ကျောက်ဖြူမြို့နယ်၊ ကြံချိုင်ကျေးရွာတွင် နွားများခွေးရူးကိုက်ခံရ၍ သြဂုတ်လ (၃၁ရက်နေ့က နွားမတစ် ကောင် သေဆုံးခဲ့ပြီး နောက်ထပ်နွားနှစ်ကောင်လည်းခွေးရူးပြန်ရောဂါဖြစ်ပေါ်နေရာ ပိုင်ရှင်ဖြစ်သူကိုပါ ခွေးရူးကာကွယ်ဆေးထိုးပေးခဲ့ရသည်ဟု သတင်းရရှိသည်။
“ ခွေးရူးကိုက်ခံရ၍ နွားရဲ့ပါးစပ်ကို ပိုင်ရှင်ဖြစ်သူက လက်နဲ့ထိုးထည့်တဲ့အချိန်မှာ အနာစနဲ့ ထိမထိ ထားတော့ နွားပိုင်ရှင်ကိုပါ ခွေးရူးရောဂါ ကူးစက်နိုင်တဲ့အတွက် ကာကွယ်ဆေးထိုးပေးထားရပါတယ်” ဟု မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ၀န်ထမ်းတစ်ဦးဖြစ်သူ ကျောက်ဖြူသွေးလှူရှင် အသင်း၏ အတွင်းရေး မှူး ဦးညွန့်သိန်းက ပြောသည်။နွားမှတဆင့် ခွေးရူးရောဂါကူးစက်နိုင်သည်ဟု ဦးညွှန့်သိန်းက ဆိုသည်။
“ နွားနေမကောင်းဖြစ်နေတယ်ဆိုလို့ နွားပိုင်ရှင်က ဖုန်းဆက်ပြီးခေါ်တော့ လိုက်သွားတယ်။ အဲဒီကို ရောက်တော့ နွားကခွေးရူးပြန်ရောဂါပေါ်နေပြီ။ ပိုင်ရှင်ကို ဘာတွေလုပ်ထားသလဲမေးကြည့်တော့ အပူဝင် တယ်ထင်လို့ နွားကို လည်ချောင်းထိုးပြီး အချွဲတွေစင်သွားအောင် လက်နဲ့ နှိပ်ထားတယ်လို့ပြောတယ်။ွှနွားပိုင်ရှင်ရဲ့လက်ကိုကြည့်လိုက်တော့ လက်မှာ အနာစတွေနဲ့တွေ့ရတယ်။ နွားပါးစပ်ကကျတဲ့အရည်နဲ့ လက်မှာရှိတဲ့ အနာစတွေနဲ့ ထိတွေ့မိရင် ရောဂါကူးစက်နိုင်ပါတယ်။ ဒါကြောင့် နွားပိုင်ရှင်ကို ဆေးရုံကို ခေါ်လာပြီးတော့ စိတ်ချရအောင် ခွေးရူးကာကွယ်ဆေးထိုးလိုက်ရတယ်” ဟု သူက ပြောသည်။
ကျောက်ဖြူမြို့နယ် ကြံချိုင်ကျေးရွာတွင် လွန်ခဲ့သောသုံးလခန့်က နွားများအားခွေးရူးကိုက်ခဲ့သောကြောင့် သြဂုတ်လ ၃၁ရက်နေ့က ၆ နှစ်ခန့် နွားမကြီးတစ်ကောင်သေဆုံးခဲ့ပြီး နောက်ထပ် ၁နှစ်သားနွားထီး တစ်ကောင်နှင့်၎နှစ်သား နွားထီးတစ်ကောင် ခွေးရူးပြန်ရောဂါပေါ်နေကြောင်း သိရသည်။
ခွေးရူးရောဂါကာကွယ်ဆေးထိုးခဲ့ရတဲ့ နွားပိုင်ရှင် ဦးချမ်းမောင်ဦး က “ နွားကို အပူရှိနေတယ်ထင်လို့ လည်ချောင်းထိုးလိုက်တယ်။ ပြီးတော့ အချွဲတွေအမြှုပ်တွေကို လက်နဲ့နှိပ်ပြီး ဖယ်လိုက်တယ်။ ခွေးရူးပြန်ဖြစ် နေတယ်လို့လည်း မထင်ဘူး။ လက်မှာ အနာစရှိရင် ရောဂါကူးစက်တယ်လို့လည်းမသိတော့ လက်နဲ့နှိပ်မိ လိုက်တယ်။ ဒါကြောင့် ဆေးရုံတက်ပြီးကာကွယ်ဆေးထိုးလိုက်ရတယ်” ဟုပြောသည်။
ခွေးရူးကိုက်၍ ခွေးရူးပြန်နေသောနွားကို တစ်ခြားနွားတွေနဲ့အတူမထားဘဲ သီးသန့်ခွဲခြားခိုင်းထား ကြောင်းနှင့် တစ်ခြားနွားတွေကိုလည်း စောင့်ကြည့်နေကြောင်း မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာကျော်နိုင်ဦး ကပြောသည်။
“ နွားတစ်ကောင်ခွေးရူးကိုက်ခံရလျှင် အကိုက်ခံရတဲ့ အနာအပေါ်မူတည်ပြီး ရောဂါပေါ်ချိန်ကြာမြင့် တတ်တယ်။ ဦးနှောက်နဲ့ နီးတဲ့နေရာကိုအကိုက်ခံရလျှင် ရောဂါပေါ်ချိန်ပိုမြန်နိုင်တယ်။ အကိုက်ခံရတဲ့ နေရာ အပေါ်မူတည်ပြီး ၃လ၊ ၄လမှ စသဖြင့် နှစ်ချီကြာမြင့်တတ်တယ်။ ခွေးရူးပြန်နေသောနွားရဲ့ ပါးစပ်မှထွက်သော အရည်အမြှုပ်တွေနဲ့ လူတွေရဲ့ခန္ဓာကိုယ်မှာရှိနေတဲ့ အနာစတွေနဲ့ ထိတွေ့ရင် ရောဂါကူးစက်နိုင်ပါတယ်။ အကိုက်ခံရတဲ့နွားမမှာ နို့စို့နွားကလေးရှိရင်လည်း အမိနို့ကတစ်ဆင့် ရောဂါ ရနိုင်ပါတယ်” ဟု ဒေါက်တာကျော်နိုင်ဦးကပြောသည်။
ကျောက်ဖြူမြို့တွင်လည်း သြဂုတ်လ၂၈ရက်နေ့က လူ ၁၁ဦး ခွေးရူး ကိုက်ခံရ၍ ခွေးရူး ကာကွယ်ဆေး ထိုးပေးခဲ့ရကြောင်း သိရသည်။
ကျော်ဝင်း
Arakan State
No comments:
Post a Comment