၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မဲလက်မှတ်သည် အ၀ါရောင်ဖြစ်ပြီး အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းခြင်းဖြစ်ကာ လုံခြုံရေး တိုးမြှင့်ထားသော စက္ကူအမျိုးအစားဖြစ်ပြီး မဲလက်မှတ်များ စတင်ရိုက်နှိပ် လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလုပ်ငန်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးအောင်မျိုးမြင့်က ပြောကြားသည်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မဲလက်မှတ်များ ရိုက်နှိပ်ရန် လုပ်ငန်းအပ်နှံ၍ စတင်ရိုက်နှိပ် ဆောင်ရွက်နေမှုများအား စက်တင်ဘာ ၁၇ ရက်တွင် ရန်ကုန်မြို့၌ မီဒီယာများအား တွေ့ဆုံ ရှင်းလင်းခဲ့သည်။
အဆိုပါ မဲလက်မှတ်များ ရိုက်နှိပ်ရန် အင်ဒိုနီးရှားနိုင်ငံမှ စက္ကူတင်သွင်းခွင့်အား မီဂါလင့်ကုမ္ပဏီက တင်ဒါအောင်မြင်၍ တင်သွင်းခဲ့ခြင်းဖြစ်ပြီး စက္ကူတန်ချိန် ၁၀၅၀ တန်ဖြစ်ကာ တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၁၄၃၅ ဖြစ်ကြောင်း၊ စက္ကူအမျိုးအစားမှာ Woodfree Paper 80 gsm ဖြစ်ကြောင်း၊ အဆိုပါစက္ကူတွင် အတုအပ မပြုလုပ်နိုင်ရန် ရွေးကောက်ပွဲ ကော်မရှင်၏ အမှတ်တံဆိပ် လုံခြုံရေး ရေစာပါဝင်ပြီး မီဒီယာများအား လက်တွေ့ပြသခဲ့သည်။
ယခင် ၂၀၁၀ ရွေးကောက်ပွဲနှင့် ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲတွင် မဲလက်မှတ် ရိုက်နှိပ်ရာတွင် အသုံးပြုခဲ့သည့် စက္ကူအမျိုးအစားသည်လည်း အင်ဒိုနီးရှားနိုင်ငံမှ တင်သွင်းခဲ့ခြင်းဖြစ်ပြီး Hard Wound Paper 105 gsm စက္ကူတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၇၉ ဖြစ်ကြောင်းသိရပြီး ထိုသို့စက္ကူ တစ်တန်လျှင် ယခင်နှင့်ယခုဈေးနှုန်း အမေရိကန်ဒေါ်လာ ၉၀၀ ကျော် ကွာဟနေခြင်းကို မည်သည့်အတွက်ကြောင့် မှာယူရိုက်နှိပ်ရခြင်းအား သိရှိလိုကြောင်း သတင်းထောက်တစ်ဦး၏ မေးမြန်းမှုအား လုံခြုံရေးတိုးမြှင့်ထားသည့် အမျိုးအစား ဖြစ်သောကြောင့်ဖြစ်ကြောင်း ဦးအောင်မျိုးမြင့်က ပြောကြားသည်။
“အာမခံနိုင်မှု ရှိပါတယ်။ ကျွန်တော်တို့က အပ်တယ် ဆိုကတည်းက ပေါက်ကြားမှု မရှိရေး လုံခြုံရေး အစီအမံတွေအားလုံး ကျွန်တော်တို့ ကြိုတင်ပြီးတော့ စီမံထားတာကြောင့်မို့လို့ မဲလက်မှတ်တွေဟာ ဘယ်လိုမှ အင်ဒိုနီးရှားနိုင်ငံမှာ ကျွန်တော်တို့ သွားအပ်တဲ့စက်ရုံသည် သူ့နိုင်ငံမှာ ငွေစက္ကူလုပ်တဲ့ အဆင့်ရှိပါတယ်။ အဲဒါကြောင့် အဲဒီစက်ရုံမှာ ကျွန်တော်တို့က MoU လက်မှတ်ထိုးပြီး လုပ်တာဖြစ်တဲ့ အတွက်ကြောင့် ဒီစက္ကူသည် အခြားတစ်နေရာကနေ ပေါက်ကြားပြီး ထွက်လာတာမျိုး စက်ရုံကလည်း လက်မခံပါဘူး။ ကျွန်တော်တို့ကလည်း လက်မခံပါဘူး။ ဒီပေါ်မှာ ကျွန်တော်တို့က စာချုပ်စာတမ်းတွေနဲ့ သေချာလုပ်ထားတာ ဖြစ်ပါတယ်။ နောက်ပြီးတော့ ကျွန်တော်တို့ကိုပို့တဲ့ စက္ကူတွေမှာလည်း Lot နံပါတ်တွေအတိုင်းပဲ သေချာ ကျွန်တော်တို့ရဲ့ ဂိုထောင်တွေထဲမှာ စနစ်တကျ လုံခြုံရေး အစီအမံတွေနဲ့ ထားတာဖြစ်ပါတယ်။ အဲဒီကရိုက်တဲ့ စက်တွေမှာလည်း ကျွန်တော်တို့ စက္ကူဆိုတာရိုက်ရင် အပျက်ရှိမှာပဲ။ အဲဒီအပျက်တွေ ပေါ်မှာလည်း လုံခြုံရေး အစီအမံတွေနဲ့ ဘယ်လိုထိန်းသိမ်းထားတယ်။ ဘယ်လိုဖျက်ဆီးမယ်ဆိုတဲ့ လုံခြုံရေး အစီအမံတွေ ရှိတဲ့အတွက်ကြောင့် ကျွန်တော်တို့ ရိုက်နှိပ်နေတဲ့ ဌာနအနေနဲ့ အာမခံကြောင်း ပြောလိုပါတယ်” ဟု ဦးအောင်မျိုးမြင့်က ပြောကြားသည်။
ယင်းဆန္ဒမဲ လက်မှတ်များကို ရန်ကုန်နှင့် နေပြည်တော်တွင် နေရာခွဲကာ ပုံနှိပ်ရိုက်နှိပ် နေခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များ လုံခြုံရေးရယူကာ ဆောင်ရွက်လျက်ရှိကြောင်း ဦးအောင်မျိုးမြင့်က ပြောကြားသည်။
တစ်နိုင်ငံလုံး အတိုင်းအတာအတွက် မဲလက်မှတ် ၁၂၅ ဒသမ ၅၅ သန်း ရိုက်နှိပ်ရန် လျာထားပြီး ပြည်သူ့လွှတ်တော် အမျိုးပေါင်း ၃၃၀ အတွက် စောင်ရေ ၄၀ ဒသမ ၄ သန်း၊ အမျိုးသားလွှတ်တော် အမျိုးပေါင်း ၁၆၈ အတွက် စောင်ရေ ၃၈ ဒသမ ၃၅ သန်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် အမျိုးပေါင်း ၆၃၆ အတွက် စောင်ရေ ၃၉ ဒသမ ၆၃ သန်း၊ တိုင်းရင်းသားလူမျိုးစု ကိုယ်စားလှယ် အမျိုးပေါင်း ၂၉ အတွက် စောင်ရေ ၇ ဒသမ ၁၇ သန်း တို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင် အဆိုပါ ရေစာပါသည့် စက္ကူပေါ်တွင် ပိုမိုလုံခြုံမှုရှိရန် မဲလက်မှတ် နောက်ကျောတွင် ကော်မရှင် အမှတ်တံဆိပ်အား ပြည်သူ့လွှတ်တော်အတွက် အစိမ်းရောင် လေးထောင့်ကွက်၊ အမျိုးသား လွှတ်တော်အတွက် အပြာရောင် ဆဋ္ဌဂံအကွက်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော်အတွက် မရမ်းရောင် အ၀ိုင်းကွက်၊ တိုင်းရင်းသားလူမျိုးစု လွှတ်တော် ကိုယ်စားလှယ်များအတွက် မရမ်းရောင် အ၀ိုင်းကွက်ဖြင့် ရိုက်နှိပ်ထားကြောင်း သိရသည်။
Writer:
ကျော်ဇင်ဝင်း
No comments:
Post a Comment