ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်နယ်သို့ လာရောက် မဲဆွယ်ရန်စီစဉ်ခြင်းသည် NLD ပါတီ လောဘကြီးခြင်းသာဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌဒေါက်တာအေးမောင်က ဝေဖန်လိုက်သည်။
“လာခြင်းအားဖြင့်လည်းမထူးပါဘူး။ကျွန်တော်တို့ကလည်းထိန်းချုပ်ထားပြီးပြီ။ ရခိုင်အမျိုးသားရေး စိတ်ဓာတ်က ကိုယ့်ပြည်နယ် ကိုယ်အုပ်ချုပ်မှ ကိုယ်ဥပဒေ ကိုယ်ပြဋ္ဌာန်းနိုင်မှာ ဖြစ်မယ်ဆိုတဲ့ ယုံကြည်ချက် ခိုင်မာသွားပြီ”ဟု ဒေါက်တာ အေးမောင်က ပြောသည်။
ရခိုင်ပြည်နယ်သို့ ဒေါ်အောင်ဆန်းစုကြည်သွားသင့်သောအချိန်အခါ၊အခြေအနေ၊သွားခြင်းဖြင့် ထိခိုက်နိုင်မှု ကို မဟာဗျူဟာအရ ချိန်ဆနိုင်ရန်အရေးကြီးကြောင်း ဒေါက်တာအေးမောင်ကသုံးသပ်သည်။ ဒေါ်အောင်ဆန်းစုကြည်လာရောက်ခြင်းကို ရခိုင်အမျိုးသားပါတီသည်ကန့်ကွက်မည် မဟုတ်ကြောင်း၊ NLD သည် ပြည်ထောင်စုပါတီဆိုသောရည်ရွယ်ချက်ဖြင့် ချဉ်းကပ်ချင်ကြောင်း၊တိုင်းရင်းသားများသည် လွတ်လပ်ရေး အလွန်ကိုပြန်ကြည့်ပါက ပြည်မပါတီများ၏ လွှမ်းမိုးမှုကို ခံခဲ့ရကြောင်း ၎င်းက သုံးသပ်သည်။
“ကျွန်တော်တို့ ရှမ်းပြည်နယ်လည်းသွားတယ်။ ရှမ်းပါတီတွေရှိတာပဲ။ ကယားသွားလည်းကယားပါတီတွေ ရှိတာပဲ။ ရခိုင်မှာပဲရခိုင်ပါတီတွေရှိမယ်၊မထူးဆန်းဘူး။တိုင်းရင်းသားစည်းလုံးညီညွတ်ရေး လျှောက်ပြော ရင်လည်းအလကားပဲ။ NLD အောင်နိုင်ဖို့ မဲဆွယ်ဖို့သွားတာပါ”ဟု NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဝင်းထိန်ကပြောသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ်သို့ ဒီပဲရင်းအရေးအခင်းမဖြစ်မီ တစ်ခေါက်သွားရောက်ဖူးပြီး၊ နှစ်အတန်ကြာမှ ယခုကဲ့သို့ သွားရောက်ရန် စီစဉ်ခြင်းဖြစ်သည်။ အောင်တိုဘာလ ဒုတိယ သီတင်းပတ်တွင် ရခိုင်သို့သွားမည် ဖြစ်သည်။
No comments:
Post a Comment