖြစ်ပေါ်စေနိုင်သည်ဟုဆိုကာ သံရုံး(၉)ခု၏ ကြေငြာချက်ထုတ်ပြန်အပြီး နောက်တစ်ရက် တွင် ပြန်လည်တုံ့ပြန် ခဲ့သည်။
နိုဝင်ဘာ ၈ရက်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ပါတီဝင်အမတ်လောင်းထက် ပါတီတံဆိပ်ကိုသာ ကြည့်ပြီး ပြည်သူများမဲပေးကြရန် တစိုက်မတ်မတ်ပြောဆိုလာသည့် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ပါတီအနိုင်ရရှိပြီး အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ပါက အဂတိလိုက်စားမှု ကင်းစင်စေရမည်ဟုလည်း ရမည်းသင်းဟောပြောပွဲတွင် ဒေသခံများကို ကတိပေးပြောဆိုသွားသည်။
"ကျွန်မတို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို မဲပေးပါလို့ တောင်းရတဲ့အကြောင်းက ကျွန်မတို့ဟာ အစိုးရအဖွဲ့တစ်ခု ထူထောင်ချင်လို့ပါ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရဖွဲ့ရင် အဂတိလိုက်စားမှု ကင်းစေရမယ်လို့ ပြောချင်ပါတယ်" ဟု ၎င်းက ကတိပေးခဲ့သည်။
ထို့ပြင် NLDပါတီ အစိုးရဖွဲ့နိုင်ပါက နိုင်ငံတစ်ကာအကူအညီများလည်း ရရှိလာမည်ဖြစ်ပြီး အဆိုပါ အကူအညီများမှာလည်း ပြည်သူလူထုထံ တိုက်ရိုက်ရောက်ရှိစေရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ထပ်မံကတိပေးခဲ့သေးသည်။
ရမည်းသင်းမြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီကိုယ်စားပြုပြီး လက်ရှိ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်လည်း အမျိုးသားလွှတ်တော်နေရာတွင် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြုကာ ပြည်သူ့လွှတ်တော်နေရာတွင် ဦးထွန်းထွန်းဝင်း၊ အမျိုးသားလွှတ်တော်နေရာတွင် ဦးသောင်းထွန်းတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
http://mizzimaburmese.com
No comments:
Post a Comment